Unicodeဒီနေ့ကတနင်္ဂနွေနေ့ဖြစ်တာကြောင့် ဟီဆွန်းတစ်ယောက်အိမ်မှာရှိလို့နေသည်။ ဘာမှလည်းထွေထွေထူးထူးလုပ်စရာမရှိတာကြောင့် စာဖတ်ချင်ယောင်ဆောင်ပြီး စာထိုင်ရေးနေတဲ့ဂျယ်ယွန်းကိုသာ တစိမ့်စိမ့်ကြည့်နေမိတယ်။
တခြားလူတွေမြင်ရင်ကြားရင် ပိုလိုက်တာဆိုပြီး အမြင်မကြည်နိုင်လောက်ပေမယ့် ဂျယ်ယွန်းကသူ့အတွက် အဖိုးတန်ကျောက်မျက်ရတနာလေးတစ်ခုဘဲ။ အနားမှာသိမ်းထားရတာက စိတိကြည်လင်စရာကောင်းလှသလို ထိန်းသိမ်းထားတဲ့အချိန်ကြာမြင့်လာလေ တန်ဖိုးရှိလာလေလို့ ခံစားရတဲ့ဖြစ်တည်မှုမျိုးလေးပင်။
အရာအားလုံးအေးအေးဆေးဆေး ဖြစ်နေတဲ့အချိန်မှာဘဲ ဂျယ်ယွန်းအတွက်ဆိုတဲ့ ပါဆယ်ထုပ်တစ်ထုပ်ကို အိမ်ကအလုပ်သမားတစ်ယောက်က ပေးလာခဲ့သည်။ သူဘာမှတော့ မှာမထားကြောင့် ဂျယ်ယွန်းက ပြောပြနေသေးပေမယ့် ဟီဆွန်းတအားကြီးတော့ စိတ်မဝင်စားမိလိုက်။
ဂျယ်ယွန်းက သူ့သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်ပြတ်နေတာတော့ အတော်ကြာပြီဖြစ်တာကြောင့် သူတို့ဆီကလက်ဆောင်လာတာများလားဆိုတာကလွဲရင် ဘာမှမတွေးမိခဲ့။ ဂျယ်ယွန်းမှာ အပေါင်းအသင်းရယ်လို့မရှိရတဲ့အထဲ ရှိသမျှကလည်း သူ့ကိုစွန့်ပစ်သွားကြသည်မလား။ တစ်ခါတစ်ခါကျလည်း ဂျယ်ယွန်းရဲ့ငယ်ရွယ်မှုတွေကို စုပ်ယူခဲ့မိခြင်းအပေါ် ဟီဆွန်းမှာစိတ်မသက်မသာဖြစ်မိသည်။
"ဒါက လူကြီးဖို့အထုပ်နေမယ်။ နာမည်မှားပို့တာ။"
အထုပ်ကိုဖောက်ကြည့်ပြီးသည့်နောက် သိပ်တော့မနွေးထွေးတဲ့လေသံဖြင့်ပြောလာတဲ့ဂျယ်ယွန်း။ တစ်ဆက်တည်း တစ်ပေပတ်လည်လောက်ရှိမယ့် ကတ်ထူဘူးလေးကို ဟီဆွန်းဆီကမ်းပေးလာခဲ့သည်။ ပေါ့ပါးနေတဲ့ဘူးကိုလှမ်းယူရင်း အထဲမှာပါလာတဲ့ပစ္စည်းကို မြင်လိုက်ရချိန်မှာတော့ ဟီဆွန်းစိတ်တွေရှုပ်သွားသည်။
ဘူးထဲမှာဘာဆိုဘာမှမပါ။ ဓါတ်ပုံတစ်ပုံတည်းသာပါသည်။ ထိုဓါတ်ပုံက တခြားတော့မဟုတ်။ သူနဲ့ရိခီအမေ တက္ကသိုလ်မှာတုန်းက အတူရိုက်ခဲ့တဲ့ပုံပင်။ အဲတုန်းက သမီးရည်းစားတွေဖြစ်ခဲ့တာကြောင့် အနည်းငယ်တော့ ကြင်ကြင်နာနာဟန်ရှိလို့နေသည်ပေါ့။