Chapter 27

4.7K 538 2
                                    


အပိုင်း (၂၇)


လုကျဲ့ထျန်း၏ ဇနီးဟောင်း မော့လင်သည် စာအုပ်ပါ ဇာတ်ပို့အမျိုးသမီးလည်း ဖြစ်သည်။

ချင်ရှီးသည် မော့လင်က ဇာတ်ကြောင်းလွှမ်းမိုးမှ ရုန်းထွက်နိုင်ပါ့မလားဟူသည့် စူးစမ်းသော မျက်လုံးများဖြင့် သူမအတွက် တံခါးကိုဖွင့်လိုက်သည်။

သို့သော်လည်း လေးနက်သည့် မူလဇာတ်ကြောင်းက မစသေးပါ။ ယခုအခါ ဇာတ်ကြောင်းနှင့် သက်ဆိုင်သည့် အဖြစ်အပျက်များ ဘာမှမရှိသေးပါ။ ထို့အပြင် လုကျဲ့ထျန်းက သူမနှင့် လက်ထပ်ထားပြီးဖြစ်လို့ လီချန်းချန်နှင့် ပြိုင်ဆိုင်ရမည့်ဇာတ်ကြောင်းလည်း မော့လင်မှာ မရှိပါ။ မော့လင်ဟာ ဇာတ်ကြောင်း ထိန်းချုပ်မှုအရ သူမကို ရန်စောင်လာမှာမျိုး မဖြစ်သင့်ပါ။ ဟုတ်တယ်မလား…။

တခဏချင်းမှာဘဲ ချင်ရှီးရဲ့ စိတ်ထဲမှာ အတွေးပေါင်းများစွာ လွှမ်းခြုံသွားပြီး အာရုံထွေပြားတဲ့ အတွေးတွေအားလုံးကို မျိုသိပ်လိုက်ကာ မော့လင်ကို ပြုံးပြပြီး အခန်းထဲကို ဖိတ်ခေါ်လိုက်သည်။

ချင်ရှီးက မော့လင်အတွက် ရနံ့သင်း လက်ဖက်ရည်တစ်ခွက်ချပေးသည်။
"အဝတ်အစားလုပ်ဖို့ လာတာလား"

မော့လင်က အခန်းထဲကို လှမ်းကြည့်ကာ လက်ဖက်ရည်ကြမ်းကိုယူ၍ ကျေးဇူးတင်လိုက်သည်။
"ဒီလိုဘဲဖြစ်သင့်တယ်မဟုတ်လား။ မဟုတ်ရင် ငါ ဒီကို မလာချင်ဘူး။ ဒါက နာကျင်စရာ အမှတ်တရ‌တွေဘဲ"

ချင်ရှီးက ခွီးကနဲ ရယ်မောရင်း မော့လင်ကို ဒီလောက်စိတ်ဝင်စားဖို့ကောင်းမယ်လို့ မထင်ထားပေ။

မော့လင်သည် လက်ဖက်ရည်ကို ကောက်ယူပြီး အနံ့ကိုပြင်းပြင်းရှူလိုက်သည်။
"အဲ့ဒီအချိန်တုန်းက ငါ့ဦးနှောက်တွေ အကြောဆွဲကုန်သလို ခံစားရတယ်။ ကလေးမွေးစားထားတဲ့ လုကျဲ့ထျန်းနဲ့ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကွဲပြီးသွားတော့ ဘယ်တုန်းကမှ မချစ်ခဲ့ဘူးလို့ ခံစားရတယ်…"

"စိတ်မဆိုးပါနဲ့…ငါက သူ့အကြောင်း တွေးစရာမရှိဘူး။ ငါမင်းနဲ့အဝတ်အစားလုပ်ဖို့ ဒီကိုလာခဲ့တာ"
မော့လင်သည် ချင်ရှီးက နားလည်မှုလွဲမှာကို ကြောက်တဲ့အတွက် သူမ ပြောနေသည့်အကြောင်းကို တိုက်ရိုက်ပြောင်းလိုက်သည်။

ချင်ရှီးက သူမကို ပြုံးပြုံးလေးကြည့်နေသည်။
"မင်းကို ငါယုံတယ်"

မော့လင်ဟာ ဇာတ်ကွက်ရဲ့လွှမ်းမိုးခံနေရတဲ့သူတစ်ယောက်ပါ။

မော့လင်သည် ချင်ရှီးရဲ့အမူအရာကို ဂရုတစိုက်ကြည့်ပြီး တောက်ပစွာပြုံးသည်။
"မကြာသေးခင်ကမှ အမိန့်တစ်ခုရထားပြီး ငါနည်းနည်းတော့စိတ်ပူနေတယ်"

ချင်ရှီးက မေးသည်။
"ဘာဖြစ်တာလဲ"

မော့လင်က စဉ်းစားရင်းဖြေသည်။
“မကြာခင် အမျိုးသားနေ့ ရောက်တော့မှာ မဟုတ်လား။ တပ်ထဲမှာ ပါတီတစ်ခု ရှိတယ်။ ငါက စန္ဒယားတီးဖို့ ရွေးချယ်ခံရတယ်…ငါ့မှာ ပြိုင်ဘက်ဟောင်း တစ်ယောက် ရှိတယ်။ သူ(မ)ကလည်း စန္ဒယားတီးတတ်တယ်။ သူ(မ)က မြို့ထဲမှာ ညနေခင်းဝတ်စုံဝယ်ခဲ့တယ်"

မော့လင်က စိတ်မရှည်ဟန်ဖြင့်ပြောသည်။
"မနေ့က သူ(မ)နဲ့တွေ့တော့ ငါ့ကိုကြွားဖို့ ထမင်းတစ်နပ်ကျွေးတယ်လေ။ ငါ့ကို နည်းနည်းတော့ စိုးရိမ်စေတာပေါ့"

"ဈေးကို သွားဝယ်ဖို့ကလည်း နောက်ကျနေပြီ။ ဒါပေမဲ့ မင်းက သိပ်မကြာသေးခင်က နာမည်ကြီးနေတယ်မဟုတ်လား။ ဒါကြောင့် မင်းဆီမှာဘဲ ဝတ်စုံပြင်ဆင်လို့ရလားလို့ မေးကြည့်ချင်တာ။ အချိန်က ရက်ပိုင်းဘဲကျန်တော့မှာ မင်းလုပ်လို့ရမလား"
မော့လင်က သူမကို အနည်းငယ် မျှော်ကိုးပြီး ကြည့်နေသည်။

"ပိုက်ဆံနဲ့ အထည်တွေက ပြဿနာမဟုတ်ဘူး။ ငါ မြို့မှာ အထည်ဆိုင်ဖွင့်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အထည်တွေတောင်းလို့ရတယ်။ မနက်ဖြန် ငါပို့ပေးနိုင်တယ်"

သူမနှင့် နှစ်ကြိမ်သာ တွေ့ဖူးပေမဲ့ ချင်ရှီးက မော့လင်ကို နှစ်သက်ဆဲပါ။ ဒီကိစ္စအတွက် မကူညီဘဲနေဖို့ဆိုတာ မဖြစ်နိုင်ပါ။

"ငါ အချိန်မှီချုပ်နိုင်ပေမဲ့ မင်းက ဘယ်လို ၀တ်စားဆင်ယင်မှုမျိုး လိုချင်လဲတော့ ငါမသိနိုင်ဘူး။ ရှုပ်ထွေးလွန်းရင် အချိန်နှောင်းသွားနိုင်တယ်။ အမျိုးသားနေ့က လေးရက်ဘဲ လိုတော့တယ်" 
ချင်ရှီးက ပြောသည်။

မော့လင် : "အဆင်ပြေပါတယ်။ စမ်းကြည့်ရအောင်။ မင်း မလုပ်နိုင်ရင်လည်း စစ်ယူနီဖောင်းဘဲဝတ်လိုက်မယ်။ ရှုံးချင်လည်းရှုံးလိမ့်မယ်‌ပေါ့"

ချင်ရှီးက မော့လင်သည် အလွန်ချစ်ဖို့ကောင်းသည်ဟု တွေးကာ ရယ်မောလိုက်သည်။
“ဒါဆို စမ်းကြည့်မယ်လေ။ အဲ့ဒီနေ့ တီးရမဲ့ သီချင်းကဘာလဲ။ စန္ဒယားကရော ဘာအရောင်လဲ။ မင်းပြိုင်ဘက်ရဲ့ အဝတ်အစားအရောင်ကိုကော မင်းသိလား”

မော့လင်က ပြန်ပြောသည်။
"ငါက ဆရာလီရှုဟောင်ရဲ့ "သံမဏိလိုပြင်းထန် စစ်ချီတက်သံ" ကို‌တီးခတ်မှာ။ သူ(မ)ကတော့ "*အဲဒူလင်အတွက် လင်္ကာတစ်ပုဒ်"ဆိုတာကို တီးခတ်လိမ့်မယ်။ သူ့(မ)အဝတ်အစားက အဖြူရောင်ဖြစ်ပြီး စန္ဒယားက အနက်ရောင်ဖြစ်တယ်လို့ သူပြောတာ ကြားခဲ့ရတယ်"

(*အဒူလင်ဆိုတာ ပြင်သစ်အသံထွက်ဖြစ်ပါတယ်။ အင်္ဂလိပ်နဲ့အသံထွက်မယ်ဆို အဲဒလိုင်းလို့ အသံထွက်ပါမယ်)

ချင်ရှီး မျက်ခုံးများပင့်လိုက်မိသည်။

"သီချင်းပုံစံက နှစ်မျိုးဖြစိနေတယ်နော်"

မော့လင်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ်ဝေခွဲမရဖြစ်နေသည်။
"အမျိုးသားနေ့မှာဆိုရမှာကို သူ(မ)က ဘယ်လိုသီချင်းမျိုးကို ရွေးထားတာလဲ။ သီချင်းက မကောင်းဘူးလို့ မဆိုလိုပါဘူး၊ ဒါပေမဲ့ အဆင်မပြေဘူး"

"ဒီလိုအချိန်အခါမျိုးမှာ သူ(မ)ရဲ့အရည်အချင်းကိုပိုပြချင်တယ်ထင်ပါရဲ့”

ဖျော်ဖြေပွဲအတွက် ကန့်သတ်ချက်မရှိပေမဲ့ အမျိုးသားနေ့လို ပွဲတော်တွေမှာ အမိမြေအတွက် သီချင်းတစ်ပုဒ် ဆိုသင့်တာမဟုတ်လားဟု တွေးတောကာ နားမလည်နိုင်ခဲ့ပါ။

နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောရင်း လေထုက ပူလာသည်။

ချင်ရှီး သူမနှင့် စကားစမြည်ပြောလေလေ သူမကို ပိုနှစ်သက်လေလေဖြစ်သည်။ မော့လင်နှင့် ပေါင်းသင်းဆက်ဆံကြည့်ပြီးနောက် သူမသည် နူးညံ့သိမ်မွေ့ပြီး ကလေးဆန်သော်လည်း အလွန်အပြုသဘောဆောင်သော သဘောထားနှင့် အလွန်ရွှင်လန်းသော ကိုယ်ရည်ကိုယ်သွေးရှိပြီး အလွန်ရိုးရှင်းသောလူဖြစ်ကြောင်း သူမ သိလိုက်ရသည်။

မူရင်းစာအုပ်တွင် လီချန်းချန်သည် အဖြူရောင်နှင်းပန်းဖြစ်ပြီး မော့လင်သည် အနီရောင်နှင်းဆီအမျိုးအစားဖြစ်၍ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

ချင်ရှီးသည် အမှိုက်လိုစာရေးဆရာကို တံတွေးထွေးမိသည်။ မည်သို့သော အရှုပ်အထွေးများ ရေးထားသနည်း။ နှင်းဆီတစ်ပွင့်ကို ဖျက်ဆီးလိုက်တယ်ပေါ့လေ။ ဘယ်လိုဇာတ်‌ကြောင်းထိန်းချုပ်မှုပါလိမ့်။ အမျိုးသမီးဇာတ်ဆောင်က သူမဘာသာ လှနေလို့မရဘူးလား။ တခြားတစ်ယောက်ယောက်က ဘာကြောင့်ပူးပေါင်းပေးဖို့ လိုနေရသေးတာလဲ။

ချင်ရှီးသည် ဇာတ်ကြောင်းကို သေသေချာချာ စဉ်းစားခဲ့သော်လည်း စာအုပ်ထဲတွင် သက်ဆိုင်ရာ ဖော်ပြချက်ကို မမှတ်မိသောကြောင့် လက်လျော့လိုက်သည်။

အရေးမကြီးပါဘူး။ တတ်နိုင်ရင်လည်း ကူညီလိုက်ယုံပေါ့။ သူမက မော့လင်ကို တကယ်သဘောကျသည်။

ဆံပင်တိုတိုနှင့် သူရဲကောင်းဆန်သော မော့လင်ကို ကြည့်လိုက်ရာ ချင်ရှီး၏ စိတ်ထဲတွင် လှုံ့ဆော်မှုတစ်ရပ် ဝင်လာသည်။ မှတ်စုစာအုပ်ယူရန် မတ်တပ်ထရပ်ကာ စာရွက်ပေါ်တွင် စန္ဒယားထိုင်တီးနေသော အမျိုးသမီးတစ်ဦးကို အလျင်အမြန် ပုံဆွဲလိုက်သည်။

"ပုံကြမ်းကို ကြည့်ချင်လား"
ချင်ရှီးက မှတ်စုစာအုပ်ကို မော့လင်အား ပေးသည်။

"အနီရဲရဲဝတ်စုံဆိုရင် ဘယ်လိုလဲ။ နောက်မြီးကြီးကြီးနဲ့ နူးညံ့ပျော့ပျောင်းတဲ့ စတိုင်။ မင်းထိုင်တဲ့အခါ မင်းဘေးကို ဖြန့်ကျက်ပြီး မျက်နှာနဲ့ဝတ်စုံကို လုံးဝပံ့ပိုးပေးထားမှာ။ အောက်ဘက်ကုလားထိုင်တွေကနေ စင်မြင့်ကို လှမ်းကြည့်လိုက်ရင် အမြင်အာရုံမှာ ပိုလှပတင့်တယ်လာလိမ့်မယ်။ မီးတွေ လင်းလာတဲ့အခါ အနီရောင်နဲ့ အနက်ရောင်တွေရဲ့ စုပေါင်းမှုက သေချာပေါက် လှပလာလိမ့်မယ်”

မော့လင်သည် စာရွက်ပေါ်မှ  ပြတ်ပြတ်သားသား ရေးခြစ်ထားသော ပန်းချီကို ကြည့်လိုက်တော့ သူမ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
"ကောင်းလိုက်တဲ့ အကြံဘဲ"

မော့လင်က ပိုပိုပြီး သဘောကျလာကာ ချင်ရှီးကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်ပြီး အရမ်းစိတ်လှုပ်ရှားနေသည်။ 
"ချင်ရှီး မင်းက အရမ်းအံ့သြဖို့ကောင်းလိုက်တာ။ မင်း ဘယ်လိုလုပ်ရမလဲဆိုတာကို မြန်မြန်သိသွားပြီ"

ချင်ရှီး : "တီဗီမှာ ဒီလိုမျိုးတွေ့ဖူးတယ်။ လူတွေရဲ့ကောက်ကြောင်းကို ဆွဲလိုက်တာပါ "

"ဒါက အံ့သြစရာဘဲ"
မော့လင်က မှတ်စုစာအုပ်ကို ချင်ရှီးထံ ပြန်ပေးကာ မတ်တပ်ထရပ်ပြီး စိတ်မရှည်စွာ လက်ကို မြှောက်လိုက်သည်။
"အရွယ်အစား မြန်မြန် တိုင်းလိုက်။ ပြီးရင် အထည်ကို ဆက်သွယ်လိုက်မယ်"

ချင်ရှီးက သူမအတွက် တိုင်းတာပေးလိုက်သည်။
"အရည်အသွေးကောင်းတဲ့ အနီရောင် အထည်တွေရှာ များလေကောင်းလေဘဲ။ ဒါဆို မလုံလောက်တာမျိုး မဖြစ်တော့ဘူး"

"ဟမ်… "
မော့လင်က ချက်ချင်း တုံ့ပြန်လိုက်သည်။

"ဒါပေမဲ့ အနီရောင်အထည်က ဝယ်ဖို့မလွယ်ဘူးမဟုတ်လား"
ချင်ရှီးကမေးလိုက်သည်။  
"မင်းသူငယ်ချင်းက အထည်လုပ်ငန်းမှာ လုပ်နေတာဆို ကုန်ပစ္စည်းရဲ့ရင်းမြစ်က ဘယ်ကလာတာလဲမေးလိုက်။  ပြည်တွင်းအထည်ချုပ်စက်ရုံလား ဒါမှမဟုတ်မြို့ရဲ့ဈေးကွက်ကလားဆိုတာ"

မော့လင်က ရယ်လိုက်သည်။
"ငါ့သူငယ်ချင်းက ဒီမှာ စတိုးဆိုင်ဖွင့်တဲ့ ပထမဆုံးလူဘဲ။ သူက လူကြိုက်များတယ်။ နောက်မှ ဖုန်းဆက်လိုက်မယ်။ အနီရောင် အထည်က မနက်ဖြန် ကျိန်းသေရောက်လာလိမ့်မယ်"

ချင်ရှီး၏ နှလုံးက မြန်မြန်ခုန်သွားသည်။
"ဒါဆို ဒီနေ့ နောက်မကျခင် ဒီဇိုင်းဆွဲထားလိုက်မယ်။ အားလုံး အချိန်မီ ပြီးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ချင်ရှီးက ပြုံးပြီး မော့လင်ရဲ့ အရွယ်အစားအတိုင်းအတာ အမျိုးမျိုးကို ချရေးလိုက်သည်။
"နည်းနည်းပိုပြီး ပွင့်လင်းတဲ့ဒီဇိုင်းကို လက်ခံနိုင်လား။ ဥပမာ မင်းရဲ့လက်နှစ်ဖက်ကို လုံးဝဖော်ထားတာမျိုး"

မော့လင်က မျက်ခုံးပင့်လိုက်သည်။
"အဆင်ပြေတယ်။ နွေရာသီမှာဆို ဒီလိုဂါဝန်မျိုးလည်း ၀တ်တယ်။ လူတွေရဲ့အတင်းပြောတတ်တဲ့ ပါးစပ်ကို မကြောက်ပါဘူး။ လှလှလေးဖြစ်ချင်တယ်”

ချင်ရှီးကပြုံးပြီး ခေါင်းညိတ်ပြသည်။
"ကောင်းတယ်"

မော့လင် : "မင်းလေကာအင်္ကျီတွေကိုလည်း ယွမ်နှစ်ဆယ်ကျော်နဲ့ချုပ်ပေးတယ်ဆို။ ဒီတစ်ထည်က ဘယ်လောက်ကျသင့်လဲ"

ချင်ရှီးက တွေးကြည့်ပြီးနောက် ဘယ်လောက်သင့်တော်လဲဆိုတာ သူမ မသိချေ။

'ရှစ်ဆယ်ဆို လုံလောက်လား။ ဒါမှမဟုတ် တစ်ရာဆိုရင်ကော'
ချင်ရှီးက တွေးနေတုန်းမှာဘဲ မော့လင်ကအရင်ပြောလာသည်။
"ရှစ်ဆယ်ဆို လုံလောက်လား။ တစ်ရာလောက်များ ရှိမလား"

ချင်ရှီးက အနည်းငယ် အံ့အားသင့်သွားသည်။ သူမက ထိုသို့ စဉ်းစားချင့်ချိန်တတ်လိမ့်မည်ဟု မတွေးမိပေ။

မော့လင်တို့လိုလူတွေက တပ်ထဲရောက်နေပြီး တစ်လကို လစာ ထောက်ပံ့မှုတွေ အများကြီး ရနေသေးပေမဲ့ လစာတိုးဖို့ လနဲ့ချီအောင် အချိန်လိုနေသေးတယ် မဟုတ်လား။ ဒီတန်ဖိုးပေးချေမှုက အရမ်းတန်ပါသည်။

ဒါပေမဲ့ အခု အိမ်မှာရှိနေတဲ့ မော့လင်အကြောင်း တွေးကြည့်တော့ သူမက အများကြီး သုံးဖြုန်းတတ်သည့်ဟန်မရှိပေ။ ပုံမှန် ငွေစုနိုင်တဲ့သူမို့ ချင်ရှီး စိတ်သက်သာရာ ရသွားသည်။

"ရှစ်ဆယ်"
ချင်ရှီးက သူမကိုကြည့်ကာ ပြုံးလိုက်သည်။
"ခင်မင်မှု‌လျော့ဈေးတစ်ခုပေးမယ်"

"ဒါဆို ငါမင်းကို မယဉ်ကျေးတော့ဘူးနော်"
မော့လင်က ဒါကိုကြားတော့ ရယ်သည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တစ်ဖက်လူက ကိုယ့်မျက်လုံးထဲမှာ အရမ်းကို သင့်တော်ကောင်းမွန်တယ်လို့ ခံစားလိုက်ရသည်။

"သွား‌တော့မယ်။ ငါ အထည်စကို အမြန်သွားရှာရမယ်"
ချင်ရှီးက သူမအား စပေါ်ငွေပေးရန်မတောင်းတာကြောင့် မော့လင် လှည့်ပြီး ထွက်သွားသည်။

မော့လင်ကအလျင်အမြန်ထွက်သွားပြီးနောက် ကျောင်းမှ အိမ်ပြန်လာသော ကုချင်းဟိုင်နှင့် ဆုံလေသည်။ သူက မော့လင်ကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်သော်လည်း ခဏတာ တုံ့ပြန်နိုင်ခြင်းမရှိပေ။

ဂါဝရတရားအရ ယဉ်ကျေးသိမ်မွေ့မှုဖြင့် ကုချင်းဟိုင်က အလိုလိုနှုတ်ဆက်လိုက်သည်။
"အန်တီ"

မော့လင်က ပြုံးပြီး ခေါင်းညိတ်ကာ ပြန်ဖြေပြီး အမြန်ထွက်သွားသည်။

ကုချင်းဟိုင်သည် သူ့ခေါင်းကို လှည့်၍ မော့လင်၏ ကျောပြင်ကို ကြည့်ရင်း စိတ်မကြည်မသာဖြစ်မိသည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးကာ မျက်လုံးများပြူးကျယ်၍ အိမ်သို့ ပြေးသွားသည်။

"မေမေ မေမေ"

"မေမေ မင်း..."

ကုချင်းဟိုင်သည် ပြုံးနေတဲ့ ချင်ရှီးကိုကြည့်ပြီး မျက်လုံးမှိတ်ချလိုက်သည်။ "အဆင်ပြေလား"

ချင်ရှီးသည် ကုချင်းဟိုင်၏ဆိုလိုရင်းကို နားမလည်တာကြောင့် ပထမတော့ အံ့အားသင့်သွားပေမဲ့ အမြန်စဉ်းစားလိုက်သည်။ မော့လင်က အခုမှ ထွက်သွားတော့ သူနှင့် ဆုံမိသွားတာ ဖြစ်နိုင်သည်။

ချင်ရှီးရဲ့မျက်နှာပေါ်က အပြုံးက ပို၍ တောက်တောက်ပပဖြစ်လာသည်။ 
"အဆင်ပြေပါတယ်။ ဘာကိစ္စရှိလို့လဲ။ မင်းရဲ့အန်တီမော့ကို တွေ့လာလို့လား"

ကုချင်းဟိုင်ကအနည်းငယ် မှင်တက်သွားသည်။
"အွန်း"

'အန်တီမော့က ဘာလို့ဒီကိုရောက်နေတာလဲ။ မေမေနဲ့ အဆင်မပြေတာလား။ ဒါပေမဲ့ နှစ်ယောက်စလုံးက ပြုံးနေကြတယ်။ သဘောထား ကွဲလွဲနေပုံမရဘူး။ရန်ဖြစ်ကြတာလား…မဟုတ်ဘူးလား'

ကုချင်းဟိုင်၏ စိတ်ထဲတွင် အတွေးများစွာ လွင့်ပျံလာသည်။

ချင်ရှီးက ကုချင်းဟိုင်ရဲ့ ခေါင်းကို ပုတ်ပြီး သူ့ကို ကူညီပေးဖို့ တောင်းဆိုလိုက်သည်။ ယခုအခါ အနည်းငယ်နောက်ကျနေပြီး ဟင်းမကြော်ရသေးပါ။

ချင်ရှီးက မရှင်းပြတာကိုမြင်တော့ ကုချင်းဟိုင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သိပ်မကြာခင် လုကျဲ့ထျန်း ပြန်ရောက်တော့ ကုချင်းဟိုင်က သူ့နံဘေးကို အမြန်သွားပြီး တိုးတိုးလေး ပြောသည်။
“ဖေဖေ ကျွန်တော် ပြောစရာရှိတယ်” 

ကုချင်းဟိုင်၏ တိတ်တခိုးအပြုအမူပုံစံက အနည်းငယ် ရယ်စရာကောင်းသည်။

လုကျဲ့ထျန်း : "ဘာကိစ္စလဲ"

ကုချင်းဟိုင်၏ အမူအရာမှာ လေးနက်လာသည်။
"ကျွန်တော် အခု ကျောင်းကပြန်လာပြီး အန်တီမော့က အိမ်ထဲက ပြေးထွက်လာတာတွေ့လိုက်တယ်"

လုကျဲ့ထျန်းက သူ့လက်ကို ဆေးရင်း ခဏရပ်လိုက်သည်။
" ဟမ်… မင်းအမေရဲ့ တုံ့ပြန်မှုကရော ဘယ်လိုလဲ"

ကုချင်းဟိုင်က စိတ်ရှုပ်စွာ ခေါင်းကုတ်လိုက်သည်။
"ပြုံးနေတယ်။ အန်တီမော့လည်း ပြုံးနေတယ်"

လုကျဲ့ထျန်းက ထိုအရာကို ကြားပြီးနောက် သူ့လက်ကို ဆက်လက်ဆေးကြောလိုက်သည်။
"ဒါဆို အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့ သွားတော့။ လက်ဆေးပြီး ထမင်းစားဖို့ မင်းညီ၊ညီမငယ်တွေကို ခေါ်လိုက်"

ကုချင်းဟိုင်က ခေါင်းညိတ်ပြပြီး အမြွှာတွေကို ခေါ်ဖို့ နာခံစွာ သွားလေသည်။ ဘာဘဲဖြစ်ဖြစ် အခု ဖေဖေ သိသွားတော့ သေချာပေါက် ဖြေရှင်းပေးလိမ့်မည်။

လုကျဲ့ထျန်းသည် မျက်နှာပေါ်တွင် တည်ငြိမ်နေဟန်ရှိနေသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူသည် သူ့လက်ပေါ်ရှိ ရေများကို ခါယမ်းကာ မီးဖိုချောင်ထဲသို့ အမြန်လျှောက်သွား၍ ချင်ရှီးအား ပန်းကန်များကို စီစဉ်ပေးသည်။

"မော့လင် အခုလေးတင်လာသွားတာလား"

ချင်ရှီးက သူ့ကို လှမ်းကြည့်သည်။
"နင် သိတယ်လား"

လုကျဲ့ထျန်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။
"သူ(မ)က မင်းဆီက ဘာလိုချင်လို့လဲ"

သူ တကယ်မေးချင်သည်က မင်းတို့နှစ်ယောက် စကားမများကြဘူးလား ဟူ၍ပင်။

"ငါ့ကို အဝတ်အစားလုပ်ခိုင်းတာပါ"
ချင်ရှီးက သူ့ကိုကြည့်ရင်းဖြေသည်။

"အမျိုးသားနေ့ဝတ်ဖို့ အပြေးအလွှားလုပ်ရမှာပေါ့။ ငါဒီရက်အနည်းငယ်အတွင်း ချက်ပြုတ်ဖို့မအားဘူး။ ဆိုင်ကနေ ပြန်ယူလာလို့ရမလား ”

လုကျဲ့ထျန်း အံ့အားသင့်သွားသည်။

ချင်ရှီး၏ လေသံနှင့် ဆက်ဆံရေးအရ သူတို့နှစ်ဦး စကားများရန်ဖြစ်ကြခြင်းမရှိဘဲ တော်တော်‌လေးအခြေအနေကောင်းသည်ဟု တွေးနေမိသည်။

လုကျဲ့ထျန်း:  "သူမက အမြန်ဝန်ဆောင်ခပေးမှာလား"

"ဟင့်အင်း"
ချင်ရှီးက ပန်းကန်လုံးကို ထမင်းဖြည့်လိုက်သည်။

အမြန်အခကြေးငွေကို အထူးပေးဆောင်ခြင်းမဟုတ်သော်လည်း အခကြေးငွေမှာ သူမ၏ နှစ်လ လစာဖြစ်သည့် အလွန်များပြားလှသော ပမာဏပင်။

လုကျဲ့ထျန်းသည် ထိုစကားကိုကြားသောအခါ အံသြသွားကာ သူတို့နှစ်ဦး ဘာဖြစ်သွားကြသည်ကို မစဉ်းစားနိုင်တော့ပေ။

ချင်ရှီးက ပိုက်ဆံဆုံးရှုံးတဲ့စီးပွားရေးကို မလုပ်နိုင်ဘူး။ မော့လင်ကလည်း အမြန်အခကြေးငွေမပေးဘူး။ ဒါ‌ကြောင့် တခြားအမှာစာတွေကို ပယ်ချပြီး အရင်လုပ်လို့ရနိုင်မလား…မရဘူးလေ။

လုကျဲ့ထျန်းသည် မျက်မှောင်ကြုတ်ကာ တွေးနေသည်။ ချင်ရှီးက သူ၏ဝေခွဲမရဖြစ်နေသော  အသွင်အပြင်ကို မြင်သောအခါ ခွီးကနဲ ရယ်လိုက်သည်။
"သူမက ဒီဝတ်စုံအတွက် ငါ့ကို ရှစ်ဆယ်ပေးတယ်"

လုကျဲ့ထျန်းက  နည်းနည်း အံ့သြသွားသည်။

"ဒါဆို အများကြီးဘဲ"

အဖြစ်အပျက်ကို နားလည်ပြီးနောက် လုကျဲ့ထျန်းက ရယ်မောလိုက်သည်။
"မင်းရဲ့ တိုးတက်မှုအရ မင်းငွေရှာတာ အရမ်းမြန်တယ်။ နှစ်အနည်းငယ်အကြာမှာ သန်းကြွယ်သူဌေးဖြစ်လာလိမ့်မယ်"

ချင်ရှီးက သူ့ကို စွေကြည့်လိုက်သည်။
"အဲ့ဒီအခါ ငါတို့ရဲ့စာချုပ်က သက်တမ်းကုန်သွားရင် ငါက သက်တမ်းတိုးမှာမဟုတ်တော့ဘူး"

လုကျဲ့ထျန်း၏မျက်နှာပေါ်မှ အပြုံးသည် ရုတ်တရက် အေးခဲသွားပြီး သူတို့ချုပ်ဆိုထားသော စာချုပ်ကို သတိရမိသည်။ ထိုအချိန်ရောက်သောအခါတွင် နှစ်ဖက်သဘောတူစာချုပ်ကို ပြန်လည်ချုပ်ဆိုနိုင်ကာ စာချုပ်သက်တမ်းတိုးရန်နှင့် စာချုပ်ပါအကြောင်းအရာကို ပြောင်းလဲခြင်း ရှိ၊မရှိကို ရွေးချယ်နိုင်သည်။

ကလေးများသည် ဟင်းပွဲအသစ်စားရန်အတွက် အားတက်သရော ဝင်လာကြသည်။ လုကျဲ့ထျန်းသည် ကလေးများနှင့် စကားပြောနေသော ချင်ရှီးကို ကြည့်ပြီး စိတ်ထဲမှာ ထူးဆန်းသလို ခံစားလိုက်ရသည်။

'သိပ်အဆင်မပြေဘူး'

မည်ကဲ့သို့ ခံစားခံနေရသည်ကိုလည်း မဖော်ပြနိုင်ပေ။

_***_


80ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Where stories live. Discover now