ကင်းစောင့်နှင့်သူ၏လမ်းပြလေး {3}

290 45 0
                                    

ယိုးနစ်က စောင့်ကြည့် ဗီဒီယိုကို အချိန်အတော်ကြာအောင်ကို ကြည့်ခဲ့တယ်။ ပုံရိပ်လေးက ကားပေါ်တက်သွားတာရယ်၊ ကားပေါ်က ခုန်ချတာရယ်နဲ့ ချက်ချင်းထွက်ပြေးသွားတာရယ် အားလုံးပေါင်းမှ ဆယ်စက္ကန့်ကျော်ကျော်စာလောက်ပဲ ရှိတယ်။ သူက ခေါင်းစွပ်ပါတဲ့ အားကစားဝတ်စုံ ဝတ်ထားတယ်၊ ဆိုတော့ သူ့ရဲ့ ပုံပန်းသဏ္ဌာန်ကို သေသေချာချာ မမြင်ရဘူး။ သူ ခန့်မှန်းနိုင်တာ တစ်ခုကတော့ အဲ့ဒီလူရဲ့ အရပ်က ၁၇၈စင်တီမီတာလောက်နဲ့ ပုံစံကြည့်ရတာတော့ အသက် အရမ်းမကြီးလောက်ဘူး၊ အသက်ကြီးတဲ့သူတွေက အဲ့ဒီ့ ပုံရိပ်လေးလို ပေါ့ပါးဖျတ်လတ်မှုတွေနဲ့ အလိုအလျောက် တုံ့ပြန်နိုင်စွမ်းတွေ မရှိနိုင်ဘူးလေ။

ရုတ်တရက် အရာရှိတစ်ဦးက တံခါးခေါက်ပြီး ဝင်လာခဲ့တယ်။ အလေးပြုပြီးနောက် ရှော့ပင်းမောလ် အနုကြမ်းအစီးခံရခြင်း စုံစမ်းစစ်ဆေးမှု ရလဒ်ကို ယိုးနစ်ထံသို့ ခပ်ပြတ်ပြတ် တင်ပြလာတယ်။

“ကျွန်တော်တို့ ပေါက်ကွဲမှုအား ပြင်းတဲ့ ဗုံးအလုံး ၅၀ကို ကုန်တိုက်ထဲမှာ ရှာတွေ့ခဲ့ပါတယ်၊ ဗုံးတွေအများကြီးကို တစ်ခုချင်း လိုက်တပ်ဆင်နိုင်ဖို့အတွက်က တစ်ရက်၊နှစ်ရက်နဲ့ မလုံလောက်ဘူး၊ ဒါကြောင့် ကျွန်တော်တို့ ကုန်တိုက်အတွင်းက ဝန်ထမ်းတွေကို အာရုံစိုက် စစ်ဆေးကြည့်ခဲ့ပြီး နောက်ဆုံး လူ သုံးယောက်ကို အဓိကထား စောင့်ကြည့်ခဲ့ပါတယ်”

ယိုးနစ်ရဲ့ အရှေ့မှာ ချက်ချင်းပဲ သုံးဖက်မြင် ဖန်သားပြင်ကနေ လူသုံးယောက်ရဲ့ ရုပ်ပုံနဲ့ အချက်အလက်တွေကို ပြသလာတယ်။ သူတို့ထဲက တစ်ယောက်က ယာယီ IDကဒ်ကို အသုံးပြုနေပြီး၊ အခြားနှစ်ယောက်ထဲက တစ်ယောက်မှာက IDအတု ရှိနေတယ်။

ယိုးနစ်ရဲ့ မျက်လုံးတွေက ဆံပင်နီနီနဲ့ပုံရိပ်လေးဆီမှာ တရစ်ရစ်ဝဲနေပြီးနောက် ဒီတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကို ငြင်းပယ်လိုက်တယ်။ ကုန်တိုက်မှာ တွေ့ခဲ့တဲ့ သူ့ရဲ့ လမ်းပြလေးကလည်း ခေါင်းနီလေးပဲ၊ အရင်တုန်းက သူ့ရဲ့ လမ်းပြလေးက ဒီလို သုန်မှုန်နေတဲ့ လူမျိုးဖြစ်နေမယ်ဆိုတာကို သူ မယုံကြည်နိုင်သေးဘူး။

သူ အဲ့ဒီ့လူရဲ့ နာမည်ကို မသိစိတ်ရဲ့ စေ့ဆော်မှုအရ တစ်ချက်ကြည့်မိလိုက်တယ်၊ ဆဲရာ။ ဒါပေမယ့် အဲ့ဒါက IDအတုကြီးလေ၊ ဒါကြောင့် အဲ့ဒီ့နာမည်ကို စုံစမ်းကြည့်ဖို့က သိပ်တော့မတန်ဘူး။

“အနုကြမ်းစီးမှု ဖြစ်စဉ် ပြီးတဲ့နောက်မှာ အဲ့ဒီ့လူ သုံးယောက်လုံး ပျောက်သွားပါတယ်။ နိုင်ငံတော်က A အဆင့် အလိုရှိကြောင်း သတိပေးချက် ထုတ်ပြန်မှာမို့ မကြာခင် သတင်းကောင်းတွေ ကြားရတော့မှာပါ”

ယိုးနစ်က အတွေးနစ်နေခဲ့ပြီး “အဲ့ဒီ့ အကြမ်းဖက်သမားတွေက ရှော့ပင်းမောလ်ကို သုံး၊လေးနာရီကြာအောင် ပိတ်ဆို့ခဲ့ပြီး သူတို့ရဲ့ ပန်းတိုင်ကိုတောင် ရောက်နေပြီလေ။ အချိန်တွေဆွဲပြီး ပြည်သူလူထုကို အထိတ်တလန့်ဖြစ်အောင်တောင် လုပ်ပြီးနေပြီ။ ဘာလို့ ဗုံးတွေကို မဖောက်ခွဲတာလဲ?”

“ကျွန်တော်တို့ အချိန်မှန် ရောက်သွားလို့ ဖြစ်နိုင်တယ်မလား?”

ယိုးနစ် သူ့ရဲ့ လက်အောက်ငယ်သားကို ကြည့်လိုက်တယ်။
“အကြမ်းဖက် လက်နက်ကိုင်တွေရဲ့ အသေအချာ အစီစဉ်ချထားတဲ့ တစ်ကမ္ဘာလုံးကိုတောင် ထိတ်လန့်စေတဲ့ တိုက်ခိုက်မှု တစ်ရပ်က အချိန်မလုံလောက်မှုကြောင့် ကျဆုံးသွားရတယ်ပေါ့?”

သူ ဖန်သားပြင်ပေါ်က လူသုံးယောက်ကို ထပ်ကြည့်လိုက်တယ်။
“တစ်ကယ်လို့ ဒီသုံးယောက်ထဲက တစ်ယောက်ကသာ သူတို့ထဲက လူဆိုရင်၊ ဒီထဲက တစ်ယောက်မှာ ဖွက်ထားတဲ့ ဖောက်ခွဲရေး ကိရိယာရှိရမယ်။ မေးခွန်းက ဘာလို့သူက မဖောက်ခွဲခဲ့တာလဲ?”

အရာရှိရဲ့ မျက်နှာအမူအရာက တဖြည်းဖြည်း ပြောင်းလဲသွားတယ်။
“အဲ့ဒါသာ အမှန်ဆိုရင်၊ ဒါဆို …”

လက်နက်ကိုင် အကြမ်းဖက်တွေကို ထိန်းချုပ်လိုက်ပြီးနောက် လူအများအပြားက သူတို့ရဲ့ သတိဝီရိယတွေကို ဖြေလျှော့လိုက်ကြတယ်။ အကယ်၍ အဲ့ဒီ့အခိုက်အတန့်မှာသာ ဗုံးတွေ ပေါက်ကွဲခဲ့မယ်ဆိုရင် အသေအပျောက် အရေအတွက်က နှစ်ဆတိုးလာမှာ အသေအချာပဲ။

သူတွေးကြည့်လိုက်မိတာနဲ့ကို အရာရှိခဗျာ ကြောက်ရွံ့ထိတ်လန့်ကာ ကျောချမ်းသွားသလို ခံစားလိုက်ရတယ်။ အကြမ်းဖက်လက်နက်ကိုင်တွေရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုက ဒုက္ခအပေးနိုင်ဆုံးပဲ၊ ဘာကြောင့်ဆို ဒါကို ကြိုတင်ခန့်မှန်းပြီး အချိန်မှီရပ်တန့်နိုင်ဖို့ နည်းလမ်းမရှိလို့ပဲ။ ဒီဖြစ်စဉ်ကို သူတို့ဖြေရှင်းလိုက်ရတာက အရမ်းလွယ်လွန်းနေတယ်။ အကယ်၍ အကြမ်းဖက်သမားတွေမှာ အားကိုးအားထားပြုစရာ နည်းဗျူဟာတွေသာ မရှိခဲ့ဘူးဆိုရင် သူတို့ ဗုံးတွေကို တစ်နာရီ ဒါမှမဟုတ် နှစ်နာရီ စောပြီး ဖောက်ခွဲပစ်လိမ့်မယ်။

အဲ့ဒီ့အချိန်မှာပဲ မနေ့ညက စနိုက်ပါ လုပ်ကြံမှု ဖြစ်ရပ် စုံစမ်းစစ်ဆေးရေးအဖွဲ့က တာဝန်ရှိတဲ့ စောင့်ကြပ်ရေးခေါင်းဆောင်က စုံစမ်းရေး တိုးတက်မှု အခြေအနေကို တင်ပြဖို့ ရောက်လာတယ်။

အရာရှိက ပြန်လည်ထွက်ခွါဖို့ ပြင်ဆင်လိုက်ပေမယ့် စောင့်ကြပ်ရေး ခေါင်းဆောင်က သူ့ကို တားဆီးလိုက်တယ်။

“ဗိုလ်ကြီး အိုက်ဗ်၊ ဗိုလ်ကြီးလည်း နားထောင်သင့်တယ်”

အရာရှိက သူ့ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပေမယ့် ယိုးနစ်ဆီက သဘောတူညီဟန်ရတဲ့ တိတ်ဆိတ်မှုကို တွေ့လိုက်ရတယ်။

“အခင်းဖြစ်ပွါးရာ နေရာမှာ တွေ့ရှိခဲ့တဲ့ သက်သေတွေအရ၊ အဲ့ဒီ့ ပဟေဠိဆန်တဲ့ ခရီးသည်ကို တိုက်ခိုက်ခဲ့တဲ့လူက ဟိုတစ်နေ့က ရှော့ပင်းမောလ်ကို အနုကြမ်းစီးခဲ့တဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းက ဖြစ်တယ်လို့ အစမ်းသဘောအနေနဲ့ ဖော်ထုတ်နိုင်ခဲ့ပါတယ်”
ခေါင်းဆောင်ရဲ့ ပထမဆုံး စကားက သူတို့နှစ်ယောက်လုံးကို အံ့အားသင့်စေခဲ့တယ်။

သူက ဆက်ပြီး “သူတို့ အသုံးပြုခဲ့တဲ့ လက်နက်အမျိုးအစားက အကြမ်းဖက်သမားတွေ အသုံးပြုခဲ့တဲ့ ကျည်ဆံဖွဲ့စည်းပုံတူတဲ့ လက်နက် အမျိုးအစားနဲ့ အလွန်ဆင်တူပါတယ်။ သူတို့ရဲ့ နည်းလမ်းတွေက ရက်စက်ကြမ်းကြုပ်ပြီး လျင်မြန်လွန်းတာကြောင့် ခြေရာခံဖို့နဲ့ စုံစမ်းစစ်ဆေးဖို့အတွက် သဲလွန်စအနည်းငယ်ပဲ ကျန်ခဲ့တယ်”

“ခရီးသည်ရဲ့ ကိုယ်ရေးအချက်အလက်က ဘာတဲ့လဲ?” ယိုးနစ် မေးလိုက်တယ်။

ခေါင်းဆောင်က စာရွက်စာတမ်းများစွာ ယူဆောင်လာကာ သူတို့ကို ပြသရင်း ဖြေကြားလာတယ်။
“ကားပေါ်က ထုတ်ယူလာခဲ့တဲ့ လက်ဗွေရာအရ ခရီးသည်ရဲ့ ဇာစ်မြစ်ကို ခြေရာခံလို့ မရပါဘူး၊ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်တွေအရ ဒီလူက ဒီနှစ်တွေထဲမှာ သူမည်သူမည်ဝါ ဖြစ်ကြောင်းကို ဖုံးကွယ်နေနေပြီး လက်ဗွေရာစစ်ဆေးဖို့လိုတဲ့ ပစ္စည်းတွေကိုလည်း အသုံးပြုခဲပုံရတယ်”

ယိုးနစ်က မျက်မှောင်ကြုတ်နေပြီး ဘာစကားမှ မပြောပဲ ဆက်ပြောလာမှာကို စောင့်နေတယ်။

“ဒါပေမယ့်” ခေါင်းဆောင်က နောက်ထပ်စာရွက်စာတမ်းတစ်ခုကို ဆွဲထုတ်လာတယ်။ “ကျွန်တော်တို့ လက်ဗွေရာပိုင်ရှင်ရဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က ဆေးရုံတစ်ခုရဲ့ ဆေးစစ်မှတ်တမ်း အချက်အလက်တွေကို ရှာတွေ့ခဲ့တယ်”

“လွန်ခဲ့တဲ့ ဆယ်နှစ်က ဆေးစစ်မှတ်တမ်း?”

“ဟုတ်ပါတယ်” ခေါင်းဆောင်က မျက်မှောင်ကြုတ်လျှက်နဲ့ပဲ အစီရင်ခံစာကို တင်ပြလိုက်တယ်။
“ဆေးစစ်မှတ်တမ်းမှာပါတဲ့ အကြောင်းအရာတွေမှာ ဇဲဒါလို့ခေါ်တဲ့ ဆယ်နှစ်အရွယ်ကောင်လေးကို သူ့အဖေဖြစ်သူက ရိုက်နှက်ခဲ့ပါတယ်။ ဆေးရုံကိုပို့ဆောင်တဲ့ လမ်းမှာပဲ ကောင်လေးက အသက်ရှု ရပ်တန့်တော့မလို ဖြစ်ခဲ့တဲ့အတွက် အရေးပေါ်အသက်ကယ်နည်းနဲ့ ကယ်ဆယ်ခဲ့ရပါတယ်။ ဆေးကုသမှုခံယူနေစဉ်အတွင်း ကောင်လေးဆီမှာ ဒဏ်ရာအသစ်တွေအပြင် အမာရွတ်ဟောင်းတွေပါ ရှိနေပြီး သိသိသာသာကို အဲ့ဒီ ဒဏ်ရာဒဏ်ချက်အကုန်လုံးက အချိန်ကြာမြင့်စွာ နှိပ်စက်ညှဉ်းပန်းခံထားရတဲ့ အကျိုးဆက်တွေချည်းပါပဲ။ ဒါကြောင့် သက်ဆိုင်ရာ အထောက်အထားတွေနဲ့ ကလေးသူငယ်ကာကွယ်ရေးအဖွဲ့ဆီကို တိုင်ကြားပြီး ကောင်လေးရဲ့ အဖေကို ထောင်ထဲပို့လိုက်ကြပါတယ်”

ယိုးနစ် ဓါတ်ပုံထဲက ကောင်လေးရဲ့ ခန္ဓာကိုယ်ပေါ်က ထိတ်လန့်တုန်လှုပ်ဖွယ် အမာရွတ်တွေကို ကြည့်ပြီး သူ့လက်သီးတွေကို တင်းကြပ်စွာဆုပ်ထားမိတယ်။ သူ လေးလံတဲ့ အသံအောအောနဲ့ မေးလိုက်တယ်။ “ငါတို့ နိုင်ငံမှာ အရွယ်မရောက်သေးသူတွေအတွက် တင်းကျပ်တဲ့ ကာကွယ်ရေး ဥပဒေတွေ ပြဋ္ဌာန်းထားတယ်။ ဘာလို့ ဒီကလေးက အချိန်အကြာကြီး နှိပ်စက်ညှဉ်းပမ်းခံနေရတာကို ဘယ်သူမှမသိကြတာလဲ?”

ခေါင်းဆောင်က စကားပြန်လာတယ် “ဘာလို့လဲဆိုတော့ ကောင်လေးရဲ့ အဖေ၊ အဲ့ဒီ့ မကောင်းဆိုးဝါးက ကလေးကို ရိုက်နှက်ပြီးတိုင်း ဆေးရုံကို ကုသဖို့ မပို့ပေးဘူးလေ။ အခုရခဲ့တဲ့ ဆေးမှတ်တမ်းကလည်း ကောင်လေးက သူ့လက်ထဲမှာ သေလုနီးပါးဖြစ်သွားခဲ့လို့ ရလာတဲ့ မှတ်တမ်းပဲ”

“လူယုတ်မာ!” တစ်ချိန်လုံး အသံတိတ်နေခဲ့တဲ့ အိုက်ဗ်က မအော်ဟစ်ပဲ မနေနိုင်တော့ဘူး။

ယိုးနစ်ရဲ့ မျက်နှာကလည်း သုန်မှုန်နေတယ်။
“အဲ့ဒီ့ကလေးလေး ဘယ်လိုဆက်ဖြစ်သွားလဲ?”

“အယူခံဝင်ပြီးတဲ့ နောက်မှာတော့ ကလေးကို လူမှုဖူလုံရေးဂေဟာကို ပို့လိုက်ကြတယ်။ အဲ့ဒီမှာ သူ့အသက် ၁၅နှစ်အရွယ်ထိနေခဲ့ပြီး နောက်တော့ သူ ပျောက်သွားတယ်”

“ပျောက်သွားတယ်?” ယိုးနစ် မျက်မှောင်ကြုတ်လိုက်တယ်။

ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ပြောပြလာတယ်။ “သူ့ အသက် ၁၄နှစ်ရောက်တော့ သူ့အဖေက ပြန်လွတ်လာပြီ။ ကျွန်တော့်အထင် သူ လူမှုဖူလုံရေးဂေဟာက ထွက်သွားတာ အဲ့ဒီ့လူကို ရှောင်ချင်လို့ပဲ။ အဲ့ဒီအချိန်ကစပြီး သူက ရုပ်ဖျက်ပြီးနေတော့တာပဲ။ ဒီဟာတွေအကုန်လုံးက ကျွန်တော်ရှာနိုင်သမျှ အကုန်ပါပဲ”

သူ့အသက် ၁၅နှစ်မှာ ပျောက်သွားခဲ့တယ်၊ အခုဆို သူက အသက်နှစ်ဆယ်ကျော်လောက်ရောပေါ့။ ဒီ ခြောက်နှစ်(သို့) ခုနစ်နှစ်အတွင်းမှာ အရွှေ့အပြောင်းတွေ၊ ကြောက်ရွံ့မှုတွေကြားထဲ သူ ဘယ်လိုများ ရှင်သန်နေထိုင်ခဲ့သလဲ?

ယိုးနစ် နားလည်ရခက်ခဲတဲ့ နောင်တတရားနှင့် ဒေါသတွေကို ခံစားနေရတယ်။ အဲ့ဒီ့ကောင်လေးက မကောင်းတဲ့ ပတ်ဝန်းကျင်မှာများ ကြီးပြင်းလာခဲ့ရသလား? သူက လမ်းပြတစ်ယောက်လေ။ အစားအသောက်တွေ၊ အဝတ်အစားတွေ ပေါပေါများများနဲ့ သက်တောင့်သက်သာနေထိုင်ပြီး တော်ဝင်ဆန်တဲ့ ဆက်ဆံမှုတွေကို ခံစားပြီး ဘဝကို ဖြတ်သန်းသင့်တာ။ ဒါပေမယ့် အခုတော့ အချိန်ပြည့် အခြားသူတွေရဲ့ နှိပ်စက်ညှဉ်းပမ်းမှုတွေကို သတိရှိရှိ ဆန့်ကျင်နေရပြီး အမှောင်ထောင့်လေးထဲမှာပဲ ပုန်းကွယ်နေဖို့ တတ်နိုင်ရှာတယ်။

“အခု သူ့အဖေဘယ်မှာလဲ” ယိုးနစ်က အမူအရာအရာမဲ့စွာနဲ့ မေးလိုက်ပေမယ့် သတ်ချင်ဖြတ်ချင်နေတဲ့ လေထုကတော့ အနည်းငယ် စိမ့်ထွက်လို့နေတယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်က သူ အကြွေးတွေနဲ့နစ်မွန်းပြီး သိပ်မကြာဘူး ဆုံးသွားတယ်”

“သူနဲ့တန်တယ်!” အိုက်ဗ်က ခပ်အုပ်အုပ် မြည်တမ်းလိုက်တယ်။

“အဲ့ဒီ့ကောင်လေးကို သေချာ စောင့်ကြည့်ထား” ယိုးနစ် အမိန့်ပေးလိုက်တယ်။ “ကောင်လေးဆီမှာ သူတို့ကို ဆန့်ကျင်နိုင်တဲ့ သတင်းအချက်လက်တွေ ရှိနေတာမို့ အကြမ်းဖက်သမားတွေက တိုက်ခိုက်လာတာ ဖြစ်မယ်”

ခေါင်းဆောင်က ယိုးနစ်ကိုကြည့်ကာ အလေးအနက်ပြောလာတယ်။ “ ကျွန်တော်စိုးရိမ်တာက ကျွန်တော်တို့ အထက်က လူကြီးတွေရဲ့ အကူအညီကို လိုလောက်မှာကိုပဲ။ ဇဲဒါက ကောင်းကောင်းပုန်းကွယ်နေနိုင်တော့ ကျွန်တော်တို့ အမျိုးသားသတင်းအချက်အလက် ဗဟိုစင်တာရဲ့ လက်ဗွေရာ ဒေတာဘေ့စ်ထဲဝင်ဖို့ Aအဆင့် လုပ်ပိုင်ခွင့်အာဏာရှိတဲ့လူတွေနဲ့ ဆွေးနွေးရလိမ့်မယ်”

ဒီ လက်ဗွေရာ ဒေတာဘေ့စ်က IDကဒ်တွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်တယ်။ သာမန်လူတွေက အမျိုးသားသတင်းအချက်အလက် ဗဟိုစင်တာကို လက်ဗွေရာနှင့်ပတ်သတ်တဲ့ စုံစမ်းမေးမြန်းမှုတွေ မလိုအပ်ကြပေ၊ ဘာကြောင့်ဆို ယနေ့ခေတ်မှာ ဖျော်ဖြေရေးနဲ့ အလုပ်တွေကို လက်ဗွေရာမပါပဲ လုပ်ဆောင်မရနိုင်လို့ပဲ။ သူတို့က နည်းပညာမြင့် လူ့အဖွဲ့အစည်းနှင့် မဝေးကွာနေသ၍တော့ လူထုပတ်ဝန်းကျင်မှာ သူတို့ရဲ့ လှုပ်ရှားမှု လမ်းကြောင်းတွေကို အလွယ်တကူ ဖျက်မရနိုင်ဘူးလေ။ ဒါပေမယ့် ဇဲဒါကတော့ လုပ်လောက်တယ်။ သူက တစ်ချိန်လုံး တစ်ကိုယ်တည်းနေနေခဲ့ပြီး အမည်မသိလက်ဆောင်ကဒ်များကို အသုံးပြုကာ လူမှုရေးလှုပ်ရှားမှုများမှာလည်း ပါဝင်ခြင်းမရှိလောက်ပေ။

သူ့ရဲ့ ဘဝနေထိုင်မှုပုံစံက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံထဲမှာ မထင်မှတ်ထားရလောက်အောင် ငြီးငွေ့စရာကောင်းပြီး ရှေးရိုးဆန်နေလောက်တယ်။

ဟုတ်တာပေါ့၊ သူက IDကဒ်အတု လုပ်နိုင်တယ်ဆိုရင်တော့ သူ့ရဲ့ဘဝက တဒင်္ဂလောက်တော့ ရှုပ်ထွေးနေလောက်တယ်၊ ဒါပေမယ့် လုံခြုံရေးမော်နီတာတွေက လူတိုင်းရဲ့ အထောက်အထား ID တွေကို ပုံမှန်အတိုင်း စကင်န်ဖတ်တာပဲလေ။ လက်ဗွေရာသာ IDကဒ်နဲ့ မကိုက်ညီပါက သူတို့က နောက်ဆုံးမှာ ရှာတွေ့သွားမှာပဲ။

ရှန့်ခယ်ရဲ့ ဟက်ကာ အရည်အချင်းတွေနဲ့ အတုလုပ်ထားတဲ့ IDကဒ်ရဲ့ အချက်အလက်တွေက အဆင့်နိမ့် IDကဒ်တွေနဲ့သာ သက်ဆိုင်တာဖြစ်တယ်။ ဒီလိုကဒ်တွေကို ကိုင်ဆောင်ထားတဲ့သူတွေက များသောအားဖြင့် လုပ်ငန်းခွင်အတွက် လျှောက်ထားနိုင်ပြီး အကျိုးခံစားခွင့်နှင့် ကာကွယ်မှုတွေကို မရရှိနိုင်ပေ။ ဆန့်ကျင်ဘက်အနေနဲ့ တင်းကြပ်တဲ့ စောင့်ကြည့်ရေးစနစ်ကတော့ သဘာဝအလျောက် ရှိနေလိမ့်မည်။

သို့ပေမယ့်၊ အဆင့်နိမ့် IDကဒ် တစ်ခု ဖြစ်နေရင်တောင် သူ့ရဲ့ လက်ဗွေရာ အချက်အလက်တွေကတော့ အမျိုးသားသတင်းအချက်အလက် ဗဟိုစင်တာမှာ စာရင်းဝင်သွားဦးမှာပဲ။

“ငါ့ကို အချိန် သုံးရက်ပေး” ယိုးနစ်က မဆိုင်းမတွပဲ သဘောတူလိုက်တယ်။ အမျိုးသားသတင်းအချက်အလက် ဗဟိုစင်တာမှ အချက်အလက်များ ရယူရန် Aအဆင့် လုပ်ပိုင်ခွင့်အာဏာ(သို့) အဲ့ဒါရဲ့အထက်မှာ ရှိဖို့ လိုအပ်တယ်။ သုံးရက်ဆိုတာတောင် တော်တော်မြန်နေပြီ။

သုံးရက်ကြာပြီးနောက်၊ သူတို့တွေ ရှန့်ခယ်ရဲ့ လက်ရှိ အထောက်အထားကို ရှာဖွေတွေ့ရှိခဲ့တယ်။ သူက သူ့ရဲ့ နာမည်အရင်းဖြစ်တဲ့ ‘ရှန့်ခယ်’ကို သုံးထားတယ်၊ အသက်က ၂၂နှစ်၊ ပြီးတော့ သူရိုက်ခဲ့တဲ့ပုံကလဲ သူ့ရဲ့ရုပ်ရည်အသွင်အပြင်ကို ပြောင်းလဲပြီးမှ ရိုက်ခဲ့တဲ့ပုံ။ သူ့ပုံစံက သိသိသာသာ ပြောင်းလဲသွားပေမယ့်လည်း ယိုးနစ်နဲ့ တခြားလူတွေကတော့ သူ့ကို မော်လ်ထဲမှာ ပျောက်ဆုံးသွားတဲ့ ဝန်ထမ်း သုံးဦးထဲက တစ်ဦးအနေနဲ့ မှတ်မိနေခဲ့တယ်။

“ငါတို့ရဲ့ ခန့်မှန်းချက်က မှန်နေတာပဲ၊ ဒါဆိုရင် သူ့ကို အကြမ်းဖက်သမားတွေ ပစ်မှတ်ထားနေတာကို နားလည်သွားပြီ” အိုက်ဗ်က လေးလေးလံလံ စပြောတော့တယ်။
“သူက နောက်ဆုံးသော အခိုက်အတန့်မှာ သူတို့လုပ်ထားတဲ့ အစီအစဉ်ကို လက်လျှော့ပစ်လိုက်တာပဲ၊ အဲ့ဒါကလည်း အဖွဲ့အစည်းကို သစ္စာဖောက်တဲ့ သဘောသက်ရောက်သွားတယ်”

“လောလောဆယ် ဘာကိုမှ ကောက်ချက်မချသေးနဲ့ဦး” ယိုးနစ်က ဖန်သားပြင်ပေါ်က ခေါင်းနီလေးကို ကြည့်ပြီး မျက်ခုံးတွေကို ခပ်တင်းတင်းစုပြီး မျက်မှောင်ကြုတ်ထားမိတယ်။ သူ ခံစားနေရတာက စိတ်ပျက်သွားတာလား၊ စိတ်ဓါတ်ကျသွားတာလား ဆိုတာတောင် မသိတော့ဘူး၊ ဒါပေမယ့် သူ ရုတ်တရက် စိတ်ဝင်စားမှုတွေ ပျောက်ဆုံးသွားသလိုပဲ။ “လူကို အရင်ရှာကြတာပေါ့”

ရှန့်ခယ်ရဲ့ အထောက်အထား အချက်အလက်တွေ ထွက်ပေါ်လာတာနှင့် အစိုးရဆန့်ကျင်ရေး အဖွဲ့အစည်းကလည်း အတွင်းသတင်းတွေ ရရှိခဲ့တယ်။
နောက်ဆုံးတော့လည်း သူက အလုပ်လည်း မရှာနိုင်သလို ဆေးရုံလည်းမသွားနိုင်ဘူး၊ မဟုတ်ရင် သူ့ကိုယ်သူ ထုတ်ဖော်ပြနေသလို ဖြစ်သွားမှာ။ သူ့ရဲ့ အမည်မသိစျေးဝယ်ကဒ်မှာလည်း Points တစ်သိန်းကျော်ပဲ ကျန်တော့တယ်၊ သူ ခြွေတာသုံးရင်တောင် သုံးလလောက်အထိ သုံးဖို့ မလောက်ငှနိုင်ဘူး။ နေ့တိုင်း သူ လူတွေကို ရှောင်ရှားကာ လျှို့ဝှက်စွာ နေထိုင်ရပြီး၊ ၂၄နာရီ ရက်သတ္တပတ်လုံး အလွန့်အလွန် နိုးကြားစွာနဲ့ နေနေရတယ်။

တစ်ဖက်မှာက နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ Aအဆင့် ဖမ်းဆီးဝရမ်း ရှိနေပြီး၊ အခြားတစ်ဖက်မှာက သူ့ကို လုပ်ကြံရန် ကြိုးပမ်းနေသည့် အစိုးရဆန့်ကျင်ရေး အဖွဲ့အစည်းက ရှိနေပြန်တယ်။ သူ့ခဗျာ တစ်ကိုယ်ရေးသုံးနှင့် စားသောက်ကုန် ပြတ်လပ်နေတဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရပြန်သေးတယ်။ ရှန့်ခယ် ကိုယ်ခံပညာ ဆယ့်ရှစ်ခု တတ်ထားတာတောင် ဒီအခြေအနေကြီးက ရုန်းထွက်နိုင်ဖို့ သူ့အတွက် အရမ်းခက်ခဲနေတယ်။

ရှန့်ခယ် ဒီအခြေအနေကြီးကို ဘယ်လို ပြောင်းပြန်လှန်ရမလဲ ချင့်ချိန် တွေးဆနေစဉ်မှာပဲ ဒုတိယမြောက် လုပ်ကြံသတ်ဖြတ်သူက တိတ်တဆိတ် ရောက်လာခဲ့တယ်။

အစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းရဲ့ လှုပ်ရှားဆောင်ရွက်မှုပုံစံက တော်တော်ကို မှားယွင်းနေတဲ့ သတ်ဖြတ်မှု ပုံစံမျိုးဖြစ်ပြီး ဖြတ်သွားဖြတ်လာများရဲ့ ဘဝနှင့် အသက်တွေကို ဂရုမစိုက်ပေ။

သာယာလှပတဲ့ ညနေခင်းတစ်ခုမှာ၊ ရှန့်ခယ်ရဲ့ တံခါးကို ခေါက်နေတဲ့ အသံတစ်ခုရှိနေပြီး ပါဆယ်ထုတ်တွေအပြည့်ကိုင်ထားတဲ့ ညီငယ်လေး တစ်ယောက်က ပြုံးပြနေကာ အပြင်ဘက်မှာ မတ်တပ်ရပ်လို့နေတယ်။

ရှန့်ခယ် တံခါးဖွင့်ဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ ဝိဉာဉ်လမ်းညွှန်လေးဖြစ်တဲ့ လှိုင်းလုံးလေးက နောက်ထပ် အန္တရာယ်အချက်ပြမှုကို ပေးပို့လာခဲ့တယ်။

သူ မဆိုင်းမတွနဲ့ ချက်ချင်းပဲ ကျောပိုးအိတ်ကို ကောက်လွယ်ပြီး ပြတင်းပေါက်က ခုန်ချဖို့ အသင့်ဖြစ်နေပြီ။ ဒါပေမယ့် သူ ပြတင်းပေါက်ဘောင်အစွန်းကို ဖြတ်ကျော်ပြီးချိန်မှာပဲ သူ့နောက်က ပေါက်ကွဲမှုအားကြောင့် တွန်းထုတ်ခံရသလို ဖြစ်သွားပြီး ဆန့်ကျင်ဘက်နံရံကို တည့်တည့်ဝင်တိုက်မိတော့တယ်။ နံရံမှာက သတ္တုမီးအိမ်တွေကို တန်းစီပြီး တပ်ဆင်ထားတာဖြစ်ပြီး မီးလုံးလေးတွေကို စွပ်ထားတဲ့ အစွပ်လေးတွေမှာ ရှုပ်ထွေးတဲ့ပုံစံနဲ့ အစွန်းလေးတွေမှာ ထက်ရှတဲ့ ဆူးချွန်ပုံစံတွေပါရှိတယ်။ သူသာ အဲ့ဒါတွေကို ဝင်တိုက်မိခဲ့မယ်ဆိုရင် သူ့အူတွေက ပြတ်ထွက်သွားပြီး မချိမဆန့်သေရမှာ သေချာတယ်။

ရှန့်ခယ် လေထဲမှာပဲ အလျှင်အမြန် လှည့်လိုက်ရပြီး သူ့ခြေထောက်တွေက သတ္တုမီးအိမ်ရဲ့ အစွန်းနှစ်ဖက် အန္တရာယ်ရှိတဲ့အကွာအဝေးမှာသူ့ခြေထောက်တွေ အမြန် ခြေလှန်းချလိုက်မိတယ်။ ချွန်ထက်နေတဲ့ ဆူးချွန်က သူ့ခွကြားနဲ့ လေး၊ငါး စင်တီမီတာပဲ ကွာတော့တယ်။ သူသာ သူ့ဒူးကို နည်းနည်းလေးပဲ ဖြစ်ဖြစ် ကွေးမိသွားရင် ဒီတစ်သက်တော့ သူ့အောက်ပိုင်းပစ္စည်းကို သုံးပြီး လိင်ဆက်ဆံနိုင်မှာ မဟုတ်တော့ဘူး။

ရှန့်ခယ်ရဲ့ ခန္ဓာကိုယ်က လေထဲမှာ စက္ကန့်အနည်းငယ်လောက် ရပ်တန့်နေခဲ့ပြီး မြေကမ္ဘာဆွဲငင်အားက သူ့ကို အောက်သို့ ပြုတ်ကျစေခဲ့တယ်။

အောက်မှာက ကားတစ်စီးရပ်ထားပြီး ခေါင်းမိုးပေါ်မှာက သေနတ်ကိုင်ထားတဲ့ လူတစ်ယောက်ရှိနေတယ်။

ချီးပဲ!

အချိန်ကိုက် သေနတ်ပစ်ခတ်သံနှင့်အတူ ရှန့်ခယ် ခန္ဓာကိုယ်ကို ပတ်ချာလှည့်လိုက်ကာ အဆောက်အဦးရဲ့ ပြတင်းတံခါးတစ်ခုကို ခြေထောက်ဖြင့်ကန် ခွဲပြီး ဝင်သွားလိုက်တယ်။

ပြတင်းတံခါးကို ဝုန်းခနဲ ချိုးဖြတ်ပြီးနောက် အခန်းတစ်ခုထဲကို သူ ရောက်သွားတယ်။

“အား—!” ပိုင်ရှင်က ရေချိုးခန်းထဲကနေ ထွက်လာခဲ့ပြီး မှန်ကွဲစတွေနဲ့ ဖုံးနေတဲ့ ရှန့်ခယ်ကို ရုတ်တရက် တွေ့တာနဲ့ အော်တော့တယ်။ သူမက စူးစူးဝါးဝါး အော်သံနဲ့ အော်ဟစ်လိုက်ပြီး သူမပတ်ထားတဲ့ ရေချိုးခန်းပုဝါ အောက်ပြုတ်ကျသွားတာကိုတောင် သတိမထားမိတော့ဘူး။

ရှန့်ခယ်မှာ လှပတဲ့ ခန္ဓာကိုယ်ကို အသိအမှတ်ပြုပေးဖို့ အချိန်ရှိမနေပေ။ သူ အမြန် ခုန်ထလိုက်ပြီး အခန်းထဲကနေ ပြေးထွက်သွားတော့တယ်။

သူ ပင်မဝင်ပေါက်မှ ထွက်မည့်အစား ဘေးဘက်ရှိ ပြတင်းပေါက်တစ်ခုကို ရွေးချယ်လိုက်တယ်။ အစိုးရဆန့်ကျင်ရေး အဖွဲ့အစည်းက လမ်းကြောင်းလေးခုလုံးမှာ သူ့ကို ချုံခိုတိုက်ခိုက်လိမ့်မယ်လို့တော့ သူမထင်ဘူး။

ဒါပေမယ့် ကံတရားနတ်ဘုရားက သူ့ကို မျက်နှာသာမပေးလေပဲ၊ အဲ့ဒီ့လူတွေက တကယ်ကို လမ်းကြောင်းလေးခုလုံးမှာ ချုံခိုတိုက်ခိုက်ဖို့ နေရာယူထားလေတယ်။

ပြတင်းပေါက်ကနေဖြတ်ပြီးတော့ သူ အောက်မှာ စောင့်နေတဲ့ ခေါင်းတစ်လုံးကို တွေ့လိုက်ရတယ်။ ရှန့်ခယ် အံကြိတ်လိုက်ပြီး အပေါ်ဆုံးထပ်ကိုပဲ အမြန်တက်သွားလိုက်တော့တယ်။

သူ့ကျောပိုးအိတ်ထဲမှာ ကေဘယ်ကြိုးတွေ ရှိနေတော့ သူ ကြိုးတန်းတစ်ခု လုပ်လို့ရလောက်တယ်။ ရလဒ်ကတော့၊ အနီးအနားမှာ ရှိတဲ့ လူတွေအကုန် မတူညီတဲ့ စပိုက်ဒါမန်း ဗားရှင်းကို ကံကောင်းစွာနဲ့ မျက်မြင်တွေ့လိုက်ကြရတာပဲ။

ရှန့်ခယ်က လေပြည်လေညင်းလေးလို လှုပ်ရှားနေပေမယ့် သူ့အင်္ကျီမှာက သွေးတွေရွှဲနစ်နေပြီ။

ဒဏ်ရာဟောင်းက မသက်သာသေးခင်မှာ ပေါက်ကွဲမှုက သူ့ကို ရိုက်ခတ်သွားခဲ့တော့ သူ့ ဒဏ်ရာဟောင်းတွေက ပြန်ပွင့်ထွက်ကုန်ပြီး သူ့နောက်ကျော အခြေအနေက ပိုပြီး ဆိုးရွားသွားတော့တယ်။ လောလောဆယ် ကောင်းကင်က မှိန်ပြပြဖြစ်နေတာကြောင့် အဆောက်အဦးတွေကြားမှာ ပျံသန်းနေတဲ့ ပုံရိပ်လေးကို မြင်တွေ့နေကြပေမယ့် သူ့ရဲ့ သွေးစွန်းနေတဲ့ အသွင်အပြင်ကိုတော့ မမြင်ကြရပေ။

ရှန့်ခယ် အဆောက်အဦးနှစ်ခုကြားရှိ လမ်းကြားလေးထဲမှာ ဆင်းသက်ခဲ့တယ်။ သူ့နှဖူးမှ ချွေးတွေက တလိမ့်လိမ့် စီးကျနေပြီး သူ့မျက်နှာလေးက ဖြူဖျော့နေတယ်၊ သူ့ခဗျာ အသက်လုရှုနေရပေမယ့် သူ့နှုတ်ခမ်းတွေကတော့ အံ့အားသင့်ဖွယ်ကောင်းအောင်ကို နီစွေးလို့နေတယ်။

ခဏအကြာမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သလို သူ့ရဲ့ မျက်ဝန်းလေးတွေမှာ အလင်းရောင်တောက်တောက်လေး နှစ်စက်က လင်းလက်လို့သွားတယ်။ သူ အမှန်အကန်ကို ခပ်တည်တည်နဲ့ လမ်းကြားလေးထဲကနေ လျှောက်ထွက်လာပြီး အနီးအနားက ရဲစခန်းကို တည့်တည့်ပဲ ဝင်သွားလိုက်တော့တယ်။

တာဝန်ကျနေတဲ့ အစောင့်က ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဝတ်အစားနှင့် သွေးတွေရွှဲနေသည့် လူတစ်ယောက် ဝင်လာတာကို တွေ့လိုက်ရတာနဲ့ ချက်ချင်းပဲ သူ့ရဲ့ လက်နက်ပေါ်ကို လက်တင်လိုက်မိတယ်။ သူက သတိနှင့် မေးလိုက်တယ် “ဘာကိစ္စဖြစ်လာတာလဲ? မင်း ဒုက္ခရောက်နေတာလား?”

ရှန့်ခယ် သူဝတ်ထားတဲ့ ခေါင်းစွပ်အင်္ကျီက ခေါင်းစွပ်ကို ချွတ်ချလိုက်ပြီး သူရဲ့ ထူးချွန်ပြောင်မြောက်တဲ့ မျက်နှာချောချောလေးကို ထုတ်ဖော်ပြသလိုက်တယ်။ သူ့ရဲ့ ကျောပိုးအိတ်ကို စားပွဲပေါ်မှာ တင်ထားလိုက်ပြီး အပြုံးလေးနဲ့ “ကျွန်တော့်ဘာသာ အဖမ်းခံဖို့ ရောက်လာတာပါ”

【ဒုတိယအကြိမ် လုပ်ကြံသတ်ဖြတ်ခြင်း ကြိုးပမ်းမှုမှ လွတ်မြောက်လာတဲ့အတွက် Host ကို ဂုဏ်ပြုပါတယ်။ 】




























သူရဲကောင်းဆန်စွာသေဆုံးခြင်းစနစ်Where stories live. Discover now