အခန်း (၂)
" အာကာ "
နာမည်ကို ခေါ်ပြီးမှ နှုတ်က ဆိတ်နေမိတယ်။ Studio အခန်းကျယ်ကျယ်ထဲ ကောင်းစေလွန်း တစ်ယောက်သာ ရှိတယ်။ စိတ်တွေက တည်တည်ငြိမ်ပဲ။ ဒါပေမဲ့ ဝေါဟာရကို သိမ်းမယ့် လေသံတွေ မယိမ်းအောင် ထိန်းနေရတယ်။
" ကောင်းကောင်း ဘာဖြစ်လို့လဲ "
" ဒီပါ ရဲစခန်း ရောက်နေတယ် "
" ဘယ်လို "
" ရန်ဖြစ်လို့ .. "
မမြင်ရလည်း လေလှိုင်းထဲက ဖမ်းမိတဲ့ အငွေ့အသက်ကြောင့် အာကာ အံ့သြသွားတာ သိလိုက်တယ်။ စိတ်ပူမိတာ မှန်ပေမဲ့ ထွေထူးပြီး တုန်လှုပ်စရာတော့ ရှိမနေဘူး။ ဒီပါက အရွယ် ရောက်နေပြီပဲ။ ပြဿနာတိုင်းကို အလွယ်တကူ ဖြေရှင်းလို့ မရနိုင်တာ သိမှာပါ။
" ငါ့ကို ကူညီ .. "
" စိတ်မပူနဲ့ ကောင်းကောင်း။ ဒီပါ့ဆီ ငါ့ရှေ့နေ လွှတ်လိုက်မယ် "
ကောင်းစေလွန်းရဲ့ ရှေ့ဆက်ပြောမယ့် စကားက တစ်ဝက်တစ်ပျက်နဲ့ ကြားဖြတ်ခံလိုက်ရတယ်။ အာကာက သူ့အတွက်ဆို အမြဲ အဆင်သင့် ဖြစ်နေတတ်တဲ့ သူငယ်ချင်းပဲ။ ကြာတော့လည်း အားနာရတယ်။ ချည်ထားတဲ့ သံယောဇဉ် ဘယ်လောက်မြဲမြဲ ကိုယ့်ဘက်ကချည်း ယူရပါများတဲ့ခါ စိတ်တွေ လေးလံရတယ်။
" ကျေးဇူးပဲ အာကာ "
သူ့အတွက် တစ်ယောက်ယောက်ကို ကျေးဇူးစကား ဆိုရတာ ပေါ့ပါးမနေဘူး။ တောင်းပန်ဖို့ဆို ပိုတောင် ဝေးပါသေး။ ဒါပေမဲ့ ကောင်းစေလွန်းက လူမှုရေးရာတွေကို သွေဖယ်ပြီး မနေတတ်ဘူး။ ဝန်လေးပေမဲ့ သူ့ဘက်က အခွင့်ရတဲ့အခါ ပြန်ဆပ်နိုင်ရင် ပြီးသွားမှာပါ။
ဖုန်းဆက်သွယ်မှုက ခဏပဲ။ အာကာကတော့ ဖျော့တော့တော့ ပြုံးနေမှာ သေချာတယ်။ ဆယ်စုနှစ်ချီခဲ့တဲ့ ရင်းနှီးမှုအတွက် သူ ဒီလောက်တော့ ခန့်မှန်းတတ်ပါတယ်။
သီချင်းထဲ အာရုံပြန်ထည့်လည်း အလုပ် မဖြစ်တော့မှာ သိတယ်။ ကားသော့ကို ယူပြီး အခန်းမီးတွေ ပိတ်ခဲ့လိုက်တယ်။
ဒီပါ့ကို အိမ်မှာ စောင့်နေရမယ်။ ဒဏ်ရာတွေ ဆေးထည့်ပေးဖို့ သူ ရှိနေမှ ဖြစ်မှာ ...။