" အား......"
ထယ်ယောင်း အိပ်ရာထဲမှ အလန့်တကြားအော်ဟစ်ကာနိုးလာပြီး သူ၏မျက်လုံးတို့ကို အရင်စမ်းကြည့်မိသည်။ အိမ်မက်ထဲတွင် ထိုးဖောက်ခံထားရသည့်မျက်လုံးသည် အခုထိ နာကျင်နေသေးသလို ခံစားရသည်။ ပါးပြင်တစ်ခုလုံး ရွှဲနစ်နေသည့် မျက်ရည်များက သူဘယ်လောက်သနားခံပြီး ကြောက်လန့်တကြားငိုကြွေးနေမိခဲ့လဲဆိုတာကို သတ်သေပြလို့နေသည်။
အိမ်မက်တစ်ခုသာဖြစ်သော်လည်း သူအခုထိ ကြောက်လန့်ကာ နှလုံးခုန်နှုန်းများပင် စည်းချက်မညီသေးပေ။ ထယ်ယောင်းသည် ရင်ဘက်ကို အသာပုတ်လိုက်ပြီး ကိုယ့်ကိုကိုယ်ပြန်နှစ်သိမ့်လိုက်သည်။
" အိမ်မက်ပါပဲ...ငါအန္တရာယ်ကင်းတယ်...."
တစ်ညလုံးကောင်းစွာမအိပ်ရသေးသည့်အတွက် ထယ်ယောင်း မျက်တွင်းဟောက်ပတ်ဖြစ်နေ၏။ ကျိန်းစပ်နေသည့် မျက်လုံးများကို ခပ်ကြမ်းကြမ်းဖိပွတ်လိုက်ပြီး ရေချိုးခန်းဘက်သို့ ထွက်လာသည့်အခါ အစူးတစ်ခုကို တက်နင်းမိကာ အသံထွက်သည်အထိအော်ညီးမိလိုက်သည်။
" အား..."
သူ့ခြေထောက်ကိုသူပြန်ငုံ့ကြည့်သည့်အခါ ပြန့်ကျဲနေသည့်မှန်ကွဲစများကြောင့် တစ်ကိုယ်လုံးရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ အေးခဲသွားလေ၏။ ပြူးကျယ်နေသည့်မျက်လုံးများနှင့် သေးငယ်သွားသည့်မျက်ဆံများက ကြောက်ရွံမှုကြောင့် တုန်ရီနေကာ မျက်နှာချင်းဆိုင်ရှိ ပြတင်းပေါက်ကို မယုံနိုင်စွာမော့ကြည့်လာသည်။
ညတုန်းက သူအိမ်မက်ထဲကလို ပြတင်းပေါက်များကွဲနေခဲ့သည်။ ထယ်ယောင်းချွေးအေးများထွက်လာကာ အင်မတန်ကြောက်ရွံ့လာသည်။ တစ်ဆတ်တည်းမှာပဲ တစ်စုံတစ်ယောက်က စောင့်ကြည့်နေသလိုခံစားရတာကြောင့် ထယ်ယောင်း ဟိုကြည့်ဒီကြည့်ဖြင့် ကြောက်လန့်တကြားလိုက်ရှာမိသည်။
ထယ်ယောင်းမသိသည်က မြူခိုးလိုအရိပ်မည်းတစ်ခုသည် သူ၏သွေးထွက်နေသည့်ခြေထောက်ကို စိုးရိမ်တကြီးစိုက်ကြည့်နေတာပင်။ ဖမ်းဆုပ်လို့မရသည့် လက်များဖြင့် ထယ်ယောင်း၏ခြေထောက်ကို ဖမ်းဆုပ်နေကာ နာကျင်မှုသတ်သာသွားစေရန်ကြိုးစားနေဟန်ရှိသည်။