"တို့ ပါတီလုပ်မလို့ လာခဲ့ဟာ။"
သုဝေရဲ့ သူငယ်ချင်းတွေထဲမှာ ပိုက်ဆံချမ်းသာပြီး ခပ်သွက်သွက်တွေ ပါတယ်။ သူတို့ ပါတီခဏခဏ လုပ်တယ်။ ဒါပေမဲ့ သုဝေက ဆူဆူညံညံ မကြိုက်တဲ့သူမို့ တစ်ခါမှ မသွားဖြစ်ဘူး။ ဒီတစ်ခါမှာတော့ အားနာတာနဲ့ သွားလိုက်မယ်လို့ တွေးလိုက်တယ်။
အစတုန်းက ကိုကို့ကို အဖော်ခေါ်သွားမလို့ပါပဲ။ ဒါပေမဲ့ ကိုကိုနဲ့ ကိုထွန်း နှစ်ယောက်စလုံးက အလုပ်ကိစ္စနဲ့ နယ်စပ်သွားကြတော့ သုဝေခေါ်လို့ မရဘူး။ ကိုယ့်ဘာသာပဲ taxi နဲ့ သွားလိုက်တော့မယ်။
ပါတီပွဲအတွက် ဆိုတော့ ပေါ့ပေါ့ပါးပါးပဲ ဝတ်သွားလိုက်တယ်။ တီရှပ်ပြောင်လေးနဲ့ ဘောင်းဘီဒူးစကလေး ဝတ်လိုက်တယ်။ ဘောင်းဘီက ကြယ်သီးနဲ့ပဲ။ ခါးပတ်မလိုဘူး။ ကြိုးချည်ရတဲ့ ရှုးလေးစီးလိုက်တဲ့အခါ ကလေးတစ်ယောက်လို ပျိုမြစ်တဲ့အလှနဲ့ လင်းလက်နေသလို ဖြစ်နေတယ်။ ပါတီပွဲရောက်တော့ သုဝေပုံစံက ထင်ပေါ်နေတယ်။
ပါတီပွဲကတော့ တီးလုံးသံတွေနဲ့ ဆူညံ ပွက်လောရိုက်နေတယ်။ သောက်စရာ စားစရာ အစုံနဲ့ဆိုတော့ သောက်လိုက် ကလိုက်နဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်နေကြတာပေါ့။ သုဝေလည်း ဝိုင်တွေ သောက်ပြီး ရီဝေဝေ ဖြစ်လာတယ်။ ဒါနဲ့ တိုက်ထဲက ထွက်ပြီး ပန်းခြံထဲ ဆင်းလာတယ်။
ပန်းခြံထဲမှာ ဒန်းလေးတွေ ရှိတယ်။ နောက်ပြီး ခါးတစ်ရပ်လောက် မြင့်တဲ့ အပင်လေးတွေ သေချာ ပုံသွင်းပြီး စိုက်ထားတော့ လှနေတယ်။ အလင်းရောင်တော့ သိပ်မရှိဘူး။ အိမ်ထဲမှာ ထိန်ညီးနေလို့ ပန်းခြံထဲ မှောင်နေတယ်လို့ ထင်ရတာလဲ ဖြစ်မယ်။
ပန်းခြံဘေးနားက ဒန်းလေးမှာ သုဝေ ထိုင်ချလိုက်ပြီး ခေါင်းလေး မီပြီး ထိုင်လိုက်တယ်။
"ဟေ့ ယူ။ တစ်ယောက်တည်းလား"
အနားကပ်ပြီး ခပ်တိုးတိုး ထွက်လာတဲ့ အသံကြောင့် သုဝေ ဆတ်ခနဲ ကြည့်လိုက်မိတယ်။
"ဪ ရစ်ချတ်ပါလား"
ရစ်ချတ်က သုဝေနဲ့တော့ မရင်းနှီး။ မျက်မှန်းတန်းပြီး သိတာလောက်ပဲ ရှိတယ်။ ခု ပါတီပွဲကို သူလည်းလာတာ ဖြစ်မယ်။