Spring Storyteller Pageရဲ့ ပရော့ဂျက်တစ်ခုဖြစ်တဲ့ အဝါရောင်လေညှင်း စာအုပ်(၂)ထဲမှာ ပါဝင်ထားတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်
>>>>>>>>>>>>>>>>>>
"အမေ...ဝါညိုကျောင်းသွားတော့မယ်နော်။
ထမင်းစားချိန်ရောက်ရင် ဒေါ်မိတုတ် ထမင်းလာကျွေးလိမ့်မယ်။ မစားချင်ဘူး မလုပ်ရဘူးနော်""မလုပ်ပါဘူးအေ"
"အင်း...အင်း ပြောလိုက်ရင်တော့ မလုပ်ဘူးဆိုတာချည်းဘဲ။ ဒေါ်မိတုတ်က ဝါညို့ကို အကုန်ပြန်ပြောပြတယ်နော် အမေ။ ဒီနေ့ဟင်းက အမေကြိုက်တဲ့ ကန်စွန်းရွက်ချဥ်ရည်ဟင်းနဲ့ ငါးမွှေလေ။ ချဥ်ရည်ဟင်းကို ရွှဲရွှဲလေးဆမ်းစားရင် ရှောရှောရှူရှူဝင်သွားမှာ။ ငါးမွှေကိုလည်း အရိုးမပါအောင် သေချာနွှင်ပြီး အချိုချက်လေး ချက်ထားတယ်။ အမေ အစားစားမှ အားပြန်ပြည့်မှာ။ နော်....အမေ မျက်နှာကြီး စူပုတ်မနေပါနဲ့။ ရှူးပေါက်ဦးမလား...ဝါညို ရှူးတည်ခဲ့ပေးမယ်လေ"
"ရတယ်...ရတယ် မပေါက်ချင်ဘူး။ ပေါက်ချင်ရင် မိတုတ်ကို လှမ်းခေါ်လိုက်မယ်။ သွားတော့လေ နောက်ကျနေဦးမယ်"
"ဟုတ်ကဲ့ပါ အမေရဲ့။ ဝါညိုသွားပြီနော်"
မသွားခင် အမေ့ပါးနှစ်ဖက်ကို မွေးကြူခဲ့တာက ဝါညို့ရဲ့ ပုံမှန်အကျင့်လေးတစ်ခုဖြစ်သည်။ အိမ်ကထွက်တော့ ခုနှစ်နာရီပင်မထိုးသေး...။ ဘေးအိမ်က ဒေါ်မိတုတ်ကတော့ ဆွမ်းလောင်းဖို့အတွက် အစောကြီး ထမင်း၊ဟင်းထချက်တတ်သူမို့ သူကျောင်းသွားဖို့ အမေ့ကို နှုတ်ဆက်နေတဲ့အသံကြားပြီဆိုတာနဲ့ သူထွက်အလာကို အိမ်ပေါက်ဝမှာ အသင့်ထိုင်စောင့်နေတတ်သည်။
"ဒေါ်ကြီးတုတ်...အမေ့ကို အလိုမလိုက်နဲ့နော်။ ထမင်းလေး ဝင်အောင်ကျွေးပေး။ ဘာမှာဦးမလဲ ဝါညိုပြန်ရင် ဝယ်ခဲ့မယ်"
"မမှာပါဘူး ဝါညိုရေ။ နင့်အမေအတွက်ပဲ ဝယ်ခဲ့လေ။ သူ မနေ့က ခေါက်ဆွဲကြော်စားချင်တယ်ပြောနေတာ"
"ဟုတ်လား ဝါညို့ကိုတော့ ဘာမှမပြောဘူး"
"နင်ပိုက်ဆံကုန်မှာစိုးလို့နေမှာပေါ့။ အဲ့ဒါကြောင့် ထမင်းလည်း သိပ်မစားတာ...။ တစ်နေ့နှစ်နပ်စားရုံနဲ့ ဘယ်လောက်မှ ပိုမကုန်ဘူးပြောလည်းမရ။ သူ့ကို ပြုစုနေရလို့ ပင်ပန်းနေတဲ့ကလေးကို ဝန်ထပ်မပေးချင်ဘူးတဲ့။ ငါလည်း ပြောပါတယ်ဟယ်။ နင့်အမေက သူ့ကိုယ်သူ မြန်မြန်သေရင်ကောင်းမယ့်ပုံ လုပ်နေတော့လည်း ခက်တယ်"
BẠN ĐANG ĐỌC
Han_Me Oneshort Collection