အပိုင်း၆

97 19 0
                                    

第九条尾巴(The Ninth Tail)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၆

လေလွင့်ကြောင်တစ်ကောင်ကို ကောက်ရလာတယ်


ဒီလူ နေမကောင်းပေ။

သူ ဆဲနေတာ မဟုတ်ပေ။ဒီ ငယ်ရွယ်ပြီး ဖြူဖျော့နေသည့် မျက်နှာနှင့် ၊ ဒီမျက်နှာကနေတစ်ဆင့် သူမြင်တွေ့နေရသည့် အကြောင်းအရာများက သံသယဖြစ်စရာ မလိုအောင် သူ့အား ပြောပြနေသည်။သူ့အား ကြည့်ကာ ပျော်ရွှင်စွာဖြင့် ရယ်မောနေသည့် ဒီလူငယ်လေးမှာ ၊ ရောဂါအခြေအနေ ပေါ့သေးသေး မဟုတ်ချေ။

[T/N : 有病-ယိုပင့်(ဖျားနာသည်)။လူတစ်ယောက်ယောက်ကို ဆဲဆိုချင်ရင်လည်း ရူးနေလား ၊ စိတ်မမှန်ဘူးလားဆိုတဲ့ အဓိပ္ပါယ်နဲ့လည်း သုံးတတ်ကြပါတယ်။]

မွေးရာပါ ပါလာသည့် ကိုယ်ချင်းစာစိတ်က သူ့စိတ်အား ချက်ချင်း ပျော့ပြောင်းသွားစေခဲ့ကာ ၊ ကိုယ်ကိုလှိမ့်၍ ထထိုင်လိုက်မိသည်။

ထိုလူက ခေါင်းလောင်းကို ထပ်ပြီး လှုပ်ယမ်းလာပြန်သည်။ဒီတစ်ခေါက်တော့ အများကြီး နှိမ့်ပေးလာသည်။သူ့နှာခေါင်းပေါ် ထိကပ်လု နီးပါးပင်။ထိုလူ့လက်ပေါ်ရှိ မသိသာသည့် ဖျော့တော့တော့ ဆေးလိပ်နံ့ကိုပင် သူ ရှူရှိုက်မိနေသည်။အနည်းဆုံး လွန်ခဲ့သည့် ရက်အချို့က ဆေးလိပ်သောက်ထားသည့်ပုံပင်။

ခေါင်းလောင်းက မျက်စိအရှေ့နား ကပ်နေတာကြောင့် ၊ သူ ထိန်းချုပ်မထားနိုင်တော့ပဲ ခေါင်းလောင်းဆီ ဦးတည်ကာ ခုန်လိုက်မိပြီး ၊ ခြေနှစ်ဖက်ကို တစ်ပြိုင်နက် ဆန့်တန်းလိုက်သည်။ခေါင်းလောင်းကို တစ်ခါတည်း ဖက်ယူလိုက်မလို့ပင်။

သို့သော်လည်း မအောင်မြင်ပြန်ပေ။ဒီလူကို ကြည့်ရသည်မှာ ကြောင်တွေကို မကြာမကြာ စနောက်နေကျ ဖြစ်ပုံပင်။အရမ်းကို အတွေ့အကြုံ ရှိလှသည်။နောက်တစ်ကြိမ် အမြန်ပင် ရှောင်တိမ်းသွားခဲ့သည်။သူ လေထဲ ပစ်၀င်သွားပြီး ၊ ရှေ့ခြေနှစ်ဖက်က သူ့အရှေ့မှာပင် လေထုဗလာသက်သက်ကို ဖက်လိုက်ပြီး ၊ မြက်ခင်းပြင်ပေါ် ပြန်ပြုတ်ကျလာခဲ့သည်။

ကိုးချောင်းမြောက်အမြီးWhere stories live. Discover now