Ep - 4

815 79 2
                                    

အခန်း (၄)

ပျင်းပျင်းရိရိနဲ့ ကိုယ့်မှာ အိပ်ရာထဲ ဟိုလှိမ့် ဒီလှိမ့်ရာက အခန်းပြင် ထွက်တော့ ခုံပေါ်မှာ ထိုင်နေတဲ့ အဖြူရောင် ပုံရိပ်က ဆီးကြိုတယ်။ စာဖတ်နေတဲ့ ကိုကိုက နတ်ဘုရားတစ်ပါးရဲ့ အဆင်းလို သန့်စင် ကြည်ရှင်းလှတယ်။ စာတွေ ကဗျာတွေ ကြိုက်တဲ့ ဒီလူက သိပ်ခန့်လွန်းတယ်။ အလှထုထားတဲ့ ပန်းပုရုပ်လေးလို သက်ဝင်နေတာ မြင်တော့ မျက်မှောင် ကုပ်ရင်း မျက်ခုံးတန်းတွေ ကြုတ်သွားတယ်။ ဒီဆွဲဆောင်မှုအောက်မှာ နှလုံးသားတွေ ဘယ်လောက်များများ ဖျားနာခဲ့မလဲ။ သိချင်စမ်းပါဘိ။

သူဌေးကြီးဆီက အပြန် လင်းကို ဖုန်းဆက်ပြီး စာအုပ်ဆိုင်မှာပဲ သောင်တင်ပစ်တယ်။ တစ်ရေး မှေးလိုက်တာ ညနေစောင်းထိ တာသွားရော။

စာအုပ်ဆိုင် ပိုင်ရှင် လင်းကတော့ ကွန်ပျူတာ တစ်လုံးနဲ့ တိတ်ဆိတ်နေတယ်။ ငြိမ်သက်လွန်းတဲ့ ကိုကို့ အနားမှာ နေရတာ သက်တောင့်သက်သာ ဘယ်ရှိနိုင်မလဲ။ ဒီတော့ အလုပ်ရှုပ်ချင်ယောင် ဆောင်ရတာပေါ့။

" နိုးပြီလား "

ဘေးနား ဝင်ရပ်တော့ မော့ကြည့်လာတယ်။ လေသံက ဖြည်းဖြည်းအေးအေး။ လူကြီးဆန်တဲ့ တည်ကြည်မှုနဲ့ မျက်ဝန်းတွေက သိမ်မွေ့တယ်။ လင်းကလည်း ကိုယ့်အနား လျှောက်လာတယ်။

" ငါ ဖုန်းဆက်ခေါ်လိုက်တာ "

" မခိုင်းဘဲ လျှောက်လုပ်နေတော့တာပဲ "

" လျှောက်မလုပ်စေချင်ရင် ရောက်မလာနဲ့လေ "

" လာတာ မကြိုက်ရင် ဆိုင်ပိတ်လိုက်။ ဒါမှမဟုတ် ငါ့ကို ပြန်ရောင်းလိုက် "

လက်ထဲက ရှပ်အင်္ကျီအကွက်ကို စွပ်ကျယ် အနက်ပေါ်  ထပ်ဝတ်ရင်း ပြောတော့ လင်းက အသံတိတ် နှုတ်ခမ်းလှုပ်ရုံ ဆဲတယ်။

စာအုပ်ကို ပိတ်၊ မတ်တပ်ထရပ်လိုက်တဲ့ ကိုကိုက ဘယ်အချိန် ဘယ်နေရာမှာဖြစ်ဖြစ် အမြဲ ကြည့်ကောင်းနေတော့တာပဲ။ ရေခဲတမျှ ခဲလွန်းတဲ့ အေးတိအေးစက်ဟန်လေး နည်းနည်းလောက် လျှော့ချပေးရင်တော့ ချစ်စရာပါ ကောင်းသွားမှာ။

" ဖုန်းဆက်ပေးတာ ကျေးဇူးပါ "

" မဟုတ်တာ။ ကျေးဇူးတင်စရာ မလိုပါဘူး။ ကိုကောင်းကို အနှောင့်အယှက် ပေးသလို ဖြစ်မှာ တွေးပြီး လင်းက အားနာနေတာ "

No WayWhere stories live. Discover now