အခန်း (၁)
မိုးက တဖြောက်ဖြောက်နဲ့ ပျင်းတိပျင်းတွဲ ကျတယ်။ တိမ်ဆိုင်တွေ အော်ဟစ်ငိုကြွေးပစ်ဖို့ ရှက်နေပုံပဲ။ အပြင်ကို ကြည့်တော့ အုံ့အုံ့မှိုင်းမှိုင်း။ လက်ကြားထဲ ရောက်နေတဲ့ စီးကရက်ကို ထိုးချေဖြစ်တယ်။ မီးမညှိရသေးတဲ့ ဆေးလိပ်တိုက ပြာခွက်ထဲ ကျိုးကြေသွားတယ်။
ကျွတ် တစ်ချက်စုပ်သပ်ရင်း အောက်ထပ်ကို ဆင်းခဲ့လိုက်တယ်။ လူကို ဒုက္ခပေးတတ်လွန်းတဲ့ ကိုကိုရယ်ပါ။
ဧည့်ခန်းထဲ ခြေရာတစ်စုံ ခေါက်တုံ့ခေါက်ပြန် ထပ်တယ်။ မျက်ဝန်းအကြည့်က အိမ်အဝင် တံခါးပေါက်ဆီ ခဏခဏ ရွေ့တယ်။ လက်က နာရီကို ကြည့်တော့ ညဆယ့်တစ်နာရီ။
ဒီအချိန်ထိ အပြင်မှာ ရှိနေတာ ဘာအချိုးလဲ။ ခွင့်လွှတ်တတ်သူပုံဖမ်းရင်း ကိုယ့်ကို အသံတိတ် ဆော်ချင်နေတာပဲ။ တောက်တစ်ချက် ခေါက်တော့ တိတ်ဆိတ်နေတဲ့ အိမ်ကြီးက ခြောက်လှန့်ဖို့ အချက်ပြနေသလို။ ပူပန်တဲ့ စိတ်ကို ကျစ်ဆုပ်ထားတဲ့ ညာလက်သီးထဲ ဝှက်ရင်း ဘယ်လက်ဖဝါးထဲ ခပ်ဖွဖွ ဆိုက်ရွယ်မိတယ်။
ဘာမှလုပ်လို့ မရဘူး။ ဒီရာသီဥတုနဲ့ ကား ဘယ်လိုမောင်းမလဲ။ ခေါင်းတစ်ချက် ရမ်းခါရင်း ဆိုဖာပေါ်က အနွေးထည်နဲ့ ကားသော့ကို ဆွဲယူဖြစ်တယ်။ လူလည်း အရူးလိုပဲ။ စိတ်တွေ ဂယောက်ဂယက်နဲ့။ Sh*t !
မတတ်နိုင်ဘူး။ လိုက်ရတော့မှာပဲ။ မိုးက မကြာခင် သည်းတော့မယ့်ဟန်ကို ဆန်တယ်။ နေမကောင်းဖြစ်ရင် ကိုယ်ပဲ ပြုစုရမှာ။ အလုပ်တွေ ရှုပ်တာ မကြိုက်ဘူး။ ခပ်သွက်သွက်ပဲ အိမ်ပြင် ထွက်ဖို့ ပြင်လိုက်တယ်။
ခြေလှမ်းတွေက တိခနဲ။ ကိုယ့်ရှေ့ ရောက်လာတဲ့ လူက ရေစက်လက်နဲ့။ မျက်ခွက် ဖြတ်ရိုက်ခံလိုက်ရသလို အောင့်မျက်မျက် ခံစားချက်က ဒုန်းစိုင်းကပ်တယ်။ အဖြူရောင်ရှပ်က ဒီနေ့မှ ပိုပါးနေသလို။ စိတ်တိုင်းတွေ မကျလိုက်တာ။ မျက်ဝန်းချင်း ဆုံတော့ မျက်တောင်တစ်ဖျတ် ခတ်ပြလာတယ်။ ပုံမှန်ပဲ။ တစ်လောကလုံးမှာ အအေးဆုံး နေနိုင်တဲ့ အထာနဲ့။ ပူပန် သောကတွေက သူနဲ့ မဆိုင်သလို။ ဒေါသရော ထွက်တတ်ရဲ့လား မေးယူစရာ မလိုအောင် ငြိမ်သက်ပြလိမ့်မယ်။ ဒါ ကိုကို့ရဲ့ မူလ ရင်းမြစ်တွေပဲ။ သိပ်မုန်းဖို့ ကောင်းပါတယ်။