ဂျုံစက်ပိုင်ရှင်၊သူသားနှင့်သူ့မြည်း
The Miller, His Boy And His Assရှေးရှေးတုန်းက
ဂျုံစက်ပိုင်ရှင်တစ်ယောက်ရှိတယ်။
သူဟာ သူ့စက်ရုံရဲ့ဘေးက
အိမ်ငယ်လေးတစ်လုံးမှာ နေထိုင်တယ်။
တစ်နေ့မှာတော့ သူဟာ
သူ့ရဲ့မြည်းကို ဈေးမှာ
သွားရောင်းတော့မယ်လို့
ဆုံးဖြတ်ချက်ချလိုက်တယ်။
ဒါကြောင့်မို့ သူနဲ့သူ့သားဟာ
အိမ်ကိုနှုတ်ဆက်ခဲ့ပြီး
မြည်းရဲ့ တစ်ဘက်တစ်ချက်မှာ
နေရာယူကာ ခရီးစထွက်ခဲ့တယ်။
သိပ်မကြာပါဘူး။
လမ်းမှာမြို့ကပြန်လာတဲ့
မိန်းကလေးတချို့နဲ့ တွေ့ကြတယ်။“ကြည့်ကြပါဦးဟယ်။
ဒီလောက်မိုက်မဲတဲ့ လူမျိုးတွေ့ ဖူးကြလား။
တစ်ယောက်က မြည်းကိုစီးရင်ရလျက်သားနဲ့
နှစ်ယောက်စလုံး လမ်းလျှောက်လာကြတယ်”လို့ မိန်းကလေးအုပ်စုထဲက တစ်ယောက်က
ပြောတယ်။အဲဒီစကားကို စက်ပိုင်ရှင်ကြားသွားတော့
သူ့သားကို မြည်းပေါ်တက်ခိုင်းပြီး
သူကတော့ ဘေးကနေ
ခြေလျင်ပဲလိုက်လာတယ်။
သူတို့ဟာ မကြာခင်မှာဘဲ
လမ်းဘေးရပ်ပြီးအုပ်စုဖွဲ့စကားပြောနေကြတဲ့
အဘိုးအိုတွေအနားရောက်လာတယ်။“ကြည့်စမ်းပါဦးကွယ်တို့။
သားမိုက်ကတော့ မြည်းပေါ်မှာ၊
ဖခင်ကတော့ လမ်းလျှောက်ရရှာတယ်။
ဟဲ့ . . မင်းအဖေပဲ စီးစမ်းပါစေ” လို့
အဘိုးအိုတစ်ယောက်ကဆိုတယ်။အဲဒီစကားကို ဖခင်ဖြစ်သူကြားတော့
သူ့သားကို မြည်းပေါ်ကချပြီး
သူကတက်စီးတယ်။
သူတို့ ခပ်ဝေးဝေးတောင် မရောက်သေးဘူး
ဈေးကပြန်လာတဲ့ အမျိုးသမီးတချို့နဲ့
တွေ့ပြန်တယ်။
“ဟယ် အပျင်းကြီးလှတဲ့ လူကြီး။
ကလေးဖြစ်တဲ့သူလေးခမျာ
ရှင်နဲ့မြည်းကို မနည်းမီအောင်
လျှောက်နေရတာတောင်
ရှင်က မြည်းကိုစီးသင့်သလားလို့
အမျိုးသမီးတွေက ဝိုင်းအော်ကြတယ်။'အဲဒီစကားကို ကြားရတဲ့အခါ
ဖခင်ဖြစ်သူက သူ့သားကို
သူ့နောက်မှာတက်ထိုင်ခိုင်းလိုက်ပြီး
မြို့ကိုအရောက် ခရီးနှင်တော့တယ်။
မကြာခင်မှာပဲ မြို့သားတစ်ယောက်ကို
သူတို့တွေ့တယ်။“ဟေ့ ရောင်းရင်းကြီး။
ဒီမြည်းက ခင်ဗျားပိုင်တဲ့မြည်းလား” လို့
မြို့သားကမေးတယ်။“ဟုတ်ပါတယ်” လို့ စက်ပိုင်ရှင်က ဆိုတယ်။
“ခင်ဗျားတို့ မြည်းကို ဝန်တင်တာနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ မစဉ်းစားသင့်ဘူးဆိုတာကိုတော့ သိပါတယ်။
ဘာကြောင့်လဲဆိုတော့
ခင်ဗျားတို့ နှစ်ယောက်စီးတော့
မြည်းခါးကျိုးသွားမှာပေါ့။
မြည်းက ခင်ဗျားတို့ကိုတင်သွားတာထက်စာရင် ခင်ဗျားတို့က မြည်းကို ထမ်းသွားတာ
ပိုပြီး ကောင်းတာပေါ့” လို့ မြို့သားကဆိုတယ်။“အိုး ကောင်းပြီလေ။
လုပ်နိုင်တယ်ဆိုပေမယ့် ကြိုးစားကြည့်ရမှာပေါ့” လို့ စက်ပိုင်ရှင်က ဆိုတယ်။သူနဲ့သူ့သားလည်း မြည်းပေါ်ကဆင်းပြီး
မြည်းရဲ့ ခြေထောက်တွေကိုစုပြီး
ကြိုးနဲ့ချည်တယ်။
ပြီးတော့ မြည်းကို ဇောက်ထိုးထားပြီး
ထမ်းပိုးတစ်ချောင်းလျှိုလို့
ပုခုံးပေါ်တင်ထမ်းလာကြတယ်။
မြင်ကွင်းဟာ ရယ်စရာကောင်းလှတာမို့
တွေ့တဲ့လူတိုင်းက သူတို့ကို ရယ်မောကာ
နောက်ပြောင်ကျီစယ်သွားပါလေရော။သနားစရာမြည်းခမျာမှာလည်း
အလွန်ကိုနေရခက်နေတာမို့လို့
ရှိသမျှအားကုန်သုံးပြီး
ထမ်းပိုးနဲ့လွတ်အောင်
ကြိုးစားရုန်းကန်ရှာတယ်။နောက်ဆုံးမှာတော့
သူတို့ တံတားတစ်ခုကို ဖြတ်ကြရတယ်။
အဲဒီအချိန်မှာ မြည်းရဲ့ခြေထောက်တစ်ချောင်းက ကြိုးချည်ထားရာကနေ လွတ်သွားပြီး
ဖရိုဖရဲ ပြုတ်ကျလာတယ်။
မြည်းဟာ ကြောက်လန့်လွန်းလှတာမို့
တံတား ပေါ်ကနေ ရေထဲခုန်ချလိုက်တော့
ရေနစ်သွားပါလေရော။“သွားပါပြီ၊ သွားပါပြီ။
လူတိုင်းကို စိတ်ကျေနပ်အောင်လုပ်ဖို့
ကြိုးစားလို့ အခုလိုဖြစ်ရတာ။
ငါလုပ်တာ မှန်တယ်ထင်တဲ့ဟာကို
ဘာကြောင့် မလုပ်မိရတာလဲ။
ငါစလုပ်ကတည်းက ငါ့မြည်းကို
ဈေးကို မောင်းသွားဖို့ပဲရှိတာ။
ဒါဆို ငါ့မြည်းကို ရောင်းလို့ရတယ်။
ဒါပေမဲ့ အခု တော့ သွားပါပြီ၊
ငါ့မြည်းရေနစ်သွားပြီ” လို့
စက်ပိုင်ရှင်က ဆိုတော့တယ်။နောက်တော့ သားအဖနှစ်ယောက် ဝမ်းနည်းပက်လက်နဲ့ အိမ်ပြန်သွားရရှာတယ်။ အိမ်ပြန်ရောက်တော့လည်း
အခုလိုမျိုးမိုက်မဲပုံမျိုးနဲ့
မြည်းတစ်ကောင်ဆုံးရှုံးရပါ့မလားဆိုပြီး
စက်ပိုင်ရှင်မိန်းမ ပြစ်တင်ကြိမ်းမောင်းတာကိုသားအဖနှစ်ယောက်
ကောင်းကောင်းခံလိုက်ရရှာတယ်။။။။။။။။။။။။
YOU ARE READING
ကမ္ဘာကျော်အီစွတ်ပုံပြင်များ
Short Storyကိုယ်ငယ်ငယ်က နှစ်သက်ခဲ့ရတဲ့ အီစွတ်ပုံပြင်တွေကို တစ်စုတစ်စည်းတည်း ပြန်ဖတ်ချင်လို့ တင်ထားတာပါ။ ပုံပြင်ဖတ်ရတာနှစ်သက်ရင် ဝင်ဖတ်ကြည့်ပါ။