Unicode
သူအချိန်ပိုင်းအလုပ်လုပ်ချင်တယ်ဆိုတော့ အဖေက ဘာကြောင့်ဘာဖြစ်တယ်မေးခွန်းမထုတ်သလို တစ်ခွန်းတစ်လေမျှတောင်ကန့်ကွက်စကားမပြော။
ငယ်ငယ်ကတည်းကအနေအေးပြီး တစ်ယောက်တည်းသီးသီးသန့်သန့်နေတတ်တဲ့Jiwoongဟာ အမေဆုံးပြီးနောက် အဖေဖြစ်သူနောက်အိမ်ထောင်ပြုတော့လည်း လုံးဝဝင်မစွက်ဖက်ခဲ့။ ဒါကြောင့်လည်း ဖခင်ဖြစ်သူက သူဘာပဲလုပ်လုပ် ဘာပဲဖြစ်ချင်ဖြစ်ချင် လုပ်ခွင့်၊ဖြစ်ခွင့်ပေးထားတာဆိုလည်းမမှား။
Jiwoongအတွက်နောက်ထပ်ကံကောင်းတာတစ်ခုက အဖေယူလာတဲ့နောက်မိန်းမကလည်း သူ့ထက်10နှစ်လောက်ပဲကြီးပေမယ့် သူ့ကိုတော့သားတစ်ယောက်လို မောင်တစ်ယောက်လိုသဘောထားခြင်းပင်။
အခု အချိန်ပိုင်းအလုပ်ဆိုတာကလည်း အခြားသူစိမ်းရဲ့လုပ်ငန်းမဟုတ်၊ အဖေ့အတွင်းရေးမှူးရဲ့အစ်မအရင်းဖွင့်ထားတဲ့ပါစတာဆိုင်။ ဒါက သားဖြစ်သူ သူစိမ်းတစ်ရံဆီမှာအလုပ်သမားတစ်ယောက်လိုအဆက်ဆံမခံရစေဖို့အတွက် အဖေ့ရဲ့လျို့ဝှက်ဂရုစိုက်မှုတစ်ခုဖြစ်မယ်ဆိုတာ သူခန့်မှန်းတတ်ပါတယ်။
"သက်တောင့်သက်သာနေနော် သား ... အရမ်းအပင်ပန်းမခံနဲ့"
အလုပ်ရှုပ်နေတဲ့ကြားကနေ သူ့ကိုဧည်သည်တစ်ယောက်လိုဖော်ရွေတဲ့အဒေါ်ကြီးတို့မိသားစုကြောင့် သူ့မှာအားလည်းနာရတယ်။
"ဒါပေမယ့် ကျွန်တော်အခုထိဘာမှမလုပ်ရသေးဘူး အဒေါ်ကြီး"
"ဒီအတိုင်းငြိမ်ငြိမ်လေးရုပ်ထိုင်ချောပေးနေရင်ရပြီ ... ဟိုမှာ သားကြောင့်ဆိုင်ကမပြန်ချင်သေးဘဲထပ်ထပ်မှာတဲ့ဝိုင်းတွေ ဘယ်နှစ်ဝိုင်းတောင်ရှိနေပြီလဲ"
အဒေါ်ကြီးရဲ့စကားကို Jiwoongကဘာမှဆက်မတုန့်ပြန်တော့။ ဘာပြန်ပြောလို့ပြောရမှန်းမသိတာဆိုပိုမှန်ပါလိမ့်မယ်။
Matthewလည်း အရင်တုန်းက သူ့ရုပ်ရည်နဲ့ပတ်သတ်ပြီးမကြာခဏချီးကျူးလေ့ရှိတယ်။ အဲ့လိုအချိန်မျိုးဆို ရှက်တတ်တဲ့Jiwoongက ရှက်ရမ်းရမ်းပြီး Matthewရဲ့လည်ပင်းညှပ်ရိုးအပေါ်မျက်နှာအပ်ထားချင်ထားလိမ့်မယ်၊ ဒါမှမဟုတ် ပါးရိုးပေါ်ကမှဲ့လေးကို အသည်းယားစွာနမ်းချင်နမ်းလိမ့်မယ်။