Unicode
"ဝိုးးးးးးးးးးးးး"
မြောက်များစွာသော အော်ဟစ်အားပေးသံများသည် အခန်းကျယ်အတွင်း ဟိန်းကာပျံ့နှံ့သွားလျက်။ အပေါ်ထပ်ရော အောက်ထပ်ရောတွင် လာရောက်ကြည့်ရှုနေသူများမှာ တပ်ဖွဲ့တစ်ခုလုံးအတွင်း ရှိသမျှ လူများဖြစ်ပုံရသည်။ ဤနေ့အဖို့ စာရင်းသွင်းထားသည့် လူများထဲမှ ၆ယောက်၊ ၆ပွဲ ကစားရမည်ဖြစ်သည်။ တစ်ယောက်ကို တစ်ပွဲသာ ကြိုးစားခွင့်ရှိသည်။ စည်းမျဥ်းသည် အလွန်တရာမှ ရိုးရှင်း၏။ ကြိုးဝိုင်းပေါ်က ပြုတ်ကျသည့်သူကား ရှုံးမည်ဖြစ်သည်။
အရှင်းဆုံးဆိုရလျှင် ဤသည်ကား လက်ဝှေ့ပွဲနှင့် အဓိပ္ပာယ် မခြားမနားပင်ဖြစ်သည်။ သို့တိုင် လက်ဝှေ့နှင့်မတူသည်ကား သုံးသည့် နည်းလမ်းများနှင့် တိုက်နည်းခိုက်နည်းမျိုးစုံမှန်သမျှက ဘောင်ဝင်၏။ ဘောင်ဝင်သည်ဆိုသော်ငြား မည်သူကမှတော့ ညစ်ပြီးကစားရဲမည်မဟုတ်လောက်ချေ။ အဘယ်ကြောင့်မူ တပ်ကြပ်ဂန်ထယ်ဝန်းက ကြိုးဝိုင်းပတ်လည်လျှောက်ကာ ဆက်တိုက်စောင့်ကြည့်နေ၍ဖြစ်ကာ ညစ်မိလျှင် အမှတ်ပေးစည်းမျဥ်းအတွက် စိတ်ချဖွယ်နိုင်ရာ မရှိချေ။
"ငါအစက ကြားထားတာတော့ ဒီနေ့ပွဲက ၇ယောက်စာရင်းရှိတာ။ သေချာပေါက် လျော့သွားတဲ့တစ်ယောက်က အန်ဂျောင်ဆော့ပဲနေမှာ"
ချန်းယောလ်နံဘေးမှ အတင်းတုပ်သလို အသံတိုးတိုးဖြင့်ပြောလာသည့် ချွဲဆူဟွန်းကို လှည့်ကြည့်လိုက်သည်။
"အန်ဂျောင်ဆော့က ဘယ်သူလဲ"
ချွဲဆူဟွန်းက သူ့အား အံ့ဩသလို လှည့်ကြည့်လာသည့်ပုံစံကို မကြိုက်သော်ငြား ချန်းယောလ်ခေါင်းထဲတွင်လည်း အန်ဂျောင်ဆော့နာမည်ကို အမှန်တကယ် မမှတ်မိချေ။
"မင်းကို ရေချိုးခန်းမှာ ရန်စခဲ့တဲ့ကောင်လေကွာ"
"ဪ"
ယခုတစ်ခေါက်တွင်တော့ ချန်းယောလ် ထိုနာမည်ကို သေချာမှတ်ထားလိုက်သည်။
"ဘာလို့လျော့သွားတာလဲ"
"တပ်ကြပ်က အပြစ်ပေးလိုက်တာနေမယ်။ မင်းသိလား တပ်ကြပ် တကယ်အပြစ်ပေးပြီဆိုရင် တောင်ပေါ် ဘယ်နှခေါက်တက်ပြေးရမှာ ဒိုက်ထိုးရမှာ ဘာညာတွေ လုံးဝမခိုင်းဘူး။ ငါတို့ရဲ့ စိန်ခေါ်ခွင့်ကို အပြစ်ဒဏ်ကြီးရင်ကြီးသလို လချီပြီး ပိတ်ချပစ်တာပဲ"