ယူဂျင်း စာသင်ခန်းထဲ၌ ထိုင်နေရင်း ဂနာမငြိမ်ဖြစ်နေသည်။ ယနေ့ သူတို့မေဂျာမှ အငြိမ်းစားယူသွားသည့် ပါမောက္ခ၏နေရာတွင် အစားဝင်မည့် ပါမောက္ခသစ် ရောက်လာမည်ဟု ကြားကတည်းက ထိုင်မရထမရဖြစ်နေခြင်း။"ဟန်ယူဂျင်း၊ ငြိမ်ငြိမ်ထိုင်စမ်းပါကွာ၊ မနက်ကတည်းက ဂဏာကိုမငြိမ်ဘူး။ မင်းရဲ့ကိုကို လာမှာကို အဲ့လောက်တောင် ရင်ခုန်နေတာလား။"
တစ်မနက်လုံး လှုပ်လှုပ်ရွရွဖြစ်နေသဖြင့် ဘေး၌ ထိုင်နေသည့် အိုလီကပင် သည်းမခံနိုင်တော့ပုံဖြင့် လက်ကုတ်၍ ခပ်တိုးတိုးပြောလာ၏။
"ဘာကိုကိုတုန်း! ဘယ်သူက ရင်ခုန်လို့လဲ! ပြီးတော့ အဲဒီဘိုးတော် လာမယ်လို့ မင်းကိုဘယ်သူပြောလဲ။"
"ဟ .. ဒီကျောင်းကို ပြောင်းလာမယ်လို့ သတင်းထွက်နေတဲ့ ပါမောက္ခသစ်က မင်းဘဲကြီးတစ်ယောက်တည်းပဲ ရှိတာလေ။ ဒါနဲ့..နေပါဦး။ မင်းတို့က တစ်အိမ်တည်းနေပြီး ဒါလေးတောင် မသိဘူးလား။"
အိုလီက မျက်မှောင်ကြုံ့၍ မေးခွန်းထုတ်လာရာ ယူဂျင်း ငြိမ်သွား၏။
အိုလီပြောလည်း ပြောချင်စရာ။ စေ့စပ်ပြီးသည်မှာ တစ်ပတ်ခန့်ကြာပြီဖြစ်၍ ပွဲပြီးသည့်နေ့ကတည်းက သူတို့နှစ်ယောက် အတူနေရန်အတွက် မယ်မယ်တို့က သီးသန့်ခြံဝန်းပါ နန်းဆောင် စီစဥ်ပေးခဲ့သော်လည်း သူတို့ချင်းမှာမူ စကားငါးခွန်းပင် ပြည့်အောင် မပြောဖူးသေး။
နှစ်ယောက်တည်း သီးသန့်နေသည်ဟုဆိုသော်လည်း ယူဂျင်းအတွက်မှာမူ ဟိုဘက်နန်းဆောင်မှ ဒီဘက်နန်းဆောင်သို့ ပြောင်းနေရသလိုသာဖြစ်၍ သူ၏ဝေယျာဝစ္စများကို တာဝန်ယူပေးသည့် ဝန်ထမ်းများမှာလည်း ယခင်လူများသာဖြစ်ရာ ယူဂျင်း၏ တနေ့တာက ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိ။
ထိုလူကမူ အပြောင်းအရွေ့ကိစ္စများနှင့် အတော်လေး အလုပ်ရှုပ်နေပုံပေါ်၍ ယူဂျင်း အိပ်ယာနိုးသောအချိန်တိုင်း နန်းဆောင်၌မရှိတော့ဘဲ အပြင်ထွက်သွားပြီဖြစ်ကာ ယူဂျင်း ကျောင်းမှပြန်လာသောအချိန်ထိလည်း ပြန်မရောက်လာသေး။ ယူဂျင်းကိုယ်တိုင်ကလည်း ကျန်သည့်အချိန်များ၌ အခန်းထဲတွင်သာ အနေများ၍ အပြင်သိပ်မထွက်ရာ နန်းဆောင်တစ်ဆောင်တည်း၌ အခန်းချင်းကပ်လျက်နေသည့် သူတို့နှစ်ယောက် မတွေ့ဖြစ်ကြသည်က မထူးဆန်းပေ။