EPISODE – 1ဂျုံးဂျုံးဂျက်ဂျက်နဲ့ အသံမြည်နေတဲ့ ရထားကြီး
ဟာ နှစ်နာရီမျှကြာအောင် ခုတ်မောင်းနေလျက်
ရှိသည်။ ရထားပေါ်မှာ အထူးတန်းထိုင်ခုံဝယ်
မရသဖြင့်၊စိမ်ပြေနပြေမရှိလှသည့် သစ်သား
ခုံတောင့်တောင့်ကြီးပေါ် မှာပဲ စိတ်နောက်ကျိစွာ
သူ ငြိမ်ငြိမ် ထိုင်နေရသည်။
စားနေသောက်နေတဲ့လူအချို့လည်း ရှိသေးတာကြောင့် ခရင်း၊ဇွန်းသံဟာ တချွင်ချွင်။စကားတီးတိုးပြောနေတဲ့အဖွဲ့တွေမှာ ရယ်သံ
ညှင်းညှင်း ထွက်ကျလာလိုက်၊တိတ်သွားလိုက်
နှင့်။ဂုဏ်သရေရှိသယောင် အထက်တန်း ကျကျ အမျိုးသမီးတွေမှာတော့ သတင်းစာ ကြည့်သူ
က ကြည့်၊လက်ဖက်ရည်ပန်းကန်လုံးကိုကိုင်ကာ မစို့မပို့ ဟန်လုပ်၍ သောက်သူက သောက်။ယောက်ျားသားတွေကျပြန်တော့ ဆေးတံကို
ပါးစပ်မှဖွာရင်း၊ယနေ့ မနက်ထုတ်သတင်းစာကို
ဇိမ်ကျကျ ဖတ်သူက ဖတ်နှင့်။ဤရထားကြီးပေါ်မှာ သူကလွဲ၍ လူတိုင်းအလုပ်
များနေခဲ့သည်။"သခင်လေး ..ဗိုက်ဆာလားဟင်"
မာန်ပါပါမျက်နှာပေးနှင့် တစ်ချက်လှမ်းကြည့်
လိုက်တော့ အရိပ်အကဲ သိသွားပြီဖြစ်တဲ့ သူ့
အစေခံ ဂျက် တစ်ယောက်ဟာ၊ပခုံးကို ခပ်ရို့ရို့
လုပ်သည်။သူ့ကိုမသိမသာဦးညွတ်ကာ ချောင်း
တစ်ချက်ဟန့်ရင်း ကိုယ်နေကိုယ်ဟန်ပြန်မတ်ပြီး
တိတ်တဆိတ် ပြန်ထိုင်လိုက်သည်။သခင်လေးဆိုသူသည် နက်မှောင်ဖြောင့်စင်း၍ မျက်စိထဲဝင်လုလု ဆံနွယ်တွေပိုင်ရှင်။
အသားအရည် ဝါညက်ညက်၊ခပ်ချောချော
လူပျိုငယ် တစ်ယောက်ဖြစ်သည်။
အညိုရောင် အကွက်စိပ် ကုတ်သားမွေးထည်
အရှည်ကို ဝတ်ဆင်ထားပြီး၊ခြေကို ဟန်ပါပါ ချိတ်၍ထိုင်နေသည်။ ပြောင်လတ်နေတဲ့ရှူးဖိနပ်အသစ်ချွတ်ချွတ်ဟာ ကြေးမုံ မှန်သားအသွင် ကြည်လင်တောက်ပနေပေသည်။" ဒါနဲ့ သခင်လေး၊အထူးတန်းထိုင်ခုံ ဝယ်လို့ရရင် ကျွန်တော်တို့ကို အစားအသောက်တွေ လာချပေးလောက်မှာနော်"
သခင်လေးသည် သူ့အစေခံဂျက်ကို မျက်စောင်း
တစ်ချက်နဲ့သာကြည့်ပြီး မပြောချင်ဘူးဆိုတဲ့ပုံစံ
ဖြင့် ရုပ်တည်တည် ပြန်နေလိုက်တော့သည်။•••••••••••••••••••••
ခရီးတစ်လျှောက်လုံး ညောင်းချိအောင် ထိုင်ခဲ့ရအပြီး၊မြေပြင်ထက်နှစ်လှမ်းမျှလှမ်းရုံရှိသေးခိုက်
မှာပဲ၊သခင်လေးနဲ့အစေခံဂျက်တို့ရဲ့ရှေ့မှောက်
ထည်ဝါခမ်းနားလှသော၊လူချမ်းသာတို့သာ တတ်
နိုင်လောက်သော မြင်းလှည်းတစ်စီးဆိုက်လာ၏။မြင်းလှည်းဆရာက၊သူတို့ရှေ့ လှည်းရပ်ပြီးတာနဲ့ မြေပြင်ပေါ် အသာ ခုန်ချသည်၊လက်တစ်ဖက်ကို နောက်ပစ်၊ ကျန်တစ်ဖက်ဟာ ဦးခေါင်းထက်က
ဦးထုပ်ကို ချွတ်။ရင်မှာပိုက်ပြီး ရိုကျိုးစွာနဲ့စတင်
နှုတ်ခွန်းဆက်သည်။