လေမင်းနှင့်နေမင်း
The Wind And The Sunတစ်ခါတုန်းက လေမင်းနဲ့နေမင်းဟာ
အချင်းများကြသတဲ့။လေမင်းက . . .
“ကျွန်ုပ်ဟာ သင့်ထက်ပိုပြီးအားကြီးတယ်။ အလွန့်အလွန် အားပို ကြီးတယ်” လို့ ဆိုသတဲ့။နေမင်းက . . .
“အဓိပ္ပာယ်မရှိလိုက်တာ။ ကျွန်ုပ်ကသာ သင့်လိုလေထက် အဆ တစ်ရာ အားပိုကြီးတယ်။ ဒီစကားမျိုး သင်မို့ပြောရဲလေတယ်” လို့
နေမင်းက ဒေါသတကြီးနဲ့
အော်ဟစ်ပြောဆိုသတဲ့။ -ဒီလိုနဲ့ သူတို့ စကားများနေတာ အတော်ကြာသွားတယ်။ တစ်ယောက်မှ အလျော့မပေးလေတော့ နောက်ဆုံးမှာေတာ့ ကွင်းပြင်ကို ဖြတ်လာတဲ့
ခရီးသွားတစ်ယောက်ကို မူတည်ပြီး
အားပြိုင်ကြမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ရတော့တယ်။ ခရီးသွားဟာ အပေါ်ရုံအင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားတယ်။လေမင်းက . . .
“ဒီလူဝတ်ထားတဲ့ အပေါ်ရုံအင်္ကျီ လွင့်သွားအောင် ဘယ်သူကစွမ်းနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့” လို့ ဆိုသတဲ့။လေမင်းက ချက်ချင်းပဲ တိုက်ခတ်လိုက်တယ်။ တဟူးဟူးနဲ့ပေါ့။ ခရီးသွားက ခိုက်ခိုက်တုန်သွားပြီး အပေါ်ရုံအင်္ကျီကို သူ့ကိုယ်မှာ
တဟောဟော
တင်းကျပ်နေအောင် ဆွဲကပ်ထားတယ်။ ဒီတော့ လေမင်းက မိုးသီးမိုးပေါက်တွေ ရွာချအောင် လုပ်လိုက်
ပြန်တယ်။
ခရီးသွားက အပေါ်ရုံအင်္ကျီကို ပိုပြီး တင်းကျပ်နေအောင် ဆွဲကပ်ပြီး သူ့လည်ပင်းမှာ မြဲမြံနေအောင် အားပြုလိုက်တယ်။
ဒီတော့ လေမင်းက တဟူးဟူး တဝေါဝေါ မြည်အောင် လေသံတွေ ပေးပြီး သောင်းကျန်းပြန်ပါလေရော။ လေမင်းဟာ ခရီးသည်ရဲ့ အပေါ်ရုံ အင်္ကျီကိုဆွဲတယ်။ အပေါ်ကတိုက်လိုက်၊ အောက်ကတိုက်လိုက်နဲ့ ခွာချ တယ်။ ခရီးသည်ဟာ အရမ်းချမ်းနေပြီ။ အပေါ်ရုံအင်္ကျီကရတဲ့ မစို့မပို့ အနွေးဓာတ်လေး ဆုံးရှုံးသွားမှာလည်း စိုးရိမ်တာမို့ ရှိသမျှ အားကုန်သုံးပြီး တွယ်ကပ်ထားတယ်။ အပေါ်ရုံအင်္ကျီရဲ့ အစိတ်အပိုင်း တစ်ခုလေးတောင် လေထဲအပါမခံဘူး။
နောက်ဆုံးတော့ လေမင်းဟာ
မောပန်းလွန်းလှတာမို့
လေတိုက်တာရပ်လိုက်ရတော့တယ်။နေမင်းက မိုးတိမ်တွေနဲ့ မိုးမှုန်တွေကို
နှင်ထုတ်လိုက်ပြီး “အခု ငါ့အလှည့်ရောက်ပြီ”
လို့ ဆိုလိုက်တယ်။
နေမင်းဟာ ခရီးသည် အပေါ်ကို
အလင်းရောင်တွေ တောက်ပပေးလိုက်တယ်။ ရဲရဲတောက်နေတဲ့ မီးဖိုနားမှာ
ထိုင်နေသလိုပူတဲ့ အပူမျိုး
ခရီးသည်မှာခံစားရတဲ့အထိ
တောက်ပလင်းလက်ပေးလိုက်တယ်။
ခရီးသည်ဟာ သူ့အပေါ်ရုံအင်္ကျီကို
ဖြည်းဖြည်းချင်းစီ ဖြေလျော့လိုက်တယ်။“ငါအရမ်းပူနေပြီ” လို့လည်း ဆိုတယ်။
နေမင်းက ပူလောင်သထက် ပူလောင်အောင်
တောက်ပပေးလိုက်တယ်။နောက်ဆုံးတော့ ခရီးသည်က
“ဒီလောက် ပူတဲ့ဒဏ်ကို ငါမခံနိုင် တော့ဘူး။
ငါ့အပေါ်ရုံအင်္ကျီကိုချွတ်ပစ်မှပဲ” လို့ဆိုေတာ့တယ်။ခရီးသည်က အပေါ်ရုံအင်္ကျီကို
ချွတ်ချပစ်လိုက်ပြီး သူ့လက်မောင်းပေါ်တင်ပြီး ပျော်ပျော်ပါးပါး လေချွန်လို့
ခရီးဆက်သွားတယ်။“ကဲ ကျွန်ုပ်တို့နှစ်ယောက်
ဘယ်သူက ပိုအားကြီးလဲ” လို့ နေမင်းက
လေမင်းကို ရယ်ရယ်မောမောနဲ့ မေးတယ်။ဒါပေမယ့် လေမင်းက စကားတစ်ခွန်းတောင်
ပြန်ဖြေဖော်မရတော့ဘူး။
ထောင့်တစ်နေရာမှာ ပုန်းအောင်းနေဖို့
ထွက်သွားခဲ့ပြီကိုး။
။။။။။။။။။။။
YOU ARE READING
ကမ္ဘာကျော်အီစွတ်ပုံပြင်များ
Short Storyကိုယ်ငယ်ငယ်က နှစ်သက်ခဲ့ရတဲ့ အီစွတ်ပုံပြင်တွေကို တစ်စုတစ်စည်းတည်း ပြန်ဖတ်ချင်လို့ တင်ထားတာပါ။ ပုံပြင်ဖတ်ရတာနှစ်သက်ရင် ဝင်ဖတ်ကြည့်ပါ။