5.မျောက်နှင့်ကြောင်နှစ်ကောင်

167 6 0
                                    

မျောက်နှင့်ကြောင်နှစ်ကောင်
The Monkey And The Cats

ကြောင်နှစ်ကောင်ဟာ
ဗိုက်အလွန်ဆာနေကြတာမို့
စားစရာလိုက်ရှာနေကြတယ်။
အတန်ကြာတော့မှ
ကြောင်အိမ်တံခါးပွင့်နေတာကို
သူတို့တွေ့သွားတာမို့
ကြောင်အိမ်ထဲဝင်ပြီး
ဒိန်ခဲတစ်တုံး ခိုးလာခဲ့ကြတယ်။
သူတို့ဟာ ဒိန်ခဲကိုချီပြီး
စိတ်ချလက်ချစားလို့ရမယ့် တစ်နေရာကို
ပြေးထွက်သွားကြတယ်။

“ကဲ ဒါကိုမင်းနဲ့ငါ
တစ်ယောက်တစ်ဝက်စီ ခွဲဝေယူကြစို့” လို့
တစ်ကောင်က ဆိုတယ်။

ဒီတော့ သူတို့ဒိန်ခဲကို တစ်ဝက်စီခွဲလိုက်တယ်။
ဒါပေမယ့် တစ်ပိုင်းကြီးတစ်ပိုင်းသေးဖြစ်နေသလို နှစ်ကောင်စလုံးကလည်း
ကြီးတဲ့အပိုင်းကို လိုချင်ကြတယ်။
နှစ်ကောင်လုံး တစ်ကောင်မှ
အလျော့မပေးလေတော့
နောက်ဆုံးမှာတော့
စကားများကြပါလေရော။

“ငါတို့ ပြဿနာကို စဉ်းစားဆုံးဖြတ်ပေးဖို့
ဟိုးနားက မျောက်ကို အကူအညီတောင်းမယ်” လို့ ကြောင်တစ်ကောင်က ပြောတယ်။
ဒီတော့ သူတို့နှစ်ကောင် မျောက်ဆီသွားပြီး
အကူညီပေးနိုင်မလားလို့ မေးမြန်းကြတယ်။

မျောက်က .“လုပ်ပေးရမှာပေါ့ကွာ။
ငါ့ကိုမင်းတို့ရဲ့ ဒိန်ခဲနှစ်ပိုင်းပြ။
ဟုတ်တယ်။တစ်ပိုင်းကပိုပြီးကြီးနေတယ်ကွ။
ငါတို့မှာချိန်ခွင်ကောင်းကောင်းရှိတယ်။
ချိန်ကြည့်ကြစို့” လို့ဆိုတယ်။

မျောက်က ချိန်ခွင်ကိုကိုင်ပြီး
ထိုင်ချလိုက်တယ်။
ဒိန်ခဲနှစ်ပိုင်းကို ချိန်ခွင်ပေါ်တင်ပြီးတဲ့
အခါမှာတော့

“ငါထင်တဲ့အတိုင်းပဲ။
တစ်ပိုင်းကကျန်တစ်ပိုင်းထက် ပိုကြီးနေတယ်ကွ။ အလေးချိန်မျှသွားအောင်တော့
ငါလုပ်နိုင်ပါသေးတယ်” လို့ မျောက်ကဆိုပြီး
ခပ်ကြီးကြီးအပိုင်းကနေ
တစ်ကိုက်စာကိုက်စားပစ်လိုက်တယ်။

“ဒါမှ နှစ်ပိုင်းမျှသွားမှာပေါ့” လို့ဆိုပြီး
ကိုက်ပြီးသွားတဲ့ အပိုင်းကို
ချိန်ခွင်ပေါ်တင်လိုက်တယ်။

ဒီတော့ အရင်ရှိနေတဲ့အပိုင်းက
နောက်တင်လိုက်တဲ့ အပိုင်းထက်
ပိုပြီး လေးသွားပြန်ပါရော။

“ဟ လုပ်ကြပါဦး။ ထူးဆန်းတယ်ဟေ့။
အခုတော့ ဟိုတစ်ပိုင်းက
ပိုကြီးသွားပြန်ပြီ” လို့ မျောက်က ဆိုတယ်။

မျောက်ကလည်းကြီးတဲ့အပိုင်းကိုယူပြီး
တစ်ကိုက်ကိုက်ပြန်တယ်။
ဒီတော့ သနားစရာ ကြောင်နှစ်ကောင်ခမျာ

“တော်ပါတော့၊ တော်ပါတော့။
အခု ကျန်တဲ့အပိုင်းတွေပဲ
ကျွန်တော်တို့ကို ပြန်ပေးပါ။
ဘယ်အပိုင်းကြီးကြီး၊ ဘယ်အပိုင်းကငယ်ငယ် ကျွန်တော်တို့ စိတ်မဆိုးတော့ပါဘူး”
လို့ ဆိုကြတော့တယ်။

မျောက်ကလည်း ခပ်ထန်ထန်နဲ့ပဲ
“မရဘူး။ဒီကိစ္စကို စီရင်ပေးဖို့
မင်းတို့ ငါ့ကို အပ်ထားတာမဟုတ်လား။
ငါကတော့ ညီမျှအောင်
ဆက်လုပ်ပေးရမှာပဲ” လို့ဆိုတယ်။

မျောက်က ဟိုတစ်ပိုင်းကိုကိုက်လိုက်၊
ဒီတစ်ပိုင်းကိုကိုက်လိုက်နဲ့ပဲ ဆက်ချိန်နေတော့ ကြောင်နှစ်ကောင်ခမျာ
သူတို့ဝေစုတွေ နည်းသွားတာကို
မြင်နေကြရတယ်။

“ကျွန်တော်တို့ အငြင်းပွားမှုနဲ့ပတ်သက်ပြီး ခင်ဗျား ဒုက္ခဆက်မခံပါတော့နဲ့ဗျာ။
ကျန်နေတဲ့ ဒိန်ခဲစလေးကိုပဲ
ကျွန်တော်တို့ကို ပြန်ပေးပါ” လို့
သူတို့နှစ်ကောင် တောင်းပန်ကြတယ်။

မျောက်ကလည်း “ကောင်းပြီလေ။
မင်းတို့က တောင်းပန်နေမှကိုးကွ။
မင်းတို့ အငြင်းပွားမှုကို
ဖြေရှင်းဖို့ ကြိုးစားရတဲ့
ငါ့ရဲ့ ဒုက္ခအတွက် မင်းတို့ငါ့ကို
ဘာပေးကြမှာလဲ။
မင်းတို့မှာပေးစရာ ဘာမှမရှိဘူးဆိုတာ
ငါတွေ့နေရတော့ ငါ့ရဲ့ လုပ်အားခအတွက် နောက်ဆုံးကျန်ရှိနေတဲ့ ဒိန်ခဲလေးကိုပဲ
ငါယူရမယ်ထင်တယ်” လို့ ဆိုတယ်။

မျောက်က အဲဒီလိုဆိုရင်း
ဒိန်ခဲလက်ကျန်ကို သူ့ပါးစပ်ထဲထည့်ပြီး ပလုပ်ပလောင်း စားပစ်လိုက်တယ်။
ပြီးတော့ အကြံပိုင်တဲ့ မျောက်ဟာ
တကယ့်ကို ရိုရိုကျိုးကျိုးနဲ့
ကြောင်နှစ်ကောင်ကို ဦးညွှတ်ပြီး
နှုတ်ဆက် ထွက်ခွာသွားလေတော့တယ်။
။။။။။။။။။။။

ကမ္ဘာကျော်အီစွတ်ပုံပြင်များWhere stories live. Discover now