Part 3

14 6 0
                                    

သူ့ကို ပထမဆုံး စတွေ့ခဲ့တုန်းက ခံစားခဲ့ရသော ထူးခြားသည့်ခံစားချက်။ ထိုခံစားချက်သည် ပျော်ရွှင်မှု၊ နှစ်သက်မှု၊ မြတ်နိုးမှုများနှင့် ရောထွေးနေပြီး ဗိုက်ထဲမှ လိပ်ပြာများပါ ဗြောင်းဆန်နေသည့် ခံစားချက်မျိုးပင်။ ယခု သူနှင့် အနီးစပ်ဆုံး ပြန်တွေ့သည့်အချိန်၌ မသိစိတ်ရော သိစိတ်ပါ နှစ်ခုလုံး ပျော်ရွှင်နေသည်ကိုလည်း သက်ထား ကိုယ့်ကိုယ်ကိုယ် သတိထားမိ၏။ သို့သော် ထိုအရိပ်အယောင်များ မျက်နှာမှာ မပေါ်အောင် ဟန်ဆောင်ကောင်းလွန်းသည့် သက်ထား တစ်ယောက် သေချာ ဖုံးထားနိုင်ခဲ့ပါသည်။

"ဟဲ့...ဘာလဲ၊ နင်တို့နှစ်ကောင်က သိနေတာလား၊ ဟေ့ ကောင်တွေ...ငါ့အတန်းထဲ ရှုတ်ရှုတ်ယှက်ယှက်တော့ လာမလုပ်နဲ့နော်၊ ငါနဲ့ တွေ့သွားမယ် ဘာအောက်မေ့နေလဲ" ဆိုပြီး ဆရာက အသံပြဲကြီးနှင့် ထအော်သောကြောင့် နှစ်ယောက်လုံး ပါးစပ်ပိတ်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သူရော သက်ထားပါ ခပ်တိုးတိုး ရယ်နေမိသည်။

ဒီကျူရှင်ကို အပ်ပေးခဲ့သည့် အမေကို ကျေးဇူးတင်ရမလား။ အရင်ဝိုင်းကို မတက်ချင်တော့လို့ အတင်းပြောင်းခိုင်းခဲ့တဲ့ ကိုယ်ဟာကိုယ် ချီးကျူးရမလား။ ရေစက်ရှိလို့ပဲလား။ ဘာပဲဖြစ်ဖြစ် အခုအခြေအနေလေးကို ထာဝရ ပိုင်ဆိုင်ချင်မိတာတော့ အမှန်ပင်။ ဒါပေမဲ့ သူနှင့်ကိုယ် နှစ်ယောက်ဆုံလျှင် နောက်တစ်ယောက်က အမြဲပါလာတတ်သည်။ အဘယ့်ကြောင့်ဆိုသော် စွမ်းထက်နှင့် စတွေ့ခဲ့သည့်နေ့မှ စပြီး သူမနှင့်စွမ်းထက် နှစ်ယောက်စလုံးကို တွဲတွေ့ရသည်က များသည်။ တစ်ယောက်တည်း တွေ့မိသည့်ရက်က လက်ချိုးရေလို့ ရ၏။ သို့သော် ယနေ့အတွက်တော့ ထိုမိန်းကလေး မရှိခဲ့ပါ။ ကြိုပြော၍မရ၊ နောက်ရက်မှ ရောက်လာတာမျိုးလည်း ဖြစ်နိုင်သေးသည်။ တစ်ချိန်ချိန် သူမ ရောက်လာမည်ကို အာရုံခံမိနေသည်။

"ကဲ...ဒီနေ့တော့ ဒီလောက်ပဲ ကလေးတို့၊ မနက်ဖြန်မှ ပြန်တွေ့ကြတာပေါ့ ဟုတ်လား "

"ဟုတ်ကဲ့ပါ ဆရာ၊ မင်္ဂလာပါ ဆရာ၊ ကျေးဇူးတင်ပါတယ် ဆရာ"

အင်္ဂလိပ်စာတစ်ချိန် ပြီးသွားသော်လည်း အချိန်ကုန်တာ အရမ်းမြန်နေသည်ဟု ခံစားနေရသည်။ သူနှင့် ဘေးချင်းကပ် ထိုင်နေရလျှင် နှစ်ဆယ့်လေးနာရီလုံး စာသင်ရမည်ဆိုလည်း ဖြစ်သည်။ နောက်အချိန်မှာ သင်္ချာဖြစ်၏။ အချိန်အကူးအပြောင်းဖြစ်၍ ဘာသာစုံမယူသည့်သူများက အတန်းထဲနဍမှထွက်သွားကြသည်။ နောက်ဆရာ မလာခင်လေး စွမ်းထက်နှင့် စကားပြောမည် ကြံသေး၊ ပိုင်ရန်အောင် ဆိုသည့်ကောင်က အလိုက်မသိ အနားကို ရောက်ချလာသည်။

အချစ်၏ဆုံမှတ် (Intersection of love)Where stories live. Discover now