အခန်း (၉)
" ရူးနေလား ကို။ မသေချာတဲ့အရာကို ဘာလို့ စွန့်စားချင်နေတာလဲ "
" ဒါ ကို့ဝါသနာလေ။ သီချင်းဆိုနေရရင် ကို ပျော်တယ် ဟန်နီ "
" ဝါသနာကို အခြေခံပြီး အောင်မြင်သွားတဲ့သူ ဘယ်လောက်များများ ရှိတယ်လို့ ထင်လဲ။ တချို့ဆို အချိန်တွေ အကြာကြီး ရင်းနှီး မြှုပ်နှံထားပြီး ဘာမှ ဖြစ်မလာတာတောင် ရှိတယ် "
" ဒါပေမဲ့ ကို သဘောကျတယ်လေ ဟန်နီ။ ကို သံစဉ်တွေကို ချစ်တယ်။ ဂီတသံတွေ ကြားရရင် ပျော်တယ်။ သီချင်းဆိုတာ လူတစ်ယောက်ရဲ့ ခံစားချက်ကို ဖော်ပြနိုင်တဲ့ အလွှာပါးပဲ ဟန်နီ "
" ဟန်နီကတော့ အာမခံချက် မရှိတဲ့ ရူးသွပ်မှုကို အားမပေးဘူး။ ဘဝက အပျော်တမ်း စိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ် မဟုတ်ဘူး ကို "
" ခက်တာပဲ ဟန်နီ။ ဟန်နီ့လိုသာ လူတိုင်း တွေးကြမယ်ဆို ကမ္ဘာကျော် အဆိုတော်တွေ ဘယ်ရှိလာနိုင်ပါ့မလဲ။ ဝါသနာကို အခြေခံပြီး တကယ် ဖြစ်ထွန်းသွားတဲ့ သူတွေ အများကြီး ရှိပါတယ်။ ဆရာဝန်တွေ အင်ဂျင်နီယာတွေ ဖြစ်မှ အောင်မြင်တာ မဟုတ်ပါဘူး။ အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းလို့ တွေးပြီး ကိုယ့်ကိုကိုယ် ပျော်ရွှင်အောင် ထားနိုင်တာလည်း ဘဝ တစ်ခုရဲ့ အောင်မြင်မှုပဲ ဟန်နီ။ တစ်ယောက်ယောက်ဆီက အထင်ကြီး လေးစားမှုကို ရမှ ကိုယ့်ဘဝ တန်ဖိုး မြင့်သွားတာ မဟုတ်ပါဘူး "
" ဟန်နီ့ကို နားမချနဲ့ ကို။ ဟန်နီကတော့ လက်တွေ့ဆန်တာပဲ ကြိုက်တယ်။ ဘယ်ဆီနေမှန်း မသိတဲ့ အလင်းရောင်ကို တွေ့လိုတွေ့ငြား မျှော်ငေးပြီး စမ်းတဝါးဝါး လျှောက်ရတဲ့ အလုပ် ဟန်နီ မလုပ်ဘူး "
" ဒါဖြင့် ဟန်နီက ကို့ ဝါသနာကို လုံးဝ လက်မခံနိုင်ဘူးပေါ့ "
ကော်ဖီဆိုင်လေးထဲ ချစ်သူနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေတယ်။ ချိတ်မိတဲ့ အခြေအနေမှာ စကားလုံးတွေက သကြားလို ချိုမြိန်မှု ကင်းတယ်။ ကော်ဖီမှုန့်လို ခါးသက်သက် အရသာက ပြင်းရှရှ တိုးဝင်တယ်။ မတူညီတဲ့ လျှောက်လမ်းတွေကို ဆွဲညှိပေါင်းစည်းပစ်ဖို့ ခဲယဉ်းတာပဲ။