Unicode
ခဏပဲဆိုပြီးပြန်လာခဲ့ပေမယ့် ဒီနေ့နဲ့ဆိုရင် Matthew ကနေဒါကိုရောက်တာ၂၄ရက်ရှိပြီ။ အမှန်က အခုMatthewလုပ်နေတဲ့အလုပ်တွေက အရင်ကတည်းကပြီးပြတ်ခဲ့ရမှာပါ။ ဒါပေမယ့် အမေ့နာရေးလည်းအပြီး သူလည်းကားတိုက်ဒဏ်ရာအရှင်းပျောက်တာနဲ့ သူရဲဘောကြောင်ပြီး ကိုရီးယားကိုရှောင်ပြေးမိခဲ့တာကိုး။
အမေ့အမှုအတွက် သက်သေထွက်ဆိုပေးရတဲ့တရားခွင်မှာ Matthewက ခေါင်းကိုအမြဲတမ်းစိုက်စိုက်ငုံ့ထားတတ်တယ်။ သူများတွေလိုမျိုး အမေ့အမှုကတော့ဒီလိုပါ၊ ကျွန်တော်မြင်ခဲ့တာကတော့ဒီလိုအနေအထားပါ စသဖြင့် အဆုံးသတ်မှာ တရားခံကိုအပြစ်နိုင်ပေးဖို့ အားတက်သရောဖြောင့်ချက်ပေးချင်ပေမယ့် Matthewမှာအဲ့လိုလုပ်နိုင်ဖို့ လုံလောက်တဲ့ခွန်အားရှိမနေပါ။
ပြီးတော့ တရားခွင်မှာရှိနေတဲ့တရားသူကြီးတွေ ရှေ့နေတွေလိုမျိုး အဖေ့ကိုလည်းမေးခွန်းအများကြီးမထုတ်ချင်။
သူအခွင့်ရရင်မေးချင်တာက တစ်ခုတည်း။
"အဖေ ဘာလို့အမေ့ကိုသိပ်ချစ်ရသလဲ"
အမေ့ကိုရည်ရွယ်ချက်ရှိရှိနဲ့သေစေလိုတဲ့စိတ် အဖေ့မှာမရှိတာကိုMatthewအသိဆုံးမို့ ကိစ္စအားလုံးအတွက် အချစ်ဆိုတဲ့အရာကိုပဲအပြစ်တင်မိတယ်။
ချစ်မိသွားရင်ချုပ်ချယ်စိုးမိုးချင်လာမယ်။
ချစ်မိသွားရင်မနာလိုဝန်တိုစိတ်ကြီးလာမယ်။
ချစ်မိသွားရင်အတ္တကြီးလာမယ်။Matthewကတော့ မချစ်ချင်ဘူး၊ ဘယ်တော့မှလဲမချစ်ဘူး။
အဲ့လိုမျိုးယတိပြတ်ဆုံးဖြတ်ထားတဲ့Matthewကို Jiwoong Hyungက ခဏခဏအာရုံစိုက်မိလာအောင်လုပ်ခဲ့တာ။ မလှုပ်တလှုပ်နဲ့အေးတိအေးစက်Hyungက ကျောင်းသားရေးရာအဖွဲ့ရဲ့ခေါင်းဆောင်သာမဟုတ်ခဲ့ရင် Dramaတွေထဲကလို သူများအနိုင်ကျင့်တာခံရမယ့်ကာရိုက်တာလို့ထင်တယ်။ အဲ့လိုတွေးမိတာနဲ့တစ်ဆက်တည်းမှာပဲ Matthewက သူ့ရဲ့အထက်တန်းကျောင်းသားဘဝကိုပါသိချင်လာလေ့ရှိတယ်။
အဲ့လိုပဲ Jiwoong Hyungနဲ့ပတ်သတ်ရင် Matthewရဲ့သိချင်စိတ်တွေက တစ်ခုနဲ့တစ်ခုချိတ်ဆက်နေပြီး ဘယ်တော့မှလည်းရပ်တန့်မသွားခဲ့ဘူး။ အဲ့ဒါက ချစ်မိသွားရင်ရဲ့နံပတ်တစ်အချက် ချုပ်ချယ်စိုးမိုးချင်လာတာရဲ့ အစဖြစ်ကြောင်းကိုတော့ Matthewလုံးဝမရိပ်မိခဲ့ပါဘူး။