UNICODE
"နယ်စပ်ပြဿနာက ငါတို့ထင်ထားတာထက် ပိုရှုပ်ထွေးနေပြီ။ စစ်တပ်ဘက်က ကိုင်တွယ်နေတယ်ပြောပေမယ့် အဲ့ကောင်တွေက ဘာမှသောက်သုံးကျတာလည်းမဟုတ်ဘူး။ ဘာလို့ ဒီကိစ္စကို နောက်ရွှေ့နေတာလဲ အကြံပေးအရာရှိ"
ယဥ်ကျေးအောင် သုံးနှုန်းထားရသော်ငြား ဒေါသထွက်နေပြီဖြစ်သော လေသံက ဝါကျအဆုံးတွင် မြင့်တက်သွားသည်။ စားပွဲပေါ်ပစ်ချလိုက်သော ဖိုင်ကို ဘခ်ဟျွန်းကောက်ယူကာ လှန်လှောကြည့်လိုက်သည်။ သူအကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြည့်ဖူးသည့်အတိုင်းပင် ပြောင်းလဲမှုမရှိပေ။
"ဒါဆို မင်းကရော။ ဘာလို့ အိုမီဂါနဲ့ အယ်လ်ဖာမျိုးစိတ်တွေ ပျောက်ဆုံးတဲ့အမှုကို နောက်ရွှေ့နေရတာလဲ"
ငြိမ်သက်စွာ ပြန်မေးသော ဘခ်ဟျွန်းအသံနောက် အင်ယွန်းဆော့က ပို၍ကျယ်လောင်စွာ တုံ့ပြန်လာသည်။
"အခု အဲ့ဒါကို အရေးကြီးလှပြီထင်နေတာလား !"
"ဒီကွင်းဆက်က ဖြစ်ပျက်နေတာ ၁၀နှစ်ကျော်ရှိပြီ ! ဒါကအရေးမကြီးသေးဘူးလား ?"
"မင်း -!!!"
အင်ယွန်းဆော့က ဒေါသထွက်သွားရာမှ စိတ်ကိုအဆုံးထိလျှော့ကာ လည်ပင်းမှ နက်ကတိုင်ကို ဆွဲချရင်း စားပွဲပေါ်လက်နှစ်ဖက်ထောက်လာ၏။
"အမှုကိစ္စတိုင်းက မင်းလုပ်ချင်တဲ့အတိုင်း လုပ်ရတာ မဟုတ်ဘူး။ မေ့နေတာလား ဟမ် မင်းရဲ့ကောင်းလှပါချည်ရဲ့ဆိုတဲ့ ဦးနှောက်က ဒီကိစ္စနှစ်ခုရဲ့ အတိမ်အနက်ကိုတောင် မဆုံးဖြတ်နိုင်တော့ဘူးလား။ အမှုတွေက အကြီးအကဲတွေရဲ့ သဘောတူညီမှုနဲ့မှ ရှေ့ဆက်ရတာကို ဒီနေရာမှာ အရေးမပါတဲ့ ပြန်ပေးမှုလေးနဲ့ လာပုန်ကန်နေတာ မင်းတစ်ယောက်တည်းကွ !"
ပြောရင်း အားပါလာသည့် အင်ယွန်းဆော့က စားပွဲခုံပေါ် လက်နှစ်ဖက်လုံးဖြင့် ရိုက်ချသည်။ သို့တိုင် ဘခ်ဟျွန်းသည် မျက်တောင်တစ်ချက် မခတ်သွား။ အင်ယွန်းဆော့က A အဆင့်အယ်လ်ဖာမျိုးစိတ်ဖြစ်သည်။ အလွန်ပြင်းထန်သော အရှိန်အဝါနှင့်အတူ ဒေါသအလျောက် ဖရိုမုန်းများကပါ ပြင်းထန်စွာ ထွက်လာသော်ငြား သာမန်ဘီတာတစ်ဦးအနေနှင့် တုပ်တုပ်ပင်မလှုပ်သွားသလို နောက်သို့တွန့်သွားခြင်းလည်း မရှိပေ။