အတန်းများ အားလုံး ပြီးသောအခါ ညနေ ၅နာရီ လောက် ရှိပြီဖြစ်သည်။ သို့သော်လည်း နွေဦးရာသီဖြစ်၍ ကောင်းကင်မှာ နေ့လယ် ၁ နာရီကဲ့သို့ပင် ထင်ထင်လင်းနေဆဲဖြစ်ပြီး တိမ်များလည်း ကင်းစင်နေသဖြင့် ကျူရှင်အနီးက စျေးဝယ်စင်တာကို မျက်စိအစာကျွေးဖို့ရန် သွားမည်ဟု သက်ထား ဆုံးဖြတ်လိုက်သည်။ ကျူရှင်ပြီး၍ ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြပြီး ရန်သူတော် သွန်းသွင်လည်းသက်ထားကို နှုတ်ဆက်ကာ ပြန်သွားပြီ ဖြစ်သည်။ ဇေယျာ့ကိုတော့ မတွေ့မိလိုက်ပါ။ ပြန်သွားလောက်ပြီ ထင်ပါရဲ့။ သက်ထားက ကျူရှင်နားတွင် နေသဖြင့် အိမ်မှ လာမကြိုဘဲ ကိုယ့်ဟာကိုယ် ပြန်ရမည်ပင်။ အမေ့ရုံးက ၆ နာရီ လောက်မှ ဆင်းမည် ဖြစ်ရာ အမေ ပြန်မရောက်ခင် ခပ်သွက်သွက်လေး စင်တာသို့ သွားပတ်လိုက်ဦးမည်။
သွားတော့မည်အလုပ် ကျူရှင်အောက်တွင် တစ်ယောက်တည်း ကျန်နေသေးသော ဇေယျာ့ကို တွေ့လိုက်ရသဖြင့် စင်တာကို မေ့ပြီး သူ့ကို ငေးကြည့်နေမိသည်။ ကြည့်ရတာ ဟိုးအရင်ကအတိုင်း သူ့အမေလာကြိုတာ နောက်ကျနေခြင်း ဖြစ်ပါလိမ့်မည်။ ရှော့ပင်းစင်တာက အိမ်နဲ့ နီးနီးလေး၊ နောက်နေ့မှ မျက်စိအစာသွားကျွေးလည်း ရတယ် မဟုတ်လား။ ပြီးတော့ ဇေယျာနှင့် စကားပြောဖို့အခွင့်ရေးကောင်းလည်းဖြစ်၍ သက်ထားလည်း ရှည်ရှည်ဝေးဝေး တွေးမနေတော့ဘဲ သူ့နား လမ်းလျှောက်သွားလိုက်ပါသည်။
သူက မြင်ဟန် မတူသဖြင့် သက်ထားကပဲ စ၍
"ဇေယျာ နင့်အမေ မလာသေးဘူးလား။ ငါ စောင့်ပေးရမလား။" ဟု ပခုံးချင်းတိုက်ပြီး မေးလိုက်သည်။ထိုအခါ လန့်ပြီး တုန်သွားဟန်ရသော ဇေယျာက "ဪ လန့်လိုက်တာ သက်ထားရယ်၊ နင် ပြန်သွားပြီတောင် ထင်နေတာ။ အိမ်က လာမကြိုသေးဘူးလား။" ဟု ပြန်ပြော၏။
"မဟုတ်ဘူး ကိုယ့်ဟာကိုယ် ပြန်မှာ။ ဒီနားလေးမှာပဲ နေတာ"
ထိုအခါ ဇေယျာက "ဟင် အဲဒါဆို ဘာလို့ မပြန်သေးတာလဲ။ အရင်က နင် အဝေးကြီးမှာ နေတာ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ်ကွာ ညနေလည်း စောင်းနေပြီ။ သွားတော့လေ။" ဟု ဆိုကာ စိုးရိမ်သည့် မျက်နှာဖြင့် ပြောလေသည်။
သူ စိတ်ပူပေးတာလေးကလည်း ချစ်စရာလေး။ ဟယ်...ငါ ဘာတွေ တွေးနေတာလဲ မသိဘူး။
ESTÁS LEYENDO
အချစ်၏ဆုံမှတ် (Intersection of love)
Novela Juvenilသက်ထားလွင် တစ်ဖက်သတ်သဘောကျနေသည့်အချစ်ဦး ဇေယျာစွမ်းထက် နှင့် သက်ထား၏ပြိုင်ဘက် သွန်းသွင်မိုးခ တို့နှစ်ယောက်လုံးနှင့် နေရာတစ်ခုတည်း၌ အမှတ်မထင်ပြန်ဆုံမိစဉ်