"တောင်မြောက်ချစ်ကြည်ရေးအတွက် သားတော်လေး ဟိုဘက်နိုင်ငံက သမ္မတဂင်မ်ရဲ့သားနဲ့ လက်ထပ်ရမယ်။""မယ်မယ် ဒါက..."
"ချက်ချင်း လက်ထပ်ခိုင်းတာ မဟုတ်ပါဘူး သားငယ်ရယ်။ အရင်ဆုံး စေ့စပ်ထားရုံပါပဲ။"
ဟန်ယူဂျင်း ပြောစရာစကားများပင် ပျောက်ရှသွားရ၏။
ᥫ᭡ ֶָ֢ ____𓆰♕𓆪 ____ ᥫ᭡ ֶָ֢
တောင်ကိုရီးယား၏ တော်ဝင်မင်းသား ဟန်ယူဂျင်း။
တော်ဝင်မိသားစု၏ အငယ်ဆုံးမိသားစုဝင်၊ ငယ်စဥ်ကတည်းကပင် ဘုရင်နှင့်မိဖုရားသာမက အစ်ကိုတော် အိမ်ရှေ့စံကပါ သည်းသည်းလှုပ် အလိုလိုက်ထားပြီး ခမည်းတော်နှင့်အစ်ကိုတော်ကဲ့သို့လည်း နိုင်ငံ့တာဝန်များကို မဖြစ်မနေထမ်းဆောင်ရန် မလိုအပ်သဖြင့် လူငယ်ဘဝကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူတစ်ဦး။
သို့သော် ယနေ့တွင်မူ မယ်တော်က နန်းတော်သို့ စောစောပြန်ခဲ့ရန် မှာလိုက်သဖြင့် သူငယ်ချင်းများနှင့် ချိန်းထားသည်များကို ဖျက်၍ တကူးတကပြန်လာခါမှ ထူးဆန်းသည့် စကားများကို ကြားလိုက်ရခြင်း။
ဘာလဲ!ဘာချစ်ကြည်ရေးအတွက် လက်ထပ်တာလဲ! 2023တောင် ရောက်နေပြီလေ!
"ဒီစကားတွေကို သားတော် မယုံနိုင်ဖြစ်နေမှာ ခမည်းတော် နားလည်တယ်။ ဒါပေမယ့် နိုင်ငံရေးအခြေအနေက စိတ်ချလို့မရသေးတာ သားတော် အသိပဲလေ။ ဒီတော့ တောင်ကိုရီးယားနိုင်ငံရဲ့ တော်ဝင်မင်းသားတစ်ပါးအနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးကိုထိန်းသိမ်းဖို့အတွက် သားတော်မှာ တာဝန်ရှိတယ်။"
ခမည်းတော်၏စကားအဆုံးတွင် ယူဂျင်း အစ်ကိုတော်ဖြစ်သူအား မျက်လုံးဝိုင်းဝိုင်းလေးများနှင့် အားကိုးတကြီး လှမ်းကြည့်လိုက်၏။ အစ်ကိုတော်သည် စည်းကမ်းကြီး၍ အနေအထိုင်တည်ကြည်သော်လည်း ယူဂျင်းနှင့်ပတ်သတ်လျှင်တော့ ခမည်းတော်နှင့်မယ်တော်ထက်ပင် ပို၍အလိုလိုက်ပေးလေ့ရှိသည် မဟုတ်လား။