"အကြင်နာမျှဝေ"

475 36 0
                                    

AN/ Aster Publishing Houseမှ ထုတ်ဝေခဲ့တဲ့ Ice Cream One Shot Collectionထဲက ဟန်မီ့ရဲ့ဝတ္ထုတိုလေးပါ။

"စာရောက်နေပြန်ပြီ မင်းသားရေ။"

ညတုန်းက မက်ခဲ့တဲ့အိပ်မက်ကို မှတ်ဥာဏ်ပြန်ဖော်နေတုန်း အသံကြားတော့ ထိုင်ခုံပေါ်လျှောကျနေတဲ့ ကျွန်တော့်ခန္ဓာကိုယ်က ခပ်မတ်မတ် ဖြစ်သွားတယ်။ ဦးလေးပန်က အဲ့ဒီလိုမျိုးပဲ။  သူ့အသံဝဲဝဲကြီးကို ရှေ့တော်ပြေး အရင်လွှတ်ပြီး သူရောက်လာကြောင်း အသိပေးပြီးမှ အိမ်ထဲကို ဝင်လာတတ်တာ။

ကျွန်တော်ဆိုတာကလည်း ဒီအသံဝဲဝဲကို
နေ့တိုင်းကြားနေကျ ဖြစ်ပေမယ့် နေသားမကျသေးဘူး။ အထူးသဖြင့် မင်းသားဆိုတဲ့ အခေါ်အဝေါ်ကိုပေါ့။ ဒီအခေါ်အဝေါ်က ကျွန်တော်မြုပ်နှံထားချင်တဲ့ အတိတ်ကို ပြန်ပြီး တူးဆွပေးသလို ဖြစ်နေတယ်။ ဒီခေါ်သံကို ကြားရရင် ကျွန်တော့် စိတ်တွေ မွန်းကျပ်လာတယ်။ ဒီခေါ်သံကို ကြားရရင် ကျွန်တော် ဒေါသထွက်လာတယ်။ ပြီးတော့ ကျွန်တော် ဝမ်းနည်းလာတယ်။

"လေးပန်ရာ ကျွန်တော့်ကို အဲ့လိုမခေါ်ပါနဲ့တော့ဆိုနေ။ ဘယ်လောက်ပြောပြော မမှတ်ထားဘူး။"

ငါးဆင့်ချိုင့်ကြီးဆွဲပြီး အိမ်ထဲကို ခပ်စိုက်စိုက်ဝင်လာတဲ့ ဦးလေးပန်ကို ကျွန်တော် ဆီးဟောက်မိလိုက်တယ်။ ကျွန်တော် အော်လိုက်တိုင်း ဦးလေးပန်က စိတ်မဆိုးတဲ့အပြင် သူ့သွားဝါဝါ အကုန်ပေါ်အောင် ပြုံးပြတတ်လို့ ပြောမိသမျှက သဲထဲရေသွန်ပဲ။ နောက်တစ်နေ့ကျရင် ဒီအခေါ်အဝေါ်ကိုပဲ ဦးလေးပန် ဆက်ခေါ်နေဦးမယ်ဆိုတာ ကျွန်တော်သိနေတယ်။ ဒါ့အပြင် ကျွန်တော့်စကားတွေကို ဦးလေးပန် နားမထောင်တတ်တာက အခေါ်အဝေါ်တင်မကဘဲ ကျွန်တော့်ရှေ့က စားပွဲခုံပေါ်ရောက်လာတဲ့ ငါးဆင့်ချိုင့်ကြီးလည်း တစ်ခုအပါအဝင်ပဲ။

"ကဲ ဒီချိုင့်ကြီးကို အလေးခံပြီး ဆွဲမလာပါနဲ့ဆို ဆွဲလာပြန်ပြီ။ ဒီအိမ်မှာ လေးပန်ချက်လာတဲ့ ထမင်း၊ဟင်းတွေ စားမယ့်သူဆိုလို့ ကျွန်တော်တစ်ယောက်တည်း ရှိတာပဲ။ ချိုင့်သေးသေးဆို ရပြီလေဗျာ။ ပြီးရင် မကုန်နိုင်မခမ်းနိုင်နဲ့ သိပ်နှမြောဖို့ကောင်းတယ်။"

Han_Me Oneshort CollectionTahanan ng mga kuwento. Tumuklas ngayon