Chapter 20

5.1K 537 2
                                    

အခန်း (၂၀)

ချင်ရှီးအံ့သြနေစဉ် အထက်တန်း အင်္ဂလိပ်ဆရာမကျန်းယန်လီသည် ရုံးခန်းမှထွက်လာပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ ချင်ရှီးရှိရာသို့ လျှောက်လာ၍ သူမနှင့်အတူ ထွက်လာသည်။
"သူ့ကို ဂရုစိုက်နေပါနဲ့။ သူက ခေတ်နောက်ပြန်ဆွဲနေတဲ့သူလေ"

ကျန်းယန်လီက သူမနှုတ်ခမ်းကို တွန့်ကွေးပြပြီး ချင်ရှီးကို ရှင်းပြသည်။
"သူ့နာမည်က ဝူယုံမင်တဲ့။ သူက နိုင်ငံရေးနဲ့ တရုတ်စာပေသင်တဲ့ဆရာလေ။ လူတွေရဲ့ ပြောင်းလဲလာတဲ့ ဝတ်စားဆင်ယင်မှုကိုမုန်းတယ်။ ဘယ်အမျိုးသမီးကိုမဆို တိုင်းတစ်ပါးပုံစံ ၀တ်ဆင်ထားတဲ့ဆရာမဆို မတော်ဘူးလို့ဘဲထင်နေတတ်တာ။ မင်း ဝတ်ထားတာက အရမ်းလှတယ်ဆိုတာ ငါတို့မြင်နေရတာဘဲ။ ဘာပဲဖြစ်ဖြစ် သူ့ကို ဂရုစိုက်နေစရာမလိုဘူး"

ကျန်းယန်လီက ချင်ရှီးကို မနာလိုအားကျစွာကြည့်လိုက်သည်။
"မင်းရဲ့ဆံပင်က အရည်အသွေးကောင်းပြီး မင်းရဲ့အဝတ်အစားတွေကလည်း လှတယ်။ မင်းနာမည်ကို ငါကြားဖူးနေတာကြာပြီ။ အရသာရှိတဲ့ အစားအစာတွေ ချက်ပြုတ်တတ်ပြီး လှပတဲ့အဝတ်အစားတွေလည်း လုပ်တတ်တယ်ဆို"

"ကျေးဇူးတင်ပါတယ် ငါ့ကိုသတိပေးတဲ့အတွက်။ ချီးကျူးစကားပြောပေးတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။”
ချင်ရှီးက သူမကို ပြုံးပြီး တုံ့ပြန်ခဲ့သည်။

ကျန်းယန်လီ၏မျက်လုံးများတွင် အားကျခြင်းနှင့် ချစ်ခြင်းမေတ္တာများသာရှိပြီး အခြားဘာမျှမရှိကြောင်း ချင်ရှီးခံစားနိုင်သည်။

ကျန်းယန်လီက ချင်ရှီးပြောတာကိုကြားတော့ သူမလည်း ရယ်မောပြီး ချင်ရှီး၏ နားရွက်နားကိုကပ်ကာ ခေါင်းကိုငုံ့၍ တိုးတိုးလေးပြောသည်။
"မင်း ငါ့အတွက် အဝတ်အစားကို ကူလုပ်ပေးလို့ရမလား"

ချင်ရှီး ချက်ချင်းသဘောပေါက်သွားပြီး သူမက ပြုံးကာခေါင်းညိတ်သည်။
"မင်းဘယ်လိုပုံစံလိုချင်လဲ။ အထည်စလေးပို့ပေးလိုက်လေ"

ချင်ရှီးသည် မူလက ငွေရှာဖို့အတွက် အဝတ်အစားများချုပ်ရန် စီစဉ်ခဲ့သော်လည်း မကြာမီတွင် စီးပွားရေးလုပ်ဖြစ်လာရန် မမျှော်လင့်ခဲ့ပေ။

ပြုပြင်ပြောင်းလဲရေးလုပ်ပြီးနောက် ခေတ်က ပွင့်လင်းလာသည်မှာ နှစ်နှစ်ကျော်လာပေမဲ့ နေရာတော်တော်များများက လူတွေက *လေတိုက်ရင် နောက်တစ်ကြိမ် ပြန်ပြီးအဖမ်းခံရမှာကို စိုးရိမ်တဲ့အတွက် စီးပွားရေး မလုပ်ရဲကြသေးပါဘူး။

(*T.N _ အခြေအနေက အတည်တကျမဖြစ်သေးတဲ့အတွက် အခြေနေပြောင်းသွားရင် အဖမ်းခံရမှာစိုးတယ်လို့ ဆိုလိုပါတယ်)

တပ်နယ်မြေအတွင်း စီးပွားရေးလုပ်ကိုင်သူမရှိသော်လည်း ခရိုင်တွင်တော့ ဈေးဆိုင်များဖွင့်လှစ်နေကြပြီဖြစ်သည်။ ချင်ရှီးသည် ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေးသမဝါယမသို့ သွားရောက်သောအခါ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် အဆာပြေမုန့်များရောင်းချသည့် အခြားဈေးသည်များနှင့် တွေ့ဆုံခဲ့ရသည်။

တပ်နယ်မြေအတွင်း စီးပွားရေးလုပ်ကိုင်သူ တစ်ဦးတစ်ယောက်မှ မရှိပေ။ သူတို့က စီးပွားရေးလုပ်ကိုင်သူကိုလည်း အနည်းငယ် အထင်သေးကြသည်။

တကယ်တော့ နိုင်ငံတော်ရဲ့ စစ်မှန်တဲ့ ရဲဘော်တွေဟာ တန်ဖိုးအရှိဆုံး ဖြစ်နေတုန်းပါဘဲ။ စီးပွားရေးသမားတွေ၊ ပညာရှင်၊ လယ်သမား၊ ကုန်သည်တွေဟာ ရှေးယခင်ကတည်းက ရှိခဲ့သလို အခုလည်း အတူတူပါဘဲ။

(*T.N _ စစ်မှန်တဲ့ စိတ်ဓာတ်နဲ့ ရဲဘော်တွေဘဲ နိုင်ငံအတွက်တန်ဖိုးရှိပါတယ်နော်။ ပြည်သူကို ဒုက္ခပေးနေတဲ့ ခွေးလောက်အဆင့်မရှိတဲ့ အသေဆိုးနဲ့သေသင့်တဲ့ စခတွေကတော့ နိုင်ငံအတွက် ကပ်ဘေးဒုက္ခဘဲ ဆောင်ယူလာပါလိမ့်မယ်)

ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှုတို့အပြီးမှာတောင် တစ်ချို့လူတွေက စီးပွားရေးကို ရှုတ်ချနေကြဆဲပါ။လူချမ်းသာတွေများလာပြီး ဝန်ထမ်းများရှားပါးလာမှသာ စီးပွားရေးလုပ်တဲ့သူတွေအပေါ် အမြင်ပြောင်းလဲလာကြခြင်းဖြစ်သည်။

အခြားသူတွေက ကြောက်ပေမဲ့ ချင်ရှီးကတော့ မကြောက်ပါ။ အခုအခါ စီးပွားရေးကို အလွန်အမင်း မတိုးချဲ့သေးသရွေ့တော့ အားလုံးအဆင်ပြေသွားမှာပါ။

ကျောင်းစတက်ပြီးနောက်တွင် သူမသည် အသစ်လုပ်ထားသော အဝတ်အစားများကို ကြော်ငြာရန်နှင့် ငွေရှာရန် တမင်တကာ ၀တ်ဆင်ခဲ့သည်။

"ငါ မင်းဝတ်ထားတဲ့ဟာနဲ့တူတဲ့ တစ်ခုခုတော့ လိုချင်တယ်"
ကျန်းယန်လီက ချင်ရှီးရဲ့ စကတ်ကို စိုက်ကြည့်ရင်းပြောသည်။
"အခြားစတိုင်တွေရော ရှိလား"

ချင်ရှီးက ခေါင်းညိတ်သည်။
"ရှိတယ်"

ချင်ရှီးသည် ယခင်ဘဝက စကတ်များကို အလွန်နှစ်သက်ပြီး ပုံစံအမျိုးမျိုးလည်းရှိသည်။  အားလုံးကို စမ်းဝတ်ကြည့်ဖူးပေမဲ့ ဘယ်လိုပုံစံချုပ်ရလဲဆိုတာကို သူမ မသိသလို ခဏလောက်စဉ်းစားပြီးမှသာ အဖြေရှာကြည့်နိုင်လိမ့်မည်။

ချင်ရှီးသည် ယခုအခါ ခြေချင်းဝတ်အထက်လောက် အနည်းငယ်ရှည်သည့် နက်ပြာရောင်၀တ်စုံကို ဝတ်ဆင်ထားသည်။ အရောင်အသွေးကောင်းပြီး ရိုးရိုးရှင်းရှင်းနဲ့ ပြည့်စုံလှပသည်။ စကတ်သည် အနည်းငယ် ပျော့ပျောင်းနေပြီး လမ်းလျှောက်နေစဉ် စကတ်ပေါ်တွင် ချည်မျှင်ထူထူဖြင့် ချယ်လှယ်ထားသော ဒေစီပန်းအချို့ ပေါ်လာပြီး လှုပ်နေကာ စကတ်ထောင့်လေးများတွင် ကခုန်နေကြဟန်ရှိသည်။ ချင်ရှီး ငြိမ်ငြိမ်ကလေး မတ်တပ်ရပ်လိုက်သောအခါ ဒေစီပန်းတို့သည် စကတ်ထဲတွင် ပုန်းနေကြပြန်သည်။

အဝတ်အစားက ရိုးရိုးရှင်းရှင်းနှင့် ဖော်မပြနိုင်လောက်အောင်ကို လှပနေပါသည်။ ကျန်းယန်လီက သူမစကတ်ကို ပထမဆုံးမြင်လိုက်ရတာနှင့်ပင် သဘောကျသွားသည်။ ဈေးထဲမှာရောင်းတဲ့ အဝတ်အစားထက် ပိုလှတယ်လို့တောင် သူမထင်ခဲ့တာဖြစ်သည်။

"ဒါဆို အဲ့ဒီအဝတ်အစားတွေက ဘယ်လိုပုံစံလဲဆိုတာ ငါ့ကိုပြလေ ငါရွေးလိုက်မယ်"
ကျန်းယန်လီက ချင်ရှီး၏လက်မောင်းကို ဆွဲကိုင်လိုက်ပြီး စကားစမြည်ပြောဆိုလိုက်သည်။

သူမ စကားပြောတာကို နားထောင်ရင်း ချင်ရှီးသည် သူမပြောပုံသည် ရင်းနှီးသော စကားပြောပုံတစ်ခုဟု တစ်ကိုယ်တည်း တွေးနေခဲ့သည်။

ကျောင်းမှ ထွက်ခွာလာပြီးနောက် ကျန်းယန်လီသည် ချင်ရှီးအား တုံ့ဆိုင်းစွာ နှုတ်ဆက်၍ ရုံးအဆောက်အဦးထဲသို့ဝင်သွားပြီး ချင်ရှီးသည်လည်း ရှေ့သို့ ဆက်လျှောက်သွားသည်။

အလယ်တန်းနှင့်အထက်တန်းကျောင်းသည် မူလတန်းကျောင်းနောက်တွင်ရှိပြီး ဝင်ရန် သီးခြားတံခါးတစ်ခုပါရှိသော်လည်း အိမ်နှင့် တူညီသောဦးတည်ချက်မဟုတ်သည့်အပြင် ကွေ့ပတ်သွားရသောကြောင့် ချင်ရှီးသည် မူလတန်းကျောင်းကိုဖြတ်၍ ပြန်ရန် စီစဉ်ထားသည်။

ချင်ရှီးက လီချန်းချန်နှင့်တွေ့မိမလားလို့ တွေးနေချိန်မှာဘဲ လီချန်းချန်က သူမ လက်ထဲမှာ စာအုပ်တစ်အုပ်ကိုင်၍ အဆောက်အဦးထဲက တကယ်ထွက်လာသည်။ သူမသည် ပေါ့ပေါ့တန်တန် ပြောနေယုံမျှဖြင့် တကယ်ရောက်ချလာနိုင်သည်ဟုတွေးကာ ညင်သာစွာ စုတ်သတ်လိုက်မိပြန်သည်။ သူတွေးသမျှက အမှန်တကယ်ကြုံရမည်ဆိုတာက အနည်းငယ် ဆိုးရွားလှသည်။

'ပိုက်ဆံလိုချင်တယ်လို့တွေးလိုက်ရင်ကော တကယ် ရလာမှာလား'

ချင်ရှီးသည် လီချန်းချန်ကို မမြင်ဟန်ဆောင်ကာ မျက်နှာအမူအယာမပြောင်းဘဲ စိတ်ထဲတွင် ရိုင်းစိုင်းစွာတွေးကာ ထွက်သွားလေသည်။

လီချန်းချန်က ချင်ရှီးသည် စကတ်ရှည်နှင့် ရှည်လျားလှသောဆံပင်များ တဖျပ်ဖျပ်လွင့်နေသည်ကိုမြင်သောအခါတွင် သူမ၏နှလုံးသားထဲတွင် နတ်ဆိုးက ပေါက်ဖွားလာပြန်သည်။

သူမသည် ချင်ရှီးကို ပိတ်ဆို့တားဆီးရန် ရှေ့တိုးလာကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။
"ဟေး ဆရာမချင် တိုက်ဆိုင်လိုက်တာ "

ချင်ရှီးက သူမနဲ့ မပတ်သက်ချင်ပေမဲ့ သူမကိုယ်တိုင်က ရပ်တန့်နှုတ်ဆက်လိုက်တာကြောင့် ရပ်တန့်၍စီးပွားရေးဆန်ဆန် ပြုံးပြလိုက်သည်။
"ဟုတ်သား တိုက်ဆိုင်လိုက်တာ"

လီချန်းချန်က ချင်ရှီးကို စိုက်ကြည့်ရင်း ပြုံးပြသည်။
"အတန်းမရှိဘူးလား။ ဂီတဆရာက အရမ်းအလုပ်မများဘူးထင်တယ်"

ချင်ရှီးက ပြုံးလျက်ပြောသည်။
"ဟုတ်တယ် လွယ်တယ်။ မင်းရဲ့အလုပ်လောက် မခက်ခဲဘူး"

ချင်ရှီးက လီချန်းချန်ရဲ့ ရင်ခွင်ကို တစ်ချက်ကြည့်လိုက်ရာ စာကြည့်တိုက်ထဲက သင်ထောက်ကူပစ္စည်း အစုံအလင်ကိုတွေ့ရသည်။
"အင်္ဂလိပ်စာသင်တာက အခုမှစတာဆိုတော့ ကျောင်းက အရမ်းအလေးထားတယ်။ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးကို ထမ်းရတာက မင်းအတွက် တကယ်ကို ခက်ခဲတဲ့အလုပ်ဘဲ"

" ဟုတ်တယ်"
လီချန်းချန်က ပြုံးလျက်သဘောတူသည်။

"ငါက ကံကောင်းသွားတာ။ အဲ့ဒီအချိန်တုန်းက အလုပ်အတွက် ဂီတဆရာလျှောက်ထားနိုင်တယ်လေ။ မဟုတ်ရင် ငါ ခေါင်းကိုက်ရလိမ့်မယ်"

ချင်းရှီရဲ့ စကားကိုကြားတော့ လီချန်းချန်က ဒေါသကြောင့်သေလုနီးပါး ဖြစ်သွားရသည်။
'ဘာလို့ ဒီလောက် ထူးဆန်းနေတာလဲ။ ရည်ရွယ်ချက်ရှိရှိပြောနေသလိုဘဲ'

သို့သော် လီချန်းချန်က ချင်ရှီး၏အမူအရာမှာ မှားယွင်းနေကြောင်း မမြင်နိုင်ဘဲ ရိုးသားသောမျက်လုံးများဖြင့် သူမကို စာနာကာ ရွှင်မြူးနေသည့်အကြည့်ဖြင့် ကြည့်နေသည်ကိုသာ မြင်ရသည်။

ထို့ကြောင့် လီချန်းချန်က အတင်းဟန်လုပ်ရယ်မောလိုက်သည်။
"အဆင်ပြေပါတယ်။ ငါ့အတွက် လွယ်ပါတယ်။ ငါ ဒါကို ကိုင်တွယ်နိုင်မှာပါ"

ချင်ရှီးက ပြုံးပြီး ရိုးရိုးသားသား ပြောသည်။
"မင်းက အရမ်းအံ့သြဖို့ကောင်းတာဘဲ"

အခုမှစ၍ အင်္ဂလိပ်စာကို လေ့လာသင်ယူကြမည့် ကလေးများနှင့် မကြုံဖူးသေးတာ သေချာလောက်သည်... ဆယ်ယောက်မှာ ကိုးယောက်လောက်က မသင်ချင်ဘူးဆိုတာ ချင်ရှီးသိသည်။

ကျောင်းကလည်း ဒီကိစ္စကို အလေးထားဆောင်ရွက်နေဆဲပင်။ အကယ်၍ လီချန်းချန်ကသာ ကောင်းစွာမဆောင်ရွက်နိုင်ဘူးဆိုလျှင်………

ချင်ရှီး : "ဒါဆို မင်းအလုပ်များနေတယ်မို့လား။ ငါအရင်ပြန်တော့မယ်။ အကြီးဆုံးလေးက ဒီနေ့ကျောင်းတက်တယ်။ သူ့အတွက် ချက်ပြုတ်ပေးမယ်လို့ ကတိပေးထားတာ ငါအရင်သွားတော့မယ်"

လီချန်းချန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း အေးခဲသွားသည်။
"အိုး... နှုတ်ဆက်ပါတယ်"

ချင်ရှီးက နူးညံ့သောအပြုံးကိုပေးကာ ပြေးထွက်သွားသည်။

လီချန်းချန်သည် ချင်ရှီး၏ ကျောကို ကြည့်ပြီး သွားများကြိတ်ကာ မျက်လုံးဝိုင်းများပင် နီရဲလာသည်။

'မင်းက ဘာဂုဏ်ယူနေတာလဲ'

'ဘယ်ကနေ ထွက်လာမှန်းမသိ သူမရဲ့ အမျိုးသားဇာတ်ဆောင်ကို လုယူလာတဲ့ မိန်းကလေးတစ်ယောက်ကများ စိတ်လှုပ်ရှားနေသေးတာလား။ နှစ်အနည်းငယ်လောက် စာလေ့လာပြီး အင်္ဂလိပ်စာကို ကိုယ်တိုင်သင်ယူခဲ့တာ မဟုတ်လား။ ငါ့ကို လာအထင်သေးနေတယ်ပေါ့လေ'

လီချန်းချန်၏ မျက်လုံးများတွင် တောက်ပလာပြီး ချင်ရှီး၏ နောက်ကျောကို စိုက်ကြည့်နေသည်။

'ဇာတ်ကြောင်းစတင်သည်နှင့် လုကျဲ့ထျန်းက သူမနှင့် တွေ့ဆုံရမည့် ကံကြမ္မာပေါ်လာလိမ့်မည်။ ထိုအချိန်ရောက်လာလျှင်တော့......ဟမ့်'

'ကိုယ့်အတွက် နေရာရှာထားလိုက်ပါဦး..'

'လောလောဆယ်တော့ သူမက ကလေးတွေကိုဘဲ အရင်ပြုစုပျိုးထောင်ပါစေဦး။ ချင်ရှီးက ကလေးတွေကို ငြိုငြင်တဲ့သူဆိုတော့ နောင်ကျ စိတ်ပူစရာမလိုပါဘူး'

လီချန်းချန်သည် သူမ၏ ပါးစပ်ထောင့်ကိုကွေးချိတ်ကာ အဝေးကို လှည့်ထွက်သွားခဲ့သည်။

ချင်ရှီးအိမ်ပြန်ရောက်တော့ အမြွှာလေးတွေက တစ်ယောက်နဲ့တစ်ယောက် ဖက်တွယ်နေကြသည်။

"ချင်ရှီး ချင်ရှီး… နောက်ဆုံးတော့ မင်းပြန်လာပြီ ငါတို့ မင်းကို လွမ်းနေတာ"
အန်အန်းက ချင်ရှီးရဲ့ စကတ်ကို ဆွဲကိုင်လိုက်ပြီး အဲ့ဒီပေါ်က ဒေစီပန်းလေးကို ဂရုတစိုက်နဲ့ ထိလိုက်သည်။

ဖျင်ဖျင်ကလည်း သူမကို လှမ်းကြည့်ကာပြောသည်။
"ငါရောဘဲ"

"လူတိုင်း အပြင်သွားကြတယ်။ ငါတို့ဘဲ အိမ်မှာရှိတာ သနားစရာကောင်းလိုက်တာ"
အန်အန်းက စိတ်မကောင်းဖြစ်သွားသည်။

ဖျင်ဖျင်ကလည်း ဝင်ပြောသည်။
"အိမ်မှာနေခဲ့ရတာ မကြိုက်ဘူး"

ချင်ရှီးက မျက်ခုံးပင့်လိုက်သည်။
"ငါ တစ်မနက်လုံး ဈေးဝယ်ထွက်တာကျ ဘာလို့ စိတ်မဆိုးကြတာလဲ"

အန်အန်းက ချင်ရှီးရဲ့ခြေထောက်ကို မှီပြီး သူမကို ဖက်ထားလိုက်သည်။
"မတူဘူးလေ"

"ဘာလို့ မတူတာလဲ"
ချင်ရှီးက ဖြေရှင်းချက်တောင်းသည်။

"ဒါက မတူဘူး"
အမြွှာများက တညီတညွတ်တည်း ပြောလိုက်ကြသည်။

ချင်ရှီးလည်း နှုတ်ဆိတ်သွားပြီး လက်လျှော့ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။
"ကောင်းပြီ။ ဒါပေမဲ့ အနာဂတ်မှာ တစ်ကိုယ်တည်းနေတတ်အောင် ကျင့်သုံးရမယ်။ မင်းအဖေနဲ့ ငါက အလုပ်သွားရမယ်။ အစ်ကိုက ကျောင်းတက်ရမယ်ဆိုတော့ မင်းတို့ဘဲ အိမ်မှာနေကြရမှာ"

ချစ်စရာမျက်နှာငယ်လေးများဖြင့် နှစ်ယောက်လုံး ငြင်းဆန်ကြသည်။
"အဲ့လို မလုပ်ချင်ဘူး..."

ချင်ရှီးက သူတို့ကိုထိုင်ခုံပေါ်တင်လိုက်ပြီး ဘီစကွတ်နှစ်ခုကို ယူလာပေးသည်။
"ငါတို့က နေ့ခင်းဘက်ဆို အလုပ်များနေတယ်။ ညဘက်ဆိုရင်တော့ ပြန်လာမှာမို့ မင်းတို့ဘဲနေဖို့ မလိုဘူး။ မင်းတို့တွေက အရွယ်ရောက်နေပြီမဟုတ်လား"

ကလေးများက သက်ပြင်းချလိုက်သည်။ "ကောင်းပါပြီ"

ဖျင်ဖျင်က ပါးစပ်ကိုပိတ်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်။

ချင်ရှီးက သူတို့စိတ်အလိုမကျမှန်းသိ၍ ပြုံးလိုက်သည်။ တစ်ချိန်လုံး တခြားသူတွေနဲ့ အဖော်ပြုခဲ့ကြပေမဲ့ အခုချိန်မှာတော့ အထီးကျန်နေကြရမှာ သေချာပါသည်။

ကြောက်ရွံ့တာအတွက်ကတော့... နဂါးနဲ့ ဖီးနစ်အမြွှာစုံတွဲက လုံးဝမကြောက်တတ်ပါဘူး။ ငယ်ငယ်ကတည်းက ခြံဝင်းထဲမှာ ကြီးပြင်းလာကြပြီး အိမ်တိုင်းက တစ်ယောက်နဲ့တစ်ယောက်လည်း သိကြသည်။

မိသားစုနယ်မြေဂိတ်ဝမှာ စောင့်ကြပ်နေတဲ့သူတွေလည်းရှိသေးသည်။ အန္တရာယ် လုံးဝမရှိသလို ကလေးတွေကလည်း မိသားစုဧရိယာထဲမှာဘဲ ပေါ့ပေါ့ပါးပါး ပြေးလွှားဆော့ကစားနေကြသည်။

"မင်းတို့က အရမ်းတော်တာမို့ ဆုချဖို့အတွက် အနာဂတ်မှာ အရသာရှိတဲ့ အစားအစာတွေ ချက်ပြုတ်နိုင်အောင် မီးဖိုတစ်ခု ဆောက်ဖို့ စီစဉ်ထားတယ်"
ချင်ရှီးက သူတို့ကို ကြည့်လိုက်သည်။
"ဘီစကွတ်တွေ စားပြီးရင် ငါ့ကို ကူညီမှာလား"

အမြွှာနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပျော်ရွှင်စွာ လက်ခုပ်တီးကြသည်။

"ဟုတ်ကဲ့"

အန်အန်းက စိတ်လှုပ်ရှားစွာ မေးသည်။ "ဘာလုပ်လို့ရလဲ။ အဲ့ဒီမီးဖိုမှာ အရသာရှိတဲ့ ဘာမျိုးလုပ်လို့ရမလဲ"

ချင်ရှီးက လက်ထဲမှာ စားတော့မဲ့ ဘီစကွတ်တွေကို ညွှန်ပြသည်။
"ဘီစကွတ်လည်း လုပ်လို့ရတယ်။ ကိတ်မုန့် ၊ အာလူးကင် ၊ ဘဲကင် ၊ အသားကင်တွေလည်း ရတယ် ..”
   
ချင်ရှီးက နာမည်တွေ ဆက်တိုက်ရွက်ပြလိုက်ပြီး အများစုကတော့ ကလေးများ မကြားဘူးကြပေမဲ့ အားလုံးက အော်ဟစ်ကာ ပျော်ရွှင်နေကြသည်။ ဘာဘဲဖြစ်ဖြစ် ချင်ရှီး၏ ဟင်းချက်လက်ရာက ကောင်းမွန်လှသည်ဘဲ။ နဂါးငယ်လေးနှင့်ဖီးနစ်ငယ်လေးတို့၏ ဦးခေါင်းလေးထဲတွင်ရှိသည့်အရာက "ချင်ရှီးချက်သမျှ အရသာရှိသည်" ဟူ၍သာ။ သူတို့စိတ်ထဲတွင် ချင်ရှီးချက်ပြုတ်သည့်အရာသည် ကမ္ဘာပေါ်တွင် အအရသာရှိဆုံးဖြစ်ပေသည်။ ချင်ရှီးကို ခြွင်းချက်မရှိ လုံးဝယုံကြည်ကြသည်။

အမြွှာနှစ်ယောက်သည် ဘီစကွတ်ကို ခွဲဝေစား၍ လက်ဆေးရန် အော်ဟစ်ကာသွားကြသည့်ပုံပန်းသဏ္ဍာန်က တကယ်ချစ်စရာကောင်းပြီး ချင်ရှီးကပြုံးလျက်ကြည့်နေသည်။ ပေါ့ပေါ့ပါးပါးအ၀တ်အစားတွေပြောင်းလဲပြီး စိတ်လှုပ်ရှားနေတဲ့အမြွှာလေးတွေကို ခြံထဲကို ခေါ်သွားလိုက်သည်။

ယနေ့ခေတ်တွင် မီးဖိုရှိမရှိကို မသိနိုင်သော်လည်း ချင်ရှီးမှာ ဝယ်ရန် အစီအစဉ်မရှိပေ။ သူမသည် ခြံဝင်းထဲတွင် အုတ်များ၊ရွှံ့များဖြင့် မီးဖိုဆောက်ရန် စီစဉ်နေသည်။

အုတ်တွေအတွက်ဆိုလျှင်တော့… ခြံထောင့်မှာ အပုံကြီးရှိနေပါသည်။ ဘာကြောင့်ကျန်နေမှန်း မသိပေမဲ့ လောလောဆယ်တော့ အသုံးကျသည့်နေရာမရှိသေးပေ။ ချင်ရှီးက ခြံကို အစောက သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်နေချိန်မှာတော့ မီးဖိုလုပ်ရန်အတွက် သူမ စဉ်းစားနေမိသည်။ မီးဖိုသည် အရသာများစွာရှိသောအစားအစာများကို ဖန်တီးပေးနိုင်သည်။ ချင်ရှီးသည် အစာစားချင်စိတ်အတွက် လုပ်ဆောင်ရန် အလွန်ပျော်ရွှင်နေဆဲဖြစ်သည်။

ချင်ရှီးငယ်စဉ်အခါက သူမအား မိဘများက ကျေးလက်တောရွာတွင် ခေတ္တစွန့်ပစ်ခဲ့ပြီး အဘိုးဖြစ်သူနှင့်နေစဉ် မီးဖိုပြုလုပ်သည်ကို မြင်တွေ့ခဲ့ရသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ချင်ရှီးသည် ပြုလုပ်နည်းများကို မှတ်မိနေသေးသည်။

အဘယ်ကြောင့်ဆိုသော် အားလပ်ချိန်မှာ ဗီဒီယိုထဲတွင် အဓိကအခြေခံလုပ်‌ဆောင်နည်းများကို မြင်လိုက်ရတဲ့အတွက် လုံးလုံးမမေ့ခဲ့ခြင်းဖြစ်သည်။

ချင်ရှီးက ထိုအရာကို တွေးနေပေမဲ့ တုံ့ဆိုင်းနေသည်။ လုကျဲ့ထျန်း ပြန်ရောက်တဲ့အခါ ဘာလုပ်ရမယ်ဆိုတာကို ပြောပြရမည်။ ကိုယ်တိုင်လုပ်ရမှာကို နည်းနည်းကြောက်နေသည်။

ထို့ကြောင့် ချင်ရှီးသည် တောင်းကိုရှာဖွေကာ သတင်းစာများထည့်၍ အမြွှာနှစ်ယောက်နှင့်အတူ မြေကြီးကို တူးဖော်ရန် ပြင်ဆင်သည်။

အလုပ်မလုပ်ရသေးမီတွင် ချင်ရှီးသည် ရုတ်တရက် တစ်စုံတစ်ယောက်က တံခါးလာခေါက်သံကို ကြားလိုက်ရပြီး တံခါးကို စူးစူးစိုက်စိုက်ကြည့်လိုက်ရာ တံခါးဝတွင် မမြင်ဖူးသော အမျိုးသမီးတစ်ဦး ရပ်နေပြီး တံခါးအကွာအဝေးကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဘယ်သူလဲ"
ချင်ရှီးက မတ်တပ်ရပ်ပြီး သူမလက်ပေါ်က ဖုန်မှုန့်များကို ပွတ်လိုက်သည်။

အမျိုးသမီးက ချင်ရှီးကို တည့်တည့်စိုက်ကြည့်သည်။
“မင်းက ဘယ်သူလဲ”

ချင်ရှီးက မျက်မှောင်ကြုတ်လိုက်သည်။ သူက တံခါးလာခေါက်သော်လည်း အိမ်ရှင်ကို ဘယ်သူလဲဟု မေးနေသည်။

ထိုအချိန်တွင် အန်အန်းသည် ချင်ရှီ၏လက်ကိုကိုင်ကာ ပေါ့ပေါ့တန်တန် ယမ်းကာဝင်ပြောလိုက်သည်။
"ငါတို့ အချင်းချင်း သိပါတယ်။ အဖေက သူမကို စန်းကူးလို့ခေါ်ခိုင်းတယ်"

_***_

80ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Where stories live. Discover now