ကမ္ဘာမြေကြီးသည် ဘုရားသခင်မှ အာဒံနဲ့ဧဝအားစတင်ဖန်တီးသည့်အချိန်မှစ၍ လူသားများနှင့်အတူတကွရှင်သန်လာခဲ့သည်။ ဤကမ္ဘာမြေသည် လူသားတို့၏နားခိုရာ ၊ သက်ရှိများစွာ၏ မှီတည်ရာ အိမ်ဆိုသည်လည်းမမှား။သယံဇာတတို့ဟူသည်လည်း သက်ရှိသတ္တဝါများအတွက် မှီတည်အားထားရာရွှေတစ်မျိုးပင်။ ထိုရွှေဟုခေါ်ထိုက်သော သယံဇာတတို့သည် မြေ၌လည်းတည်၏၊ ရေ၏လည်းတည်၏၊ ပြောင်းလဲလာသော ခေတ်အဆက်ဆက်အရ ကမ္ဘာဖြစ်တည်နေသရွေ့ အရာရာသည် ယူတတ်ပါက ရွှေဖြစ်သည်။
သို့ပေသည့် လူသားတို့၏စိတ်နှလုံးကား ဤကမ္ဘာမြေမှပေးသော ကောင်းချီးတို့ဖြင့်မထိုက်တန်။ အချိန်ကြာလာသည်နှင့်အမျှ လူတို့၏စိတ်သည် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ပြည့်နှက်၍ တစ်စတစ်စညစ်ထေးလာကြသည်။
အဖြူသည် အမှောင်၏စွမ်းအားကို တွန်းလှန်ရန်ခက်သလို ကောင်းသောလူတို့၏စိတ်သည်လည်း ညစ်ထေးသောလူတို့၏စိတ်အား အစွမ်းရှိသမျှ တွန်းလှန်ခဲ့ကြပါသေးသည် ... တားဆီးခဲ့ကြပါလိမ့်မည်။
သို့ရာတွင်မူ မစွမ်းသာတော့သည့်အခြေအနေ၌ ကမ္ဘာလောကတစ်ခွင်အမှောင်ထုတို့လွှမ်းခြုံ၍ ဆိတ်ငြိမ်ကာ အေးချမ်းသော ဤလောက၌ သွေးချောင်းစီး၍ ငရဲခန်းတမျှအော်ဟစ်သံတို့ဖုံးလွှမ်းခဲ့ရတော့သည်။
ခုနှစ်ကား ၁၉၃၃ ခု ၊ ပထမကမ္ဘာစစ်ပြီးကာလပင်ဖြစ်၏။
********
"ဘန်...ကျေးဇူးပြုပြီး ဖြေးဖြေးသွားပါလားကွာ။ငါ့လက်တွေပွန်းကုန်ပြီ"
လက်တွင်ပေနေသော မိုးရေစိုထားသည့်မြေကြီးများကို ဘောင်းဘီတွင်သုတ်ရင်းပြောတော့ အရှေ့ရှိလူထံမှ ခပ်တိုးတိုးစကားသံထွက်လာတော့သည်။
"ငါမြန်တာမဟုတ်ဘူး မင်းကိုကနှေးနေတာ ရှင်းမ်ရ"
ဘန့်၏အပြစ်တင်သံကြောင့် ရှင်းမ်မှာ နှာခေါင်းရှုံ့သွားပြီး ဆူအောင့်အောင့်ဖြင့်
"မင်းခေါ်လို့လည်းလိုက်ပေးလာရသေးတယ်။ငါ့အမေသိရင်ဆူတော့မှာပဲ"
"မင်းအမေကဆူပြီးရင် မေ့သွားမှာပေမယ့် ငါ့အမေသာသိရင် တစ်ပတ်တိတိဘုန်းတော်ကြီးဆီ ငါကျမ်းစာသွားဖတ်နေရမှာ"
YOU ARE READING
𝐓𝐡𝐞 𝐍𝐢𝐠𝐡𝐭 𝐖𝐞 𝐌𝐞𝐭 : 𝐇𝐄𝐄𝐇𝐎𝐎𝐍
FanfictionWe met, we loved and we vowed that only death can do us apart. - the whole fic is just an imagination - [ Written in Burmese ]