01 : LORD

1.5K 75 5
                                    

မီးခိုးတွေဟာ စွဲမက်စရာ သိပ်ကောင်းတယ်။ အထူးသဖြင့် နာကျင်မှုကို ကိုယ်စားပြုတဲ့ အခိုးအငွေ့တွေ...။

သူတို့ကို လေထုထဲ လွတ်လပ်စွာ ပျံ့လွင့်ခွင့်ပြုလိုက်တဲ့ မင်းဟာ သိပ်ကိုသနားစရာကောင်းတဲ့ အရူးတစ်ကောင်...။

-------------Smoke the Pain.

ဒီနေ့ဟာ လပြည့်ည။ ဒီလိုညမျိုးမှာ လမင်းဟာ ကောင်းကင်ရဲ့ဘုရင်ဖြစ်တယ်။ လမင်းဟာ ကြယ်တာရာကို မင်းမူလို့။ ဝေဟင်ရဲ့ အာဏာစက်ဟာ သူ့လက်ခုတ်ထဲက ရေသာသာ။ မှိတ်တုတ်မှိတ်တုတ်ကြယ်တွေဟာ လမင်းရဲ့ကိုယ်ရောင်အောက် ပြားပြားဝပ်နေရတယ်။

မြေပြင်ကလူတွေဟာ တောက်ပနေတဲ့လရဲ့ အပေါ်ယံ အခွံကြီးကိုပဲ မြင်ကြတယ်။ ရှုကြတယ်။ လှတယ်လှတယ် ရေရွတ်ကြတယ်။ ဒါပေမဲ့ သူ့ရဲ့အတွင်းပိုင်းကို ဘယ်သူကမှ မမြင်ကြဘူး။ မြင်အောင်မကြည့်ကြတာဆို ပိုမှန်မယ်။ လူသားတွေဟာ အရာရာကို အပေါ်ယံပဲ စိတ်ဝင်စားကြတာ။

အဲဒီစိတ်ကုန်စရာ လူသားတွေထက် နည်းနည်းလေးပိုသာတဲ့ လူသားတစ်ယောက်ဖြစ်ချင်ရင် ဒီတစ်ခါ လပြည့်ညရောက်တဲ့အခါ လရဲ့အလင်းရောင်ကို သေချာကြည့်ကြည့်။ ငွေဖြူရောင်အလင်းမှာ အထီးကျန်မှုတွေ တွဲလွဲခိုနေတာ ဝမ်းနည်းစရာကောင်းအောင် တွေ့ရလိမ့်မယ်။

အမှောင်အတိလွှမ်းနေတဲ့ အခန်းထဲမှာ အလင်းရောင်ဆိုလို့ မှန်ပြတင်းက တိုးဝင်လာတဲ့ လရောင်ပဲရှိမယ်။ ဒီနေ့ဟာ လပြည့်ညဖြစ်တာကြောင့် သူ့စိတ်တွေ အရိုင်းဆန်နေတယ်။

လဟာ ရေကိုဆွဲနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်။ ဒါကြောင့် လပြည့်ညမှာ ဒီရေတက်တာပဲ။

လူ့ခန္ဓာကိုယ်ရဲ့ ၆၀ရာခိုင်နှန်းဟာ ရေတွေနဲ့ဖွဲ့စည်းထားတယ်။ လပြည့်ညမှာ ဒီရေတက်သလို လူ့ကိုယ်ထဲက ရေတွေဟာလည်း ဂနာမငြိမ်ဘူး။ အကျိုးဆက်က ဦးနှောက်ဟာ လှုံ့ဆော်ခံရပြီး စိတ်တွေအထွတ်အထိပ်ရောက်တတ်တယ်။ ဒါကြောင့် လပြည့်ညမှာ အရူးထောင်ကို သွားကြည့်ရင် ဝေဒနာရှင်တွေရဲ့ အော်ဟစ်သံတွေ၊ သံတံခါးကို တဒုန်းဒုန်းထုရိုက်သံတွေ ကျယ်လောင်စွာကြားရတတ်တယ်။

Smoke the PainWhere stories live. Discover now