"ဒီနေ့တော့ ဒီလောက်ပါပဲ။ အားလုံး ပင်ပန်းသွားကြပြီ။"တဘက်တစ်ထည်ဖြင့် ချွေးသုတ်နေသည့် ဟန်ဘင်းဟျောင်းက သင်တန်းသားများအား ခပ်ပြုံးပြုံး နှုတ်ဆက်စကားဆိုလာ၏။ လာမည့်အပတ်၌ မိဘမဲ့ကျောင်းတစ်ခု၏ရန်ပုံငွေပွဲတွင် ဖျော်ဖြေပေးရန် ယူဂျင်းတို့ Dance Clubက တာဝန်ယူထားသဖြင့် လေ့ကျင့်နေကြခြင်း။
"ဟျောင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်။"
"ဟုတ်ပါပြီ။ ကောင်းကောင်းပြန်ကြနော်။"
"ဟန်ဘင်းနီးဟျောင်း၊ ကျွန်တော်တို့ အားလုံး အတူတူပြန်ကြမလား၊ ကာရာအိုကေဆိုင် ဝင်ရအောင်။"
နန်းတော်သို့ မပြန်ချင်သေးသည့် ယူဂျင်းက ဟန်ဘင်းဟျောင်းအား အဖော်ညှိလိုက်ရာ ဘေးမှ အိုလီက မသိမသာ အံကြိတ်ပြလာသည်။
ဒီကောင်တော့ ပြဿနာကို မီးထွန်းရှာချင်နေတယ်။
သို့သော်လည်း အိုလီ အတွေးမဆုံးမီမှာပင် ဟန်ဘင်းဟျောင်းက ပျာပျာသလဲလဲ ငြင်းလာ၏။
"အယ် .. ယူဂျင်းနီး၊ ဟျောင်းက မပြန်သေးဘူး။ ဝင်စရာရှိသေးလို့။"
"သြော် ယူဂျင်းကလည်း .. ငါတို့ဟျောင်းက Music Club ကို ပြေးရဦးမယ်လေ။ မင်းလည်း သိရဲ့ရက်သားနဲ့။"
"ဟျောင်း ဂရုစိုက်သွားဦး။ Music Club ကိုသွားတဲ့လမ်းက ဟျောင်းကြောင့် ချောင်းပေါက်ပြီး ရေစီးတအားသန်နေပြီတဲ့၊ ကျွန်တော်တောင် လှေငှားစားမလားလို့ တွေးနေတာ။"
"Club နှစ်ခုကို ဘေးချင်းကပ််ရက်အခန်းတွေ စီစဥ်ပေးဖို့ ကောင်စီကို တင်ပြဦးမှပါကွာ။"
တစ်ယောက်တစ်ပေါက် စနောက်သံများကြား ဟန်ဘင်းဟျောင်းက အိတ်ကိုဆွဲကာ ချက်ချင်း လစ်ပြေးသွားသဖြင့် ယူဂျင်းတို့လည်း ရယ်ရယ်မောမောနှင့် ပစ္စည်းများသိမ်းကာ ကျောင်းပေါက်ဝသို့ လျှောက်လာလိုက်ကြသည်။
နာရီကို တစ်ချက်ကြည့်လိုက်ရာ ညနေခြောက်နာရီခွဲနေပြီဖြစ်၍ ထိုသူလည်း ပြန်သွားလောက်ပြီဖြစ်ရာ လာကြိုပေးရန်အတွက် ဒရိုင်ဘာမင်ကို ဖုန်းလှမ်းဆက်ရန် ကြံလိုက်သော်လည်း စိတ်ပြောင်းသွား၍ Bus နှင့်ပြန်ရန်သာ ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဒရိုင်ဘာမင်က ထိုအကြောင်းကို မယ်မယ့်အား တင်ပြလိုက်ပါက နေရင်းထိုင်ရင်း အပွားခံနေရဦးမည်လေ။