Unicode
အချိန်အားဖြင့် မနက် 5 နာရီ။
ဝေလီဝေလင်းဖြစ်နေသော နေရောင်ခြည်ကထွက်လုနီးနီး။ တစ်အိမ်လုံး အိပ်မောကျနေပေမဲ့ ဧည့်ခန်းထဲတွင် ကြိမ်လုံးကိုင်ကာ တစ်စုံတစ်ယောက်ကို စောင့်နေသော သူတစ်ဦး ရှိနေသည်။ ထိုသူကလား..? ထိုသူက မင်းနွယ်နွေဦးပင်။
ကုတ်ချောင်းကုတ်ချောင်းနဲ့ အပြင်ကပြန်လာသော ဆောင်းဦးမှာ သူ့ကိုယ်သူ လုပ်ငန်းတာဝန်ကြီးလုပ်နေသော သူလျှိုတစ်ဦးနှယ် အိမ်ထဲသို့ ခြေသံလုံစွာဖြင့် ဝင်လာသည်။
မီးတွေမှောင်နေသောကြောင့် ကိုကိုမနိုးသေးဘူး အထင်ဖြင့် အပေါ်သို့ တက်မည်ပြင်ကာမှ အနောက်ကနေ ဟိန်းထွက်လာသော အသံကြောင့် လန့်ဖြန့်သွားကာ လက်ထဲတွင်ကိုင်ဆောင်လာသော လွယ်အိတ်လေးမှာ အောက်သို့ ဘုတ်ခနဲ ကျသွားသည်။
ကျသွားတဲ့လွယ်အိတ်လေးကိုပြန်ကောက်လို့ အနောက်သို့ မရဲတရဲ လှည့်ကြည့်လိုက်သည်။ သိမ်းငှက်လိုစူးရဲနေတဲ့အကြည့်တွေကို မခံနိုင်စွာ မျက်လွှာကိုချထားမိသည်။ အရင်လိုအပြောင်အပျောက်တောင် မလုပ်ရဲတော့ပေ။
" ကို..ကိုကို နိုးတာ..ကြာ ကြာပြီလား ဟင် "
"...."
" ကိုကို... သားကို အဲ့လိုမကြည့်ပါနဲ့လား "
ပြန်ဖြေသံမကြားလို့ မော့ကြည့်လိုက်တော့ သူ့ကိုကြည့်နေတဲ့အကြည့်က တကယ်ကိုကြောက်ဖို့ကောင်းနေသည်။ သွားပြီ ဒီတစ်ခါ ကိုကို တကယ်စိတ်ဆိုးသွားလောက်ပြီ။
ညက ကိစ္စလေးတစ်ခုလုပ်နေတာနဲ့ သူအိမ်မပြန်နိုင်ဖြစ်သွားရသည်။ ကိုကို့ ကိုအကြောင်းကြားဖို့ပြင်ပေမဲ့ စိတ်ပူနေမှာစိုးလို့ မနက်မှ ကိုကိုမနိုးခင် ပြန်မယ်လုပ်ကာမှ ကိုကိုက အစောကြီးနိုးနေသည်။
ဒီနေ့ကျမှပဲ ကိုကိုက ဝီရိယကောင်းနေတာလား..သူကပဲ ကံဆိုးနေတာပဲလား။
" ဘယ်အချိန်ရှိပြီလဲ "
" ကိုကို့လက်မှာ နာရီရှိတယ်လေ ကြည့်လိုက်ပါလား "
ဖြန်းး
" တိတ်စမ်း ဆောင်းဦးမင်းထင် မင်းအပြစ်ကိုမင်းသိတယ်မလား ငါ့ကိုမျက်နှာလာမပြောင်နဲ့ "