အခန်း (၅)
" ဟန်နီ့ကို ကူညီပါဦး "
ကော်ဖီနှစ်ခွက်က အေးစက်နေပြီ။ မျက်ဝန်းတွေက ဖျော့တော့တော့နဲ့ မှိုင်းတယ်။ တုံ့ဆိုင်းနေတဲ့ နှုတ်ခမ်းတစ်စုံက မချင့်မရဲ။ ဟန်နီ့ကို စေ့စေ့ ကြည့်ရင်း အကဲခတ်ဖြစ်ပေမဲ့ သက်ပြင်းတော့ မချမိဘူး။ တိုက်စားသွားတဲ့ အချိန်ကာလတစ်ခုက လူတချို့ရဲ့ ဘဝကို ကျွမ်းပြန်စေတာပဲ။ အဖြစ်အပျက်တွေက နတ္ထိတန်ပါတယ်။
" မျက်နှာပြောင် တိုက်သလို ဖြစ်နေပေမဲ့ တကယ် ခက်ခဲနေလို့ပါ။ အကူအညီ တောင်းဖို့ကလည်း ကိုကောင်းအပြင် မရှိဘူး "
ဝါကျတစ်ကြောင်းကို ခက်ခက်ခဲခဲ ဆက်နေရှာတယ်။ လှပတဲ့ ရေစက်တစ်ခု မဟုတ်ခဲ့ပေမဲ့ ကြုံလာတော့လည်း မျက်နှာ မလွှဲရက်ဘူး။ မမြဲခဲ့တဲ့ သံယောဇဉ် လက်ကျန်နဲ့ ငြင်းပယ်ဖို့ ဝန်လေးပါတယ်။ အညိုရောင် ခေါက်အိတ်ထဲက လိပ်စာကတ်ကို ထုတ်ရင်း ဟန်နီရှေ့ ပို့ပေးဖြစ်တယ်။ ခဏတာအတွက်တော့ အဆင်ပြေမှာပါ။
" အငှားမတင်ထားလို့ သွားနေလို့ ရတယ် "
" ကျေးဇူးတင်ပါတယ် ကိုကောင်း "
လိပ်စာကတ်ကို ကြည့်ရင်း မျက်ဝန်းအိမ်ထဲက တိမ်ခိုးတိမ်ငွေ့ အရည်ပျော်တယ်။ ဒီလောက်နဲ့ ဟန်နီရဲ့ အခက်အခဲတွေ မပြေလည်တာ သိတယ်။ ဒါပေမဲ့ ကောင်းစေလွန်း တတ်နိုင်တာ ဒီအထိပဲ။ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ဝင်ပါရတာ မကြိုက်ဘူး။ ဟန်နီနဲ့ နှစ်ယောက်တည်း ခုလို တွေ့ရတာ စိတ်ထဲ သက်တောင့်သက်သာ ရှိမနေဘူး။ မတ်တပ် ထရပ်ဖို့ ပြင်တော့ ဟန်နီကလည်း မျက်နှာချင်းဆိုင် ရပ်လို့ ခေါင်းငုံ့ချရင်း နှုတ်ဆက်တယ်။
ကော်ဖီဆိုင်ထဲက ထွက်ပြီး လမ်းဖြတ်ကူးတော့ အရှိန်နဲ့ နင်းလာတဲ့ စက်ဘီးတစ်စီး။ ဦးနှောက် ဆဲလ်တွေ ကသောင်းကနင်းနဲ့ လူကလည်း ချာခနဲ။
အောင့်မျက်သွားတဲ့ နာကျင်မှုနောက် ဟန်နီက အပြေး ရောက်လာရှာတယ်။
******
သတင်းရရချင်း ဆေးရုံမှာ အမောတကော ရှာရတာ ကိုယ်ပဲ။ အမှားမှား အယွင်းယွင်းနဲ့ ဆွဲမိတဲ့ လိုက်ကာစအတွက်လည်း မမေ့မလျော့ တောင်းပန်ရတယ်။ ရင်ထဲမှာ ပူလောင်တယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ရ ကောင်းမှန်းမသိတဲ့ အဲ့ဒီလူကို စိတ်ရှိလက်ရှိ ဆူပစ်ချင်တော့တာပဲ။