EPISODE _ 2
ကျွန်တော့လက်ထဲက လူသားငယ်အား
အိစက်ညက်ညောတဲ့ အိပ်ယာကြီးထက်
အသာအယာ ချပေးလိုက်သည်။ထိုအခါ
နွေးထွေးမှုကိုခံစားလိုက်ရလို့လားမသိ။
ဟင်းခနဲညည်းသံပြုပြီး၊ကိုယ်ငယ်လေးကို
ပိုမိုကျုံ့ထားလိုက်သည်။ဆံစလေးတွေသပ်တင်ပေးလိုက်တဲ့အခါ
ကျော့ရှင်းတဲ့သူ့နဖူးပြင်ကို ကျွန်တော် ငေးကြည့်ခွင့်ရခဲ့သည်။အဘယ်ကြောင့် ဒီလိုမျိုး လူတစ်ယောက်ကို စိတ်ဝင်စားဖို့လွယ်ကူရပါသနည်း။
အမြဲတမ်းမြင်ခဲ့ရတဲ့အမ်မလီရဲ့အလှအပကိုတောင်မှ စာဖွဲ့ဖို့နေနေသာသာ၊ကျွန်တော်
အာရုံပင်ရတာတောင်မရှိ။ပထမဆုံးတွေ့ဖူးတဲ့ဒီယောက်ျားပျိုနဲ့မှအလှအပတွေ ကျွန်တော် ဖွဲ့နွဲ့တတ်လာသည်။ကားချပ်အဖြူရောင်ကို ကျွန်တော်
ပြင်ဆင်လိုက်သည်။ဆေးရောင်အချို့ကို
ကျွန်တော်စိတ်ရှည်လက်ရှည်ရောစပ်လိုက်
သည်။ပန်းချီဆွဲဖို့အသင့်တော်ဆုံး၊အကောင်း
ဆုံးဖြစ်မည့် စုတ်တံကို ညာဘက်လက်နဲ့ အသာကိုင်ထားလိုက်သည်။ပြခန်းက ပန်းပုရုပ်ထုတွေ၊ကိုယ်ဟန်ပြမည့်
အလှမယ်တွေ ယခု ကျွန်တော့်အတွက် မလို
တော့ပြီ။သဘာဝတရားကြီးရဲ့အလှတရားနဲ့
နှိုင်းယှဥ်လို့ ရတဲ့၊ကျွန်တော် ဒီလူသားလေးရဲ့
အလှကို ပိုမြတ်နိုးမိလို့ ဖြစ်သည်။နှစ်ခြိုက်စွာအိပ်မောကျနေသည့် သူ။
မျက်တောင်စင်းစင်းရှည်ရှည်လေးက
မျက်လုံးများမှိတ်ထားတဲ့အခါ ပိုထင်ရှားခဲ့
သည်။ပြီး မီးရောင်မှိန်မှိန်အောက် သူခါတိုင်း
ထက် သိပ်လှနေခဲ့သည်။မီးအိမ်ကလေး ကျွန်တော်နဲ့အဖော်ပြုပေးပါ
သည်။အချိန်အတိုင်းအတာတစ်ခုရောက်တဲ့
အခါမှာ ကားချပ်ဖြူဟာ အရောင်စုံလာလေ
ပြီ။အဝါရင့်ရင့်၊ငွေမှင်ရောင်၊ မီးခိုးရောင်၊
အမည်းရောင် စသဖြင့် အရောင်
မှိုင်းမှိုင်းလေးတွေက ပန်းချီဆွဲတဲ့အခါ အခြားအရောင်တွေထက် ပိုအသက်ဝင်စေသည်။ကျွန်တော့်ပန်းချီထဲမှာ နတ်သားလေးတစ်ပါး အိပ်ပျော်နေခဲ့သည်။
••••••••••••••••••••••
ကြယ်လေးတွေပင် အရေအတွက်နည်းလာ
လေသည်။မှောင်မိုက်နေတဲ့ကောင်းကင်ပြင်
ဟာလည်း နံနက်အာရုဏ်ဦးအချိန်မို့ နီညို
မကျ၊လိမ္မော်မကျ အရောင်ပြေးနှင့် သိပ်
ကြည့်ကောင်းနေတော့သည်။အိစက်ညက်ညောသောအိပ်ရာထက်ဝယ်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ရေးဝဝအိပ်ခဲ့ရသော
ကောင်ငယ်လေးဟာ စတင်လူးလွန့်လာ၏။
သူ့နှာဖျားဝမှာ ပန်းပေါင်းစုံရောစပ်ထားတဲ့
ရေမွှေးရနံ့မျိုးရလိုက်သည်။ထို့ကြောင့် သူ့
မျက်ဝန်းမှေးလေးတွေကို ပွတ်သပ်ရင်းက
အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်ကြည့်မိလိုက်
သည်။