Chapter 764: နောက်ကွယ်မှ ကြိုးကိုင်သူ
“ သူတို့ ဘယ်လိုသေခဲ့သလဲ”
ဇူအန်၏ သိုင်းအဆင့်က အဆင့်၇ ၀န်းကျင်ဟု သိထားသဖြင့် ကျူရှီချီရှင်းက ဇူအန်မဟုတ်ဟု အရင်ဆုံးတွေးလိုက်သည်။ ဇူအန်က ကျင့်ကြံမှုအဆင့် ထက် ပိုသော ခွန်အားကို ပြသခဲ့သော်လည်း အကန့်အသတ်တစ်ခုရှိနေသေးသည်။
ဤအဆင့်ခုနစ်အထွတ်အထိပ် ရှိသော ကျင့်ကြံသူများသည် သူတို့၏စွမ်းရည်များကို တိုက်ပွဲများဖြင့် ထက်မြက်အောင် သွေးခဲ့ကြသဖြင့် သူတို့၏ အင်အားအမှန်က ထိပ်တန်းဖြစ်သည်။ အဆင့်ကျော်၍ တိုက်ခိုက်နိုင်သည့် ကြုံရာကျပန်းမဟုတ်ကြပေ။ဇူအန်က မျက်တောင်မခတ် ပြောလိုက်သည်။ “ ကျုပ် သတ်ခဲ့တာ” ယန်ယွဲ့ရှင်း အကြောင်း ထုတ်မပြောချင်၍ ဤသို့သာပြောနိုင်တော့သည်။
“ မင်း သတ်ခဲ့တာလား” ကျူရှီချီရှင်း တောင်မှ အံ့သြသွားသည်။ ဇူအန့်ကို သေချာကြည့်လိုက်သည်။ “ မင်းဘယ်လိုလုပ်ခဲ့တာလဲ”
ဇူအန် ဖြေလိုက်သည်။ “ ကျုပ်အနောက်ကို ဆက်ပြေးလိုက်နေတော့ ပတ်ဝန်းကျင်ကို အသုံးချပြီးတော့ တစ်ယောက်ချင်းစီ အနိုင်ယူခဲ့တယ်”
ကမ်းပါးနီ ဇာတ်ကားထဲမှ အားနည်းသူက အားကြီးသူကို ရင်ဆိုင်ဖြေရှင်းခဲ့သည့် ဇာတ်လမ်းကို အနည်းငယ်ပြင်ဆင်ကာ ကျူရှီချီရှင်းကို ပြန်ကျွေးလိုက်ခြင်းဖြစ်သည်။
ကျူရှီချီရှင်း က သူ့ကိုစိုက်ကြည့်နေသည်။ ဒီလိုသန်မာတဲ့လူ သိပ်မရှိဘူး။ ဒီကောင်လေးက အတော်လေးထူးချွန်တာပဲ။ ဒီအလောင်းတွေကိုကြည့်ရတာ စွမ်းအားပြင်းပြင်းတစ်ခုနဲ့ ပစ်ခတ်တိုက်ခိုက်ခံထားရတယ်ထင်တယ်။ ကြည့်ရတာ ဇူအန့်ဆီမှာ ဝှက်ဖဲတွေရှိနေသေးတာပဲ။ ဇူအန်၏ စွမ်းရည် အတိအကျကိုတော့ ဆက်မမေးတော့ပေ။ ထိုအရာက ကျင့်ကြံသူများအကြားတွင် တားမြစ်ထားသောအရာဖြစ်သည်။ မည်သူကမှ အကြောင်းအရင်းမရှိဘဲ သူတို့၏ အစွမ်းတိုက်ကွက်များကို ပြောပြမည်မဟုတ်ပေ။
ကျူရှီချီရှင်း ရယ်မောလိုက်သည်။ “ ဒါက အကျိုးဆောင်မှုကြီးပဲ။ သွားရအောင်။ ငါ့အနောက်လိုက်ပြီး အရှင်မင်းကြီးနဲ့သွားတွေ့ရအောင်”