ကျွန်မတို့ဟာ ကိုယ်ရှိချင်နေတဲ့ နေရာမျိုးမှာ ရှိမနေနိုင်ပါ ။ရှိနေဖို့လည်းမလိုပါ ။အဲ့သည်လိုမလို့လည်း ဒါတွေအားလုံးဟာ ကြောက်စရာကောင်းတာတွေဖြစ်နေခဲ့တာဖြစ်သည် ။
ရှန်ပိန်ပုလင်းတင်ထားတဲ့ စားပွဲပေါ်မှာ စီးကရက်ပြာချရန် ဖန်ပန်းကန်ပြားတစ်ချပ် တင်ထားခဲ့မိသည် ။ဂုဏ်ပြုပွဲတွေဘာတွေ မရှိသော်ငြား ကျွန်မသည် သည်လိုတစ်ယောက်တည်း လုပ်ချင်ရာလုပ်ရတဲ့အရသာကို အလွန်ချစ်သည် ။ပါးစပ်ကတေ့ပြီးသား စီးကရက်ကို ပန်းကန်ထဲ နှစ်ချက်တောက်ချ၍ ကိုက်ခဲနေတဲ့ခါးကို ဆိုဖာပေါ်မှာ လှဲနေမိရာကနေ နေရာရွေ့မိပြန်၏ ။
ဘာကြောင့် ကျွန်မဟာ လမ်းပျောက်နေရသလဲ ။စာအုပ်တစ်အုပ်ကို ရင်ဘက်မှာ ပိုက်ရက်နဲ့ အတွေးတွေချာလည်ရိုက်နေခဲ့ရသလဲ ။
လွန်ခဲ့တဲ့တစ်ပတ်က နေတွေကျစ်ကျစ်တောက်ပူနေခဲ့တာမလို့ ဂေါက်ရိုက်ဖို့ရာတောင်မဖြစ်နိုင်ခဲ့ပါ ။အခုတော့လည်း မိုးတွေသည်းကြီးမည်းကြီးရွာနေလိုက်တာ ဘယ်ကအငြိုးနဲ့ပါလိမ့်လို့မှတ်ရမည် ။
ပညာသင်ဆုရအောင် ခဲရာခဲဆစ် ကျွန်မသည် ဘန်ဆိုတဲ့ကောက်ရိုးမျှင်ကို ဖမ်းဆုပ်ခဲ့ရသည် ။အင်းပေါ့ နှစ်နှစ်ကာကာကြီး ဖမ်းဆုပ်ပစ်လိုက်တာဆိုပိုမှန်ပါတယ် ။
တစ်ခါ ၊ တစ်ခါ သူမနဲ့တစ်ခြားမိန်းမတစ်ယောက် ကိစ္စကိုတွေးပြီး ငိုမိတယ် ။အကြောင်းအရင်းကြီးကြီးမားမားခိုင်လုံစွာ မရှိပဲနဲ့ကို အရူးလို မြက်ခင်းစိမ်းတွေပေါ် ပြိုလဲရင်း ငိုချချင်လိုက်တာဖြစ်သည် ။ဘာလို့ ကျွန်မဘဝဟာ အဲ့လောက်ဆိုးရလဲလို့လဲ အောင့်မေ့မိတာလည်းအခါခါဖြစ်၏ ။
ကျွန်မဟာပဲ ဘောင်အပြင်က မိန်းမလား ။အရာအားလုံးက ကျွန်မဆီက အခုအရာတွေများရှိမနေတော့လောက်ရင် မြေဖို့ပစ်ဖို့ လုပ်လိုက်ကြအုံးမလား ။အို သူတို့ ပစ်ပစ်ခါခါလုပ်ပစ်လိုက်မှာအသေချာပါလေ ။ဒါကိုလည်း ကျွန်မ သိပါသည် ။
တန်ဖိုးကြီး အရာတွေကို အလွန်ချစ်တဲ့မိန်းမအနေနဲ့ ရှင်သန်လာရတဲ့အတွက် ဘန့်ကိုဖမ်းဆုပ်ခဲ့ရသည်ဆိုတာကိုလည်း မမှားခဲ့ပါ ။အထူးသဖြင့် ဘာလင်နိုက စံအိမ်ဟာ ကျွန်မဘဝဖြစ်သည် ။အဲ့သည်လို ကျွန်မကို ဖမ်းဆုပ်ပေးနိုင်မဲ့ လူဟာ ဘန်ဖြစ်မယ်လို့တော့ တစ်ဘဝလုံး မျှော်လင့်ခဲ့ဖူးပါသည် ။မဟုတ်ခဲ့ရင်များလည်း ရိုက်ချခံရလိုက်ရမဲ့အကျဟာ ဘယ်လောက်တောင်ပြင်းလိုက်မလဲလို့လည်း တွေးခဲ့ဖူးသည် ။