1

665 70 37
                                    

တီးလုံးသံအေးအေးလေးနဲ့ မီးရောင်စုံတွေလင်းလက်နေတဲ့ မြို့ပြပါတီပွဲတစ်ခု။ လုပ်ငန်းကြီး လုပ်ငန်းသေး လုပ်ကိုင်ကြသူ အားလုံးနီးပါး အပြုံးကိုယ်စီနှင့် တက်ရောက်ကြသည့် စီးပွားရေးထိပ်ခေါင်တစ်ဦး၏ မွေးနေ့ပွဲဖြစ်သည်။ လူအစုလိုက် အစုလိုက် အုပ်စုဖွဲ့ကာ စကားပြောကြ သောက်စားနေကြသော်လည်း ဂျောင်ဆူးကတော့ ပွဲရဲ့ထောင့်ကျကျ စားပွဲဝိုင်းမှာထိုင်ကာ ဝတ်လာသော suit ၏ necktie ကို ဆွဲချွတ်လို့ အသက်ဝဝရှူနိုင်ရန် ကြိုးစားနေမိသည်။

ဂျောင်ဆူးက ဒီလို ပွဲနေပွဲထိုင်အဝတ်အစားတွေ လူရှုပ်ရှုပ်နဲ့ပွဲလမ်းတွေကို သဘောမကျဘဲ အေးအေးဆေးဆေး တစ်နေရာမှာ အလုပ်လုပ်နေရတာကိုပဲ သဘောကျသည်။ အသိမိတ်တွေလည်းမရှိပါဘဲ တစ်ယောက်တည်း ကြောင်တောင်တောင်နိုင်စွာ ထိုင်နေရတာကြာတော့ ပျင်းဖို့ကောင်းလာသည်။ ဗန်းကိုယ်စီကိုင်ထားသော ဧည့်ကြိုဝန်ထမ်းများက အရောင်စုံပါသော အရည်ခွက်လေးများကို မကြာခဏ လာပေးသော်လည်း သူမသောက်ဖြစ်။ မတော်လို့များ အမူးလွန်ပြီး သူဟန်ဆောင်ထားသမျှ ပေါ်သွားခဲ့ရင် အဆဲခံရဦးမည်။

* ငါပြန်လို့မရသေးဘူးလား *

ဖုန်းကိုအသာလေးထုတ်ယူကာ စာပို့ပြီး ပြန်သိမ်းလိုက်သည်။ သူထိုင်နေသည့်စားပွဲဝိုင်းနား ဝေ့လည်သွားလာနေသူများထဲမှ သူ့အားပြုံးပြလာသူအချို့ကို အပြုံးနှင့်တုံ့ပြန်ဖြစ်သည်။ ဘယ်သူဘယ်ဝါမှန်းလည်း သိမနေ။ ခဏတာအစားထိုးနေရသူမို့ သိနေစရာလည်းမလို။ သူ အစားထိုးနေရာဝင်ပေးရသူကလည်း စကားမပြောဘဲ ခပ်တန်းတန်းနေတတ်သူမို့ စကားလာမပြောကြတာဖြစ်မည်။

* ပြန်လာလို့ရပြီ *

ဖုန်းမျက်နှာပြင်ပေါ်က စာကိုဖတ်ပြီးပြုံးလိုက်ရင်း စိတ်ပေါ့ပေါ့ပါးပါးနဲ့ ထိုင်ရာမှထကာ ကားပါကင်ရှိရာဆီသို့လျှောက်သွားသည်။
ဂျောင်ဆူးထွက်သွားသည့်အချိန်မှာပဲ မီးရောင်တဖြတ်ဖြတ်နဲ့ စုပြုံလာသည့် သတင်းထောက်တစ်စုကြောင့် ထွက်လမ်းပိတ်သွားသည်။ နာမည်ကြီးတစ်ယောက်ယောက် ပွဲကိုလာပုံရသည်မို့ဂျောင်ဆူးလည်း ဘေးနားကပ်ကာ ရပ်ရင်းရှောင်နေလိုက်သည်။

A Beautiful MistakeWhere stories live. Discover now