1

1.6K 74 2
                                    

Unicode

ခေါင်းတစ်ခုလုံးထိုးကိုက်နေ၏။ မျက်မှောင်ကိုကြုတ်ကာ ခေါင်းလှည့်လိုက်ပေမယ့် ဦးခေါင်းမှာတင်းတင်းပတ်ထားသော တစ်စုံတစ်ခုကြောင့် လှုပ်မရ။ သို့နှင့် လက်မြှောက်ကာဖြုတ်ဖို့ရန်ပြင်လိုက်သော်ငြား လက်ပါလှုပ်မရ။ ထို့အတူ ခြေထောက်များအထိ။

သူ၏တစ်ကိုယ်လုံးဟာ ကြိုးများဖြင့်တင်းတင်းကြပ်ကြပ် ပတ်ထားသကဲ့သို့။ အသိစိတ်နိုးကြားလာသည်နှင့် ကြိုးများဖြင့် ရစ်ပတ်ခံထားရတာမဟုတ်ဘဲ သူကိုက တစ်ကိုယ်လုံး အကြောသေနေသကဲ့သို့ လှုပ်၍မရတာဖြစ်နေမှန်း သတိပြုမိလိုက်သည်။ ထိုးကိုက်နာကျင်နေသော ဦးခေါင်းကြောင့် အသိစိတ်လွတ်လုမတတ်ဖြစ်နေရင်းမှ ထုံထိုင်းနေသော အကြားအာရုံက အသံတချို့ကိုပါ လက်ခံရရှိလာသည်။

"နာမည်ကချန်းယောလ်တဲ့လား"

ကြည်လင်သောအသံတစ်ခုက သူ့အနားမှ ထွက်ပေါ်လာသည်။ အနောက်ကခပ်ဝေးဝေးတစ်နေရာမှ ပြန်ဖြေကြားသံက လိုက်ပါလာလျက်။

"ဟုတ်ပါတယ် အသက်က ၁၈နှစ် ဒုလိင်အမျိုးအစားကတော့ မစစ်ဆေးရသေးပါဘူး"

ကြည်လင်သော အသံဟာ ထပ်မံထွက်ပေါ်လာသည်။

"ဒုလိင်စစ်ဆေးမှုတွေက အသက် ၁၂ ဆို စကြရတာမဟုတ်လား ငါပဲအမှတ်မှားတာလား"

"မဟုတ်ပါဘူး ကျွန်တော်တို့မီးလောင်မှုထဲက တခြားကလေးတွေအကုန် လိုက်စစ်ဆေးတုန်းက ၁၂ ၁၃ အရွယ်ကလေးတွေတောင် ဒုလိင်တွေသတ်မှတ်ပြီးကြပါပြီ"

တစ်ခဏကြာတိတ်ဆိတ်သွားလျက်။

"ဪ .... သူတစ်ယောက်ပဲဖြစ်နေတာပေါ့"

ထိုစကားသံသည် ရယ်မြူးရိပ်များပါဝင်နေလျက်။ ပို၍တိတိကျကျ ခွဲခြမ်းစိတ်ဖြာရလျှင် လှောင်ရိပ်များဖြစ်ကြောင်း သူသိမိလိမ့်မည်။ ပထမဆုံးကြားရသော အသံဖြစ်၍လား၊ သို့မှမဟုတ် ထိုအသံကပဲ ကြည်လင်နေ၍လား မသဲကွဲစွာပင် သူ့အားအသံပိုင်ရှင်ကို သိချင်စိတ်ဖြစ်လာစေသည်။

ထို့အတူ ပူးကပ်နေသော မျက်ခွံနှစ်ခုအား အတင်းအကြပ်တွန်းအားပေး ဖွင့်ကြည့်မိတော့ မြူစိုင်းနေသော မြင်လွှာထဲ မျက်နှာသဏ္ဍာန်တစ်ခုကို ဝိုးတိုးဝါးတားမြင်လိုက်ရသည်။ ရေအောက်ထဲရောက်နေသည့်အလား သိပ်ပြီးကြည်လင်ရှင်းလင်းမှုမရှိ။ သူ့အနီးအနားတွင် ရပ်နေခြင်းဖြစ်ပြီး သူ့မျက်လုံးဖွင့်ဟလာသည်နှင့် သတိပြုမိသွားပြီး ငုံ့ကြည့်လာ၏။

GAGAWhere stories live. Discover now