နာကျင်စရာ မှတ်ဉာဏ်များကြောင့် မေ့လဲပြိုကျခါနီး ဖြစ်သွားတဲ့ ရှန့်ခယ်ကို မြင်တွေ့လိုက်ကြရတဲ့အခါ အပြင်က ကြည့်နေကြတဲ့ လူအုပ်ကြီးက အနည်းငယ် ဂရုဏာသက်နေကြပြီး စိုးရိမ်နေကြတယ်။ ဒီအချက်ကြောင့်ပဲ၊ နောက်ဆုံးတော့ သူတို့ရဲ့ သံသယတွေကို လွှတ်ချလိုက်ကြပြီး ဆင်းရဲဒုက္ခတွေကို ကြုံတွေ့ခဲ့ရတဲ့ လမ်းပြတစ်ယောက်အဖြစ် အမှန်အကန် အသိအမှတ်ပြုခဲ့ကြတယ်။
ယိုးနစ် ရှန့်ခယ်ကို လူနာဆောင်ဆီ ပြန်ခေါ်လာခဲ့တဲ့အခါ၊ ကောင်လေးရဲ့ လက်လေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လို့ထားပြီး သူ့ ဘေးနားမှာပဲ တိတ်တဆိတ် မတ်တတ်ရပ်နေမိတယ်။
ရှန့်ခယ် ခံစားနေရတာက သူ့တစ်ကိုယ်လုံးက ဗလာကြီး ဖြစ်နေသလိုမျိုးပဲ။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာက သူ့ ခန္ဓာကိုယ်ကို အကြိမ်ရာကျော် နာကျင်ခံရတာထက် ပိုပြီးနာကျင်ရစေတယ်။ ဇဲဒါရဲ့ ကျန်ရစ်နေခဲ့တဲ့ မှတ်ဉာဏ်တွေက မီးတောင်လိုပဲ။ အိပ်မွေ့ချခြင်းက လှုံ့ဆော်မှုဖြစ်သွားတော့ အဲ့ဒါတွေက ရုတ်တရက်ကြီး ပေါက်ကွဲထွက်လာပြီး ရှန့်ခယ်ရဲ့ စိတ်ဝိဉာဉ်ကိုပါ ဝါးမျိုသွားတယ်၊ သူ့ရဲ့ စိတ်မချမ်းမြေ့ရတဲ့ ကလေးဘဝကို ရှန့်ခယ်ပါ အတူ ပြန်လည်ခံစားလိုက်ရတယ်။
တစ်စုံတစ်ယောက်က ဘာကြောင့်များ ဒီလောက်အထိ ရက်စက်နိုင်ရတာလဲဆိုတာ ရှန့်ခယ် နားမလည်နိုင်ဘူး။ အဲ့ဒီလူက သူ့ရဲ့ကလေးအပေါ်မှာ သနားစိတ် တစ်စက်မရှိဘူး၊ ပြီးတော့ သူ့ရဲ့ ဒေါသတွေ၊ သိသာထင်ရှားနေတဲ့ မလိုလားခြင်းတွေနဲ့ မကျေနပ်ချက်တွေကို စုပေါင်းထားတဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက ဇဲဒါအတွက်တော့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတင်မကဘူး စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုကြီးပါ ဖြစ်စေခဲ့တယ်။
ရှန့်ခယ်ရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်သာ မသန်မာနေဘူးဆိုရင် ဇဲဒါရဲ့ မှတ်ဉာဏ်တွေက သူ့အပေါ်ကိုပါ သက်ရောက်သွားမှာ၊ အဲ့လိုသာဆိုရင် သူ မူမမှန်တဲ့ စိတ်ဝေဒနာရောဂါရှင် ဖြစ်လာတာမျိုး၊ မဟုတ်လျှင်လဲ သူ တစ်ခါတည်း ရူးသွပ်သွားတာမျိုး ဖြစ်သွားနိုင်တယ်။
ဘယ်လောက်ကြာသွားမှန်းတောင် မသိတော့တဲ့ အချိန်တစ်ခုအကြာမှာ ရှန့်ခယ် သူ့ရဲ့ အိပ်စက်ခြင်းကနေ ဖြည်းဖြည်းချင်း နိုးလာတယ်။ သူ အနည်းငယ် စိတ်မသက်မသာ ခံစားနေရသော်လည်း နှစ်ပေါင်းများစွာ စုပြုံနေတဲ့ ဖုန်မှုန့်တွေက ရုတ်တရက် လွင့်စင်သွားသလိုမျိုး သူ့ ဦးနှောက်က ကြည်လင်ပြီး တောက်ပလို့နေတယ်။ ရင်ထဲက မကျေနပ်ချက် ဒေါသတွေကို ထွက်ပေါက်ရှာပြီးနောက်၊ နောက်ဆုံးတော့ ဇဲဒါလည်း စိတ်သက်သာရာရသွားလောက်ပါပြီ။
“ရှန့်ခယ်” အသံခပ်နိမ့်နိမ့် တစ်ခုက ရှန့်ခယ်ရဲ့ နားနားမှာ ထွက်ပေါ်လာပြီး သူ့အတွေးတွေကို အနှောက်အယှက်ပေးလာခဲ့တယ်။
ရှန့်ခယ် ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ ချောမောလွန်းတဲ့ လူတစ်ယောက်က အိပ်ယာဘေးမှာ ထိုင်နေပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်နေတာကို မြင်လိုက်ရတယ်။
ရှန့်ခယ်ရဲ့ အကြည့်တွေက တဖြည်းဖြည်းအောက်ဆင်းသွားပြီး ရောယှက်ဆက်နွယ်နေတဲ့ သူတို့ရဲ့ လက်တွေအပေါ် ကျရောက်လို့သွားတယ်။
သူက သူ့ကိုယ်သူ မိတ်ဆက်လာခဲ့တယ်။
“ကိုယ့်နာမည်က ယိုးနစ်”
ရှန့်ခယ် လှိုင်းလုံးလေးကို လိုက်ဖမ်းနေတဲ့ ခြင်္သေ့ကြီးကို ရိပ်ခနဲမြင်လိုက်ရပြီးနောက် ဒီလူက အကြမ်းဖက်တိုက်ခိုက်မှုတုန်းက သူ့ရဲ့ ဝိဉာဉ်လမ်းညွှန်လေးကနေတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့တဲ့ ကင်းစောင့်မှန်း ခန့်မှန်းမိလိုက်တယ်။
“ကိုယ်တောင်းပန်ပါတယ်။ ကိုယ်တို့ မင်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို အတည်ပြုဖို့ အိပ်မွေ့ချစမ်းသပ်မှု လုပ်ခဲ့ပြီး မင်းရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်အောင် လုပ်မိတော့မလို ဖြစ်သွားရတယ်” ယိုးနစ်က နက်နက်နဲနဲကို နောင်တရနေပြီး အရာအားလုံးကို ရှန့်ခယ်အစား သူသာ ခံလိုက်ချင်တော့တယ်။
ရှန့်ခယ်ကတော့ သူ့ကို တိတ်တဆိတ်ပဲ ကြည့်နေတယ်။
“ဒါပေမယ့်လည်း မင်းအပေါ်မှာ ရှိတဲ့ သံသယတွေအကုန်ရှင်းသွားပါပြီ။ မင်းက လမ်းပြတစ်ယောက်အတွက် မှန်ကန်တဲ့ အကျိုးခံစားမှုတွေနဲ့အတူ အဆင့်မြင့် IDကဒ် ကိုင်ဆောင်တဲ့ တရားဝင်နိုင်ငံသားတစ်ယောက် ဖြစ်လာလိမ့်မယ်” ယိုးနစ်က ရှန့်ခယ်ရဲ့လက်လေးတွေကို သူ့ရင်ဘတ်ပေါ်တင်လိုက်ပြီး ငြင်းဆိုမရနိုင်တဲ့ ပြတ်သားတဲ့လေသံနှင့် “ပြီးတော့ ကိုယ်၊ ယိုးနစ်က အနာဂါတ်မှာ မင်းကို ကာကွယ်မှုအပြည့်ပေးမယ့် ကင်းစောင့်အဖြစ် တာဝန်ယူသွားမယ်”
ရှန့်ခယ် ယိုးနစ်ရဲ့အကြောင်း အချက်အလက်တွေကို System ဆီကနေ မရခဲ့တဲ့အပြင် ဒီကမ္ဘာရဲ့ ဇာတ်လိုက်က ဘယ်သူမှန်းလည်း သူမသိဘူး။ ဒါပေမယ့် ဒီလူက Biyashi ရဲ့ Aအဆင့် ‘အမှောင်ကင်းစောင့်’ သုံးယောက်ထဲက တစ်ယောက်ဆိုတာကိုတော့ သိထားတယ်။
အမှောင်ကင်းစောင့်လို့ အမည်တွင်တဲ့ ကင်းစောင့်တွေက ကင်းစောင့်တွေထဲမှာ အင်အားအကြီးဆုံးပဲ၊ ဘာကြောင့်ဆို သူတို့က မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ပြင်းထန်ကြပြီး ခန္ဓာကိုယ်လည်း တောင့်တင်းသန်မာကြလို့ပဲ။ သီအိုရီအရဆိုရင် သူတို့တွေက လမ်းပြရဲ့ အကူအညီကိုတောင် မလိုအပ်ဘူး၊ ပြီးတော့ သူတို့တွေက ဘယ်ခေတ်မှာမဆို ဘုရင်တွေလိုပဲ သတ်မှတ်ခံကြရတယ်။
Aအဆင့် အမှောင်ကင်းစောင့်တွေက သာမန် Sအဆင့် ကင်းစောင့်တွေထက် ပိုပြီး အင်အားကြီးတယ်။ ဒါပေမယ့် အမှောင်ကင်းစောင့်တွေက Aအဆင့်မှာပဲ ကြန့်ကြာနေကြတယ်။ Biyashi ရဲ့ သမိုင်းတွေမှာ အမှောင်ကင်းစောင့်တွေရဲ့ အဆင့်တက်ရန်ကြိုးစားမှု မှတ်တမ်းများစွာရှိခဲ့တယ်။
သို့ပေမယ့်လည်း၊ သူတို့တွေက စိတ်ဝိဉာဉ်စွမ်းအား အထိန်းအကွပ်မဲ့ခြင်းတို့ကြောင့် မိမိကိုယ်ကို ဖျက်ဆီးမိတာမျိုး ဒါမှမဟုတ် ကျရှုံးမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားတာမျိုးတွေ ဖြစ်သွားကြတယ်။ သူတို့ရဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုစွမ်းရည်ကြောင့်ပဲ Aအဆင့်ရောက်ပြီးနောက် အဆင့်တက်နိုင်ဖို့ အန္တရာယ်ရှိတဲ့ ကျရှုံးမှုတွေ ဖြစ်လာတော့တာပဲ။
နောက်ပိုင်းမှာတော့၊ ထွက်ပေါ်လာခဲ့တဲ့ မှန်းဆတွက်ချက်မှုတွေ အရ၊ သူတို့ရဲ့ ကြန့်ကြာနေတဲ့ အဆင့်ကို အောင်အောင်မြင်မြင် ကြော်ဖြတ်ချင်တဲ့ Aအဆင့် အမှောင်ကင်းစောင့်တွေက သူတို့နဲ့ ၉၀%နှင့်အထက် ဝိဉာဉ်စွမ်းရည် လိုက်ဖက်မှုရှိတဲ့ လမ်းပြကို ရှာဖွေရမှာဖြစ်ပြီး ထိုလမ်းပြကလည်း သူတို့ရဲ့ ပြင်းပြတဲ့ ရုပ်ပိုင်းဆိုင်ရာ တပ်မက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို တောင့်ခံနိုင်ရမှာပဲ ဖြစ်တယ်။
ယိုးနစ်ကတော့ ကံကောင်းစွာနဲ့ပဲ တစ်ယောက် တွေ့ထားပြီ။ ဒါပေမယ့် အခုအချိန်မှာတော့ အဆင့်တက်နိုင်ဖို့ အကြောင်းအရာတွေကို မတွေးနိုင်သေးဘူး။ ဒီလူသားလေးက ရိုးရှင်းစွာနဲ့ပဲ သူ့ရဲ့ နှလုံးသားကို လှုပ်ရှားနိုင်စေခဲ့လို့ပဲ။
ရှန့်ခယ် လုပ်နေကြအတိုင်း ယိုးနစ်ရဲ့ လက်ကို သူ့မျက်နှာဆီ ဆွဲယူလိုက်ပြီး လက်ဖဝါးက မှဲ့လေးကို တွေ့ဖို့ရာ ယိုးနစ်ရဲ့ လက်ချောင်းလေးတွေကို ညင်သာစွာ ပွတ်သပ်ပေးနေမိတယ်။ သူ့ ချစ်သူ ဘယ်သူဆိုတာကို အတည်ပြုဖို့ လက်ဖဝါးကမှဲ့ကို မလိုအပ်တော့ပေမယ့် အဲ့ဒါလေးကိုရှာမိနေတာက အကျင့်ဖြစ်နေပုံပဲ။ ဒီမှဲ့လေးက သူ့လူရဲ့ ဆွဲဆောင်မှုရှိတဲ့ အရာလေးလို့ ထင်တယ်။ အဲဲ့ဒါသာ မရှိဘူးဆိုရင် သူ့လူရဲ့ ဆွဲဆောင်မှုတွေက အမှတ် သုံးဆယ်လောက် အလိုလို လျော့သွားလိမ့်မယ်…
“ယိုးနစ်၊ ကျွန်တော် ဗိုက်ဆာတယ်” ရှန့်ခယ် ယိုးနစ်ကို သူ့ရဲ့ ပင်လယ်ပြာလို မျက်ဝန်းလေးဖြင့် ကြည့်လိုက်တယ်။
“မင်းဘာစားချင်လဲ? ကိုယ် မင်းစားချင်တာမှန်သမျှကို တစ်ယောက်ယောက်လာပို့ဖို့ ခိုင်းလိုက်မယ်” ယိုးနစ် အဲ့ဒီ့မျက်ဝန်းလေးကြောင့် အသည်းယားကာ စိတ်လိုက်မာန်ပါနဲ့ ရှန့်ခယ်ကို ဖိပြီး ထိတွေ့ဖို့ လုပ်မိလုနီးနီးပဲ။
“ပေါ့ပေါ့ပါးပါး စားလို့ရတာမျိုးပေါ့” ရှန့်ခယ်က ထထိုင်ပြီး ကုတင်ပေါ်က ဆင်းချင်တဲ့ပုံပေါ်ပေမယ့် ယိုးနစ်က သူ့ခါးကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ပြီး “ ထပြီး ဘာလုပ်မလို့လဲ?”
“ကျွန်တော် ချွေးတွေအရမ်းထွက်နေလို့ ရေချိုးချင်တယ်”
ယိုးနစ် စကားတစ်ခွန်းမှမဆိုပဲ ရှန့်ခယ်ကို ကောက်ပွေ့ကာ ရေချိုးခန်းဆီသို့ ဦးတည်ပြီး လျှောက်သွားလိုက်တယ်။
“ကျွန်တော် ကိုယ့်ဘာကိုယ် လျှောက်နိုင်ပါတယ်” ယိုးနစ်ရဲ့ ရင်ခွင်ထဲမှာ လုံခြုံစွာ ထွေးပိုက်ခံထားရတဲ့ ရှန့်ခယ်က နှုတ်ဖြင့် ဆန္ဒပြနေပေမယ့် ခန္ဓာကိုယ်ကတော့ ခုခံမှု တစ်စက်မရှိဘူး။
“ကိုယ်က ပိုမြန်တယ်” အမှန်ပဲ၊ သူစကားပြောပြီးတာနှင့် နှစ်ယောက်သားက ရေချိုးခန်းထဲ ရောက်နှင့်နေပြီ။
ယိုးနစ်က ရှန့်ခယ်ကို ညင်ညင်သာသာလေး ချပေးလိုက်ပြီး ရေအပူချိန်ကို ညှိပေးနေတယ်။
ရှန့်ခယ် လခြမ်းပုံရေချိုးကန်ငယ်လေးကို မြင်လိုက်ရတာနဲ့ သူ ရုတ်ချည်းပဲ ဆေးရုံမှာ မဟုတ်တော့ကြောင်းကို သိလိုက်ရတယ်။
“ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ?” ရှန့်ခယ်က အဖြေသိပြီးသား မေးခွန်းကို မေးလိုက်တယ်။
“ကိုယ့် အိမ်” ယိုးနစ်က ပြန်ဖြေပေးလာတယ်။
“နောက်ဆို ကျွန်တော် ဒီမှာပဲနေရမှာလား?” ရှန့်ခယ်က ထပ်မေးလာပြန်တယ်။
“ဟုတ်တယ်” ယိုးနစ်က မတ်မတ်ရပ်လိုက်ပြီး သူ့ရဲ့မျှော်စင်လို အရပ်ကြီးနဲ့ ရှန့်ခယ်ကို ငုံ့ကြည့်နေတယ်။
ရှန့်ခယ်ရဲ့ ပိန်ပါးတဲ့ ခန္ဓာကိုယ်လေးက သူ့ အရိပ်ထဲမှာ ဖုံးလွှမ်းခံရလုနီးပါး ဖြစ်နေတယ်။ သူတို့ နှစ်ယောက်သားက နီးနီးလေးကိုမှ နီးလို့လွန်းလို့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန်ကိုပါ ခံစားလို့ရတယ်။
ဝိဉာဉ်လမ်းညွှန် လှိုင်းလုံးလေးက ရှန့်ခယ်ရဲ့ ပတ်ပတ်လည်မှာ ကူးခတ်နေပြီး ခြင်္သေ့ကြီး မိုးလော့က လိုက်ဖမ်းနေကာ တစ်ခါတလေ သူ့ရဲ့ နှာခေါင်းနဲ့ လက်သည်းလေးတွေကို သုံးပြီး လှိုင်းလုံးလေးရဲ့ အမြှီးကို လိုက်ထိနေတယ်။ လှိုင်းလုံးလေး အာရုံမစိုက်မိတဲ့အခါမှာတော့ မိုးလော့က ရုတ်တရက် ဝင်လုံးပြီး သူတို့အတူ လူးလှိမ့် လုံးထွေးနေကြတော့တယ်။
သူတို့ရဲ့ ဝိဉာဉ်လမ်းညွှန်တွေ နီးကပ်စွာ ရစ်ပတ်နေမှုကြောင့် ယိုးနစ်နဲ့ ရှန့်ခယ် နှစ်ယောက်စလုံး လျှပ်စီးကြောင်းတစ်ခုက သူတို့ကျောပြင်တွေကနေ ခန္ဓာကိုယ်တစ်ခုလုံး ဖြန့်ကျက်သွားသလို ခံစားလိုက်ကြရတယ်။
ရှန့်ခယ်ရဲ့ ခြေထောက်တွေက ပျော့ခွေသွားရကာ သူ့ကိုယ်သူ ဆက်ပြီး မတ်တပ်ရပ်နေနိုင်အောင် လက်ဆေးစင်ပေါ် လက်တင်ပြီး ထိန်းထားရတယ်။
ယိုးနစ်ရဲ့ နက်မှောင်တဲ့ မျက်ဝန်းတွေထဲမှာ မီးတောက်နှစ်ခုက အသိပေးချင်းအလျှင်းမရှိပဲ ရုတ်တရက် ဟုန်းဟုန်းတောက်လို့လာလေတယ်။ သူ ရှေ့ကို ခြေတစ်လှမ်းထပ်တိုးလိုက်မိပြီး သူ့ပုံစံက ရှန့်ခယ်ကို ဝါးမျိုချတော့မတတ်ပဲ။ သူ့ရဲ့ ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်က တဖြည်းဖြည်းတင်းမာလာပြီး သူ့ကိုယ်ထဲက ဖိနှိပ်ခံထားရတဲ့ သားရဲကောင်ကြီးက အော်ဟစ်ပြီး အပြင်ထွက်ဖို့ အသင့်ဖြစ်နေပြီ။
အမှောင်ကင်းစောင့်တွေက သူတို့နှင့် သင့်တော်တဲ့ လမ်းပြတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ ကြုံတောင့် ကြုံခဲဖြစ်ပေမယ့် သူတို့ရဲ့
ရမ္မက်ပြင်းတဲ့ လိုအင်ဆန္ဒတွေက အရမ်းပြင်းထန်လွန်းတယ်။ ပုံမှန်အားဖြင့်တော့ သူ့တို့ရဲ့လိုအင်ဆန္ဒတွေကို အတင်းအကျပ် ဖိနှိပ်နိုင်ဖို့ သူတို့ရဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုစွမ်းရည်ကို သုံးကြရပြီး သူတို့ရဲ့ ဘဝမှာ ကာမမှု အထွတ်အထိပ်ရောက်တယ်ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးကြဘူး။
သူနဲ့ လိုက်ဖက်ညီမှုနှုန်း ၉၅%နှင့်အထက် ရှိတဲ့ လမ်းပြလေးက သူနဲ့ လက်တစ်ကမ်းအကွာမှာဖြစ်ပြီး သူအလိုရှိတဲ့အတိုင်း နှောင်ဖွဲ့ပေါင်းစည်းနိုင်တော့မှာ။ အင်အားအရာနှင့် ပတ်သက်လျှင်လည်း ကင်းစောင့်တစ်ယောက်အနေနဲ့ အလွန့်အလွန်ကြီးကို တစ်ပန်းသာနေပြန်တယ်။
သူ့ခန္ဓာကိုယ်ရဲ့ ဆန္ဒပြင်းပြမှုတွေက ယိုးနစ်ရဲ့ အကြောင်းပြချက်တွေကို ဝါးမျိုပစ်လုနီးပါး မကြုံစဖူး ပြင်းထန်လာခဲ့တယ်။ ရှန့်ခယ်တောင်မှ ပေါက်ကွဲအားပြင်းလွန်းတဲ့ ဖိအားကြောင့် အနည်းငယ် စိတ်ဒုက္ခရောက်သလို ခံစားနေရတယ်။
ရှန့်ခယ် သူ့ရဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေကို လွှတ်ထုတ်လိုက်ပြီး ရေလှိုင်းလုံးလေးများဖြင့် ဆင်တူလှတဲ့ စိတ်ဝိဉာဉ် လှိုင်းလုံးလေးတွေကို ယိုးနစ်ဆီ ဖြည်းဖြည်းချင်း စီးဆင်းသွားစေလိုက်တယ်။
စိတ်ဝိဉာဉ် လှိုင်းလုံးလေးများဖြင့် ရစ်ပတ်ခံလိုက်ရတဲ့အခါ ယိုးနစ်ရဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ စိတ်အစဉ်က တဖြည်းဖြည်း ငြိမ်းချမ်းသွားတော့တယ်။ သူ့ရဲ့ အမြင်အာရုံတွေက ပြန်လည်ကောင်းမွန်လာပြီး ကြည်လင်လာပေမယ့် သူ့ရဲ့ လိုအင်ဆန္ဒ တောင့်တမှုကတော့ သိပ်မလျော့သွားဘူး။
လမ်းပြတစ်ယောက်ရဲ့ စိတ်ဝိဉာဉ်နှစ်သိမ့်မှုကို ခံရတာ ယိုးနစ်အတွက်တော့ ဒါက ပထမဆုံးအကြိမ်ပဲ။ အဲ့ဒါက ရေပူစမ်းထဲကို စုပ်ယူခံလိုက်ရပြီး တစ်ကိုယ်လုံးက အရမ်း သက်တောင့်သက်သာဖြစ်သွားရတဲ့ ခံစားချက်မျိုး။
အမှောင်ကင်းစောင့်တစ်ယောက်အနေနဲ့ ယိုးနစ်မှာ သဘာဝအလျောက် ပင်ကိုစွမ်းရည်ပါရမီ အပြည့်ရှိပေမယ့် ဘဝရဲ့ ပျော်ရွှင်စရာတွေကတော့ မရှိသလောက်ကို ကင်းမဲ့ခဲ့ရရှာတယ်။ စိတ်ဝိဉာဉ်စွမ်းအားနှစ်ခုကြား ပြီးပြည့်စုံစွာ ရောယှက်နေမှုကြီးက သူ့အတွက်တော့ အလွန် အံ့ဩဖွယ်ကောင်းတဲ့ စိတ်ခံစားမှုတစ်ခုပဲ။ ဒါဆို သူ ရှန့်ခယ်နဲ့ နှောင်ဖွဲ့ပေါင်းစည်းတဲ့အခါမှာရော ဘယ်လို ခံစားချက်မျိုးဖြစ်နေမလဲ?
လတ်တလောမှာတော့ ယိုးနစ် သူ့ရဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒတွေကို ခက်ခက်ခဲခဲဖိနှိပ်ပြီး စောင့်နေရုံပဲ တတ်နိုင်တော့တယ်။ ရှန့်ခယ်ခမျာ သူ့ရဲ့ ရမ္မက်ပြင်းတဲ့ အာသီသတွေကို ခံနိုင်ရည်မရှိလောက်အောင်ကို အားနည်းနေသေးတယ်လေ။
ကင်းစောင့်ကြီး ယိုးနစ်က ရှန့်ခယ်ကို သူ့ရဲ့ အချုပ်အနှောင်တွေထဲကနေ အင်တင်တင်နဲ့ လွှတ်ပေးလိုက်ပြီး မျက်နှာတည်ကြီးဖြင့် “မင်းကိုယ်တိုင် သန့်ရှင်းရေးလုပ်နိုင်တယ်မလား။ တစ်ခုခု လိုတာရှိရင် ကိုယ့်ကို ခေါ်လိုက်”
သူ ပြောပြီးတာနှင့် ရေချိုးခန်းထဲက လှည့်ထွက်သွားလိုက်တာ၊ ရှန့်ခယ်မှာ ယိုးနစ်ရဲ့ ပြောမပြနိုင်လောက်အောင် အထီးကျန်နေတဲ့ ကျောပြင်ကြီးကိုသာ မြင်လိုက်ရတော့တယ်။
ရှန့်ခယ်၊ “…”
သူတော့ လေ့ကျင့်ခန်း လုပ်ဖို့ လိုအပ်နေပြီလို့ ခံစားလိုက်ရတယ်။ အရင်ကမ္ဘာနဲ့ နှိုင်းယှဉ်ကြည့်လျှင် ဒီတစ်ခေါက်တော့ သူတို့နှစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကွားခြားချက်က နည်းနည်းလေး ကြီးမားနေတဲ့ပုံပဲ…
ဒီကမ္ဘာမှာ သူတို့နှစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ သဟဇာတဖြစ်မှုကြီးကို ရရှိဖို့အတွက် ရှန့်ခယ် နောက်တစ်နေ့မှာပဲ သူ့ရဲ့ လေ့ကျင့်ခန်းလုပ်ဖို့ အစီအစဉ်ကို စတင် အကောင်အထည်ဖော်တော့တယ်။
ယိုးနစ်ရဲ့ ဗီလာက နိုင်ငံအတွင်းမှာ အတိုးတက်ဆုံး လူနေရပ်ကွက်ဖြစ်တဲ့ Sky Ringမှာ တည်ရှိတယ်။ ပတ်ဝန်းကျင်က တည်ငြိမ်အေးချမ်းကာ လုံခြုံရေးအဆင့်အတန်းကလည်း မြို့တော်မှာ ဒုတိယမြောက် အလုံခြုံဆုံးနေရာဖြစ်ပြီး နေထိုင်သူ အများစုကလည်း ကင်းစောင့်တွေနဲ့ လမ်းပြတွေဖြစ်ကြတယ်။
အစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းက အင်အားကြီးတယ်ဆိုရင်တောင် သတိပေးဇုန်ကိုဖြတ်ပြီး ကင်းစောင့်တွေ စုဝေးနေကြတဲ့ Sky Ring အိမ်ရာကို တိုက်ခိုက်ဖို့ အင်အားအလုံအလောက် မရှိနိုင်ဘူး။
ရှန့်ခယ် သက်တောင့်သက်သာရှိတဲ့ အိမ်နေရင်း အဝတ်အစားတွေကို လဲလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် အိမ်ထဲကနေ ထွက်လာခဲ့ကာ သူ့ရဲ့ နံနက်ခင်းပြေးခြင်း လေ့ကျင့်ခန်းကို စတင်ခဲ့တယ်။
ရှန့်ခယ် သူ့အခန်းထဲကနေ ထွက်လာတာနဲ့ ယိုးနစ်က တန်းသတိထားမိလိုက်တယ်။ ရှန့်ခယ် တံခါးပေါက်ဆီ တည့်တည့်လျှောက်သွားတာကို မြင်လိုက်ရတာနဲ့ သူ အဲ့ကောင်လေးကို ပြန်ဆွဲခေါ်ဖို့ အပြေးအလွှား သွားမိလုနီးပါးပဲ။ ဒါပေမယ့် မကြာခင်မှာပဲ ရှန့်ခယ်က ထွက်ပြေးသွားတာမဟုတ်ပါပဲ ဗီလာဥယျာဉ်ထဲမှာ အပြေးလေ့ကျင့်ခန်း လုပ်နေတာကို သူ တွေ့လိုက်ရတယ်။
နံနက်ခင်းလေလေးက လတ်ဆတ်နေပြီး ရှန့်ခယ်က ပန်းခြံထဲမှာ စည်းချက်ညီညီ ပြေးလွှားလို့နေတယ်။ ရံဖန်ရံခါ ရွှန်းစိုတဲ့ ပုတီးစေ့သဖွယ် ချွေးသီးလေးတွေက သူ့ဆံပင်တွေဆီကနေ စီးကျသွားတတ်တယ်။ လေ့ကျင့်ခန်းကြောင့် သူရဲ့ နဂိုကတည်းက ဖြူဖွေးနေတဲ့ ပါးပြင်လေးတွေက နီမြန်းနေပြီး သူ့ရဲ့ ကြည်လင်နေတဲ့ မျက်ဝန်းလေးများကလည်း အဆုံးမဲ့ တက်ကြွမှုတွေနဲ့ တောက်ပနေတော့တယ်။
ယိုးနစ်က ပြတင်းပေါက်နားမှာ ရပ်နေပြီး နံနက်ခင်း အလင်းရောင်အောက်မှာ ရွှန်းစိုတောက်ပနေတဲ့ ရှန့်ခယ်ကို နူးညံ့တဲ့အကြည့်တို့ဖြင့် နက်နက်နဲနဲ စူးစိုက်ကြည့်လို့နေတယ်။
ရှန့်ခယ်ရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ပေါ်မှာ ခွန်အားနှင့် အကောင်းမြင်စိတ်ဆိုတဲ့ လှပတဲ့ အရည်အသွေးမျိုးကို ယိုးနစ် တွေ့လိုက်ရတယ်။ အတုအယောင်တွေက ကင်းစောင့်တွေရဲ့ စူးရှတဲ့ အာရုံခံစားမှုအမြင်တွေကနေ ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ ရှန့်ခယ်ရဲ့ အရောင်အဝါတွေက သူ့ရဲ့ စိတ်နှလုံးလှပခြင်းကနေ အရောင်ပြန်လာတာ၊ သူရဲ့ စိတ်ဝိဉာဉ်စွမ်းအားလိုပဲ သန့်စင်ပြီး နှစ်လိုဖွယ်ကောင်းတယ်။
ဒီကောင်လေးက သူ့ဘဝတစ်လျှောက်လုံးမှာ သူ့ကို အဖော်ပြုပေးသွားမယ့် သူ့ရဲ့ လမ်းပြလေးပဲ။ ဒီအသိတရားက ယိုးနစ်ကို မကြုံစဖူး ထူးကဲတဲ့ ပျော်ရွှင်မှုမျိုးကို ခံစားရစေတယ်။
နာရီဝက်အကြာမှာတော့ ရှန့်ခယ်က အိမ်ကိုပြန်ရောက်လာတယ်။ ရိုးရိုးရှင်းရှင်း သန့်ရှင်းရေးလုပ်ပြီးနောက်မှာတော့ အိမ်တော်ထိန်းက နံနက်စာကို ပြင်ဆင်ပေးပြီးနေပြီ။
Biyashi ရဲ့ ဟင်းပွဲတွေက များသောအားဖြင့် တုပဖန်တီးထားတာဖြစ်ပြီး အရသာနှင့် အဟာရဓါတ်ကိုလည်း အချိုးကျစွာ တွက်ချက်ထားတာမျိုးဖြစ်တယ်။ အစပိုင်းမှာတော့ စားရတာ မဆိုးပေမယ့် အကြိမ်ပေါင်းများစွာ စားပြီးနောက်မှာတော့ အရသာက ပေါ့လွန်းနေပြီး ငြီးငွေ့ဖွယ်ကောင်းလွန်းတယ်လို့ ခံစားရလိမ့်မယ်။
ရှန့်ခယ်က Hundred Training Space ထဲမှာ ကမ္ဘာတစ်ဝှမ်းက ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်ခဲ့ရတယ်၊ အဲ့ဒီ့အပြင် မတူညီတဲ့ ကမ္ဘာတွေမှာလည်း ဟင်းပွဲရဲ့ အရသာနဲ့ အသွင်အပြင်တွေမှာ ဆရာကြီးအဆင့်ထိမြှင့်တင်နိုင်ခဲ့ပြီး သူ့ရဲ့ ထိပ်တန်း ဟင်းချက်စွမ်းရည်ကို တိုးတက်စေခဲ့သေးတယ်။ အဲ့ဒါကြောင့် သူ ဟင်းပွဲပြင်နေတဲ့အချိန်မှာ ‘မျက်စိနဲ့မြင်နိုင်တဲ့အမှားမျိုး’ ကို ဘယ်တော့မှ လုပ်မိလိမ့်မှာ မဟုတ်ဘူး။
ဖြစ်နိုင်သမျှ မြန်မြန် သူ့ကိုယ်သူ ကျန်းမာကြံခိုင်စေဖို့ ရှန့်ခယ် နောက်ဆို အစားအသောက်တွေကို သူ့ဘာသာ ချက်ပြုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အသားပါဝင်တဲ့ ဟင်းလျာ၊ သက်သက်လွတ်ဟင်းလျာ၊ စွပ်ပြုတ်၊ ယာဂု၊ အချိုပွဲ၊ ကိုယ်တိုင်လုပ်ဆော့စ်အနှစ်၊ ဖျော်ရည် စသည့် ဟင်းပွဲများပါဝင်တဲ့ မီနူးတစ်ခုကို ရှန့်ခယ် လုပ်လိုက်တယ်။ သူ မီနူးထဲမှာ မတူညီတဲ့ ဟင်းပွဲ တစ်ရာကျော်လောက်ကို ထည့်မိသွားခဲ့တယ်။
ယိုးနစ်က ဟင်းပွဲအစုံဖြင့် ပြည့်နှက်နေတဲ့ မီနူးကိုကြည့်ပြီး သူ ချက်ချင်းပဲ ‘အနာဂါတ်မှာ အစားကောင်းကောင်း စားရတော့မယ်’ ဆိုတဲ့ ပျော်ရွှင်မှုမျိုးကို ခံစားလိုက်မိတယ်။
ရှန့်ခယ် ချက်ထားတာတွေကို မြည်းစမ်းကြည့်ပြီးတဲ့ နောက်မှာတော့ ရှန့်ခယ်ရဲ့ ဟင်းချက်စွမ်းရည် တစ်ခုတည်းနဲ့တောင် ကင်းစောင့်တိုင်းရဲ့ စိတ်ဝိဉာဉ်အထိန်းအကွပ်မဲ့ခြင်း ဖြစ်အင်ကို ငြိမ်းချမ်းစေလိမ့်မယ်လို့ ယိုးနစ် ပြင်းပြင်ထန်ထန်ကို ခံစားလိုက်ရတယ်။
ရှန့်ခယ် အစကတော့ သူ့ကိုယ်သူ ကြံ့ခိုင် ခွန်အားရှိစေဖို့ လုပ်ခဲ့ပေမယ့် ရက်သတ္တပတ် ကုန်လွန်ပြီးချိန်မှာတော့ အမှန်အကန် ခွန်အားပြည့်လာတဲ့ တစ်ယောက်က ယိုးနစ်ဖြစ်နေတယ်။ အဲ့လူကြီးရဲ့ ကြွက်သားတွေက ပိုပြီးပြည့်တင်းလာတယ်၊ သူက မီးတောက်နေသလို တက်ကြွတဲ့စွမ်းအင်တွေ ဖြာထွက်နေပြီး ကြီးမားတဲ့ လိုအင်ဆန္ဒတောင့်တမှုတွေကလည်း အချိန်ပြည့် ဖြစ်လို့နေတော့တယ်။
လဝက်အကြာမှာ ရှန့်ခယ် နောက်ဆုံးတော့ သူ့ရဲ့ အဆင့်မြင့် IDကဒ်ကို လက်ခံရရှိခဲ့ပြီး လမ်းပြ လုပ်သားသမဂ္ဂ(Guide Labor Union) မှ ယိုးနစ်ရဲ့နေရာနဲ့ ၅မိနစ်လောက် လမ်းလျှောက်သွားလျှင် ရောက်တဲ့ အကွာအဝေးမှာ ရှန့်ခယ်အတွက် ဗီလာတစ်လုံးကို ပေးခဲ့တယ်။ သို့တိုင်၊ ယိုးနစ်ကတော့ လမ်းပြလုပ်သားသမဂ္ဂက အသုံးမကျတာတစ်ခုခု လုပ်လိုက်တယ်လို့ပဲ ခံစားနေမိတယ်။
သူက ထိမ်းမြားလက်ထပ်ခြင်း သက်သေခံရုံးနဲ့ လမ်းပြလုပ်သားသမဂ္ဂမှာတောင် ရှန့်ခယ်ဆီ သူ့ရဲ့အိမ်ထောင်ဖက်တာဝန်ကို လွှဲပြောင်းပေးဖို့ အထူးသီးသန့် လျှောက်တင်ခဲ့တာကို။ စေ့စပ်ပွဲမကျင်းပရသေးပေမယ့် အခုချိန်မှာ သူတို့က ယာယီ အိမ်ထောင်ဖက်ဆက်ဆံရေးဖြစ်နေပြီလေ။
ယာယီကာလမှာ အိမ်ထောင်ဖက်ဆက်ဆံရေးက တရားဝင်မဟုတ်ပေမယ့် နှောင်ဖွဲ့ပေါင်းစည်းလိုကြတဲ့ နှစ်ဦးနှစ်ဖက်ကြားမှာတော့ တရားဝင်အပြန်အလှန်ဆက်ဆံမှုမျိုးပဲဖြစ်တယ်။ သူတို့က ဒီဆက်ဆံရေးကို အချိန်မရွေး ဖျက်သိမ်းလို့ရနိုင်ပေမယ့် ဒါပေါ့ ယိုးနစ်ကတော့ အဲ့ဒီလို လုံးဝအဖြစ်မခံနိုင်ဘူး။ သူ့ရဲ့ ကိုယ်ပိုင်အထောက်အထား အဆင့်အတန်းဖြင့် အတင်းအကြပ် ချည်နှောင်ပစ်ခွင့် အပြည့်အဝရှိပေမယ့် ယိုးနစ်က သူနဲ့ ရှန့်ခယ် နှစ်ယောက်သား ချော့မွေ့စွာ နှောင်ဖွဲ့ပေါင်းစည်းလို့ ရမယ်လို့ ယုံကြည်တယ်။
တကယ်လို့များ ရှန့်ခယ်သာ နောက်ဆုံးမှာ သူ့ကို ငြင်းဆန်ခဲ့လာရင်ရော၊ ဒါဆိုရင်တော့ ယိုးနစ် ‘အင်အား’ ကို သုံးရတော့မှာပေါ့။
ရှန့်ခယ်နဲ့ ပတ်သက်နေသမျှတော့ သူ အနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ သူကိုယ်တိုင်ကလွဲရင် ရှန့်ခယ်ကို ဘယ်သူ့ကိုမှ ရွေးချယ်ခွင့် မပေးနိုင်ဘူး!
![](https://img.wattpad.com/cover/347252057-288-k125385.jpg)
YOU ARE READING
သူရဲကောင်းဆန်စွာသေဆုံးခြင်းစနစ်
FanficBurmese translation of HDS Arc 10 I don't get any permission from original author. Just fun fan translation. You can search another version under this title [Heroic death system] Translated by Olafu [Only Unicode version]