ချစ်ခြင်းတရားတွေ ကျယ်ပြန့်သလောက် ထိုလူလေးဟာ ချစ်စဖွယ် သေးသေးကွေးကွေး။တစ်နေ့တစ်နေ့ အပြေးအလွှား တက္ကသိုလ်သွားလိုက်၊ပြန်လိုက်အချိန်တွေကြောင့် ကောင်ကလေးဟာ အစားရော၊
အအိပ်ရော မမှန်။မျက်လုံးမှေးမှေးလေးတွေ လှပါတယ်ဆိုမှ လေးထောင့်မျက်မှန်အကြီးကြီးက ကွယ်လို့။လွယ်အိတ်အမည်းလေးရယ်၊ရူးလောက်တဲ့ စာအုပ်အထူကြီးတွေရယ်က ထိုကောင်လေးနဲ့မကွဲမကွာ။
သူဟာဖြင့် အမြဲတမ်း ပြာယာခက်နေတဲ့ ကြွက်ဖြူလေးတစ်ကောင်လိုပါပဲ။လှစ်ခနဲ လှစ်ခနဲ ပေါ်လာတယ်။
တစ်ခါတလေ ငြိမ်ကုပ်ပြီး စာတွေလုပ်နေပြန်တယ်။ဂျီမင်တို့ မိသားစုဟာ ဆိုလ်းနဲ့အတော်ဝေးတဲ့ မြို့ငယ်လေးမှာ နေကြတယ်။အများပြောရင် အဲ့နေရာဟာ
တောရွာ ပါပဲ။တစ်ခုက မိဘတွေက သူ့သားအလိမ္မာကို တုန်တက်နေအောင် ချစ်ကြတယ်။တစ်နေ့
မတွေ့ရရင် အဖေ၊အမေတွေက ရူးချင်သလိုလိုပဲ။ဆေးကျောင်းသားလေး ဂျီမင်ဟာ မနက်အစောကြီးထရတယ်။ အဖေက truck ကားနဲ့ ရထားဘူတာရုံထိ
လိုက်ပို့ပေးတယ်။တစ်ယောက်တည်း ရထားစီးပြီး ဘက်စ်ကားမှတ်တိုင်ဆီ ထပ်ပြေးရသေးတယ်။ပြီးမှပဲ
ကျောင်းကို စိုက်စိုက်မက်မက် ရောက်တော့တယ်။ဟောဟဲဖောက်နေတဲ့ ကောင်ကလေးက ကျောင်းမှာဖြင့်
စာသိပ်တော်တယ်။ သူ့ကို စာမေးဖို့ စောင့်နေကြတဲ့ ကျောင်းသားတွေ သူ့အခန်းရှေ့မှ တဝဲလည်နေတယ်။"သွားပြီ သွားပြီ ! ဒီနေ့တင်ရမယ့် စာအုပ်!"
ဂျီမင် လမ်းတစ်ဝက်မှာ ကမ္ဘာပျက်သွားသလိုပဲ။သူငယ်ချင်းတွေကလည်း သူတို့စာပြန်ကူးမယ့် စာအုပ်လေး
ဘာဖြစ်သွားသလဲပေါ့။အားလုံးဟာ ဂျီမင်ကို လိုက်ကြည့်နေကြတယ်။မတတ်နိုင်။လက်ကိုင်ဖုန်းလေး ထုတ်၊
အဖေဖြစ်သူဆီ သားငယ်လေး အပူကပ်ရတော့မယ်။အဖေ ကယ်ပါ၊အမေ ကယ်ပါ လုပ်လိုက်တော့ ဂျီမင်မိဘတွေရဲ့ စားသောက်ဆိုင်မှာ ပွက်လောရိုက်ကုန်တယ်။
သူ့သားငယ်လေး ဆိုးလ်မှာ ဒုက္ခရောက်နေပြီပေါ့။"အဖေတို့ ကင်မ့်ကို လွှတ်လိုက်မယ်နော်!ဒီအချိန်က ဆိုင်မှာ လူများနေတော့ အဖေကိုယ်တိုင် လာလို့မဖြစ်လို့"
"ရတယ် ရတယ်!ဒါနဲ့ အဖေ့လူက ဆိုးလ်ကို တစ်ယောက်တည်းလာတတ်လို့လား!"
သားငယ်လေး စကားကြားမှ အဖေကလည်း ပြိုးပြိုးပြာပြာဖြစ်သွားမိတယ်။ဟုတ်သားပဲ။အဲ့ကောင်လေးက
စကားလည်းတစ်လုံးမှမပြော။ဘာကိုမှလည်း ဂရုမစိုက်တဲ့လူလေးလေ။"ကင်မ် .. မင်း ဆိုးလ်ကို ရောက်ဖူးလား ..ကားတော့ မောင်းတတ်ပါတယ်နော်"
အဖေ့အသံကိုတော့ ညံနေအောင် ကြားရပေမယ့်၊ကင်မ် ဆိုတဲ့လူက ပြန်ဖြေ၊မဖြေ မကြားရ။ပုံမှန်အတိုင်း အဲ့လူ
ခေါင်းငြိမ့်ခေါင်းခါပဲ လုပ်ပြနေပုံရပါတယ်။အဖေလည်း ဘယ်လိုလူမျိုးကိုမှ အလုပ်သမားခန့်ထားလဲ မသိဘူး။