နှိုးစက်မြည်သံ တတီတီကြောင့် ယူဂျင်း မျက်လုံးကို အားယူ၍ ဖွင့်ကြည့်လိုက်၏။တစ်ခါမှနှိုးစက်ပေးပြီး မအိပ်ဖူးသဖြင့် နှိုးစက်မြည်သံအကြောင်းကို မနည်းအမှီလိုက်နေစဥ်မှာပင် ခေါင်းထဲသို့ဝင်လာသည့်ရက်စွဲတစ်ခုကြောင့် ခပ်လေးလေးဖြစ်နေသည့် မျက်ဝန်းများက ဆတ်ခနဲ ပြူးကျယ်သွား၏၊။ ယနေ့က စေ့စပ်ပွဲနေ့ပင်။
မကြာမီမှာပင် တံခါးခေါက်သံထွက်ပေါ်လာပြီး မယ်တော်၏အသံကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။
"ယူဂျင်းနီး၊ သားတော်လေး ထတော့နော်။ ခဏနေရင် မယ်မယ် သားတော်ကို ပြင်ဆင်ပေးမယ့်အဖွဲ့ကို လွှတ်လိုက်တော့မယ်။"
မယ်မယ်ကိုယ်တိုင်တောင် လာနှိုးတာပေါ့လေ။ ဒီနေ့ပွဲအတွက် အရမ်းကို တက်ကြွနေတာပဲ။
မယ်မယ်ကိုယ်တိုင်ကပါ လာနှိုးသည်အထိ ယနေ့ပွဲအတွက် တက်ကြွနေကြ၍ ယူဂျင်း အိပ်ယာပေါ်ရှိ ယုန်ရုပ်ကြီးအား မကျေမနပ်ဖြင့် ထုရိုက်ကန်ကျောက်နေလိုက်သည်။
ᥫ᭡ ֶָ֢ ____𓆰♕𓆪 ____ ᥫ᭡ ֶָ֢
"ငါတို့မင်းသားလေးက တကယ်ချောတာပဲ။ မြောက်ကိုရီးယားသားရဲ့ passport ကို သိမ်းနိုင်တာ မအံ့သြတော့ပါဘူး။"
"ချီးကို သိမ်း! လျိုထျန်းယွဲ့! ငြိမ်ငြိမ်နေစမ်ပါ!"
ပြုံးစိိစိမျက်နှာထားဖြင့် သူ့အား ဟိုဆွဲဒီဆွဲ လာစနောက်နေသည့် အိုလီအား ယူဂျင်း အော်ပစ်လိုက်၏။ နှစ်ယောက်သားသည် မူကြိုကတည်းက လည်ပင်းဖက်ပေါင်းလာသည့် ပြောမနာဆိုမနာသူငယ်ချင်းများဖြစ်၍ ယနေ့လည်း ယူဂျင်း၏နန်းဆောင်သို့ မနက်အစောကတည်းက ရောက်နေပြီး လိုက်လံစနောက်နေခြင်း။ ယနေ့ စေ့စပ်ပွဲ၌ မယ်တော်တို့နှင့်အပြိုင် တက်ကြွနေသည့် သကောင့်သားက ယူဂျင်း၏ခေါင်းကိုင်ဖခင်အလား။
စေ့စပ်ပွဲအတွက် အထူးပြင်ဆင်ထားသည့် အဖြူရောင်ဝတ်စုံက ယူဂျင်း၏ ခပ်သွယ်သွယ် ခန္ဓာကိုယ်ပေါ်၌ ချပ်ရပ်နေကာ တော်ဝင်စေ့စပ်ပွဲအခမ်းအနားဖြစ်၍ မင်းသားတစ်ပါး၏အဆောင်အယောင် အပြည့်အစုံကိုလည်း ဆင်မြန်းထား၏။ စတိုင်လစ်များ၏ ချော့မော့ပြင်ဆင်ပေးမှုကြောင့် မျက်နှာလှလှလေးပေါ်တွင်လည်း မိတ်ကပ်ခပ်ပါးပါးရှိနေ၍ နဂိုချောမောသည့်မျက်နှာလေးမှာ မထိရက်စရာပင်။