တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော် ညဆယ််နာရီဝန်းကျင်။
မီးရောင်စုံများနှင့် သက်ဝင်လှုပ်ရှားနေသည့် နာမည်ကြီး ကလပ်တစ်ခုရှေ့၌ ဆယ်စီးထက်မနည်းသည့်ကားများ ထိုးရပ်လာ၏။ နက်စွေးနေသည့်ကားအားလုံး၏ နံပါတ်ပြားများဘေး၌ တပ်ဆင်ထားသည့် ငွေရောင်တံဆိပ်များက ညအချိန်၌ပင် ထင်ထင်ရှားရှား။
တစ်ချိန်တည်းမှာပင် ကားများပေါ်မှ အလျင်စလို ဆင်းလာသည့် သက်တော်စောင့်များက ကလပ်ဝင်ပေါက်ကိုရှင်းလင်းလိုက်ပြီးသည်နှင့် အလယ်ရှိ ကားတစ်စင်းပေါ်မှ အနောက်တိုင်းဝတ်စုံအပြည့်နှင့် လူငယ်တစ်ဦးဆင်းလာသည်။ အတော်လေး ကြည့်ကောင်း၍ သာမန်ရုပ်ရှင်မင်းသားတစ်ဦးထက်ပင် ချောမောသည်ဟုပင် ပြောနိုင်သည့် ထိုသူ၏မျက်နှာသည် ယခုအချိန်၌မူ လိုတာထက်ပင် ပို၍တင်းမာနေသယောင်ရှိပြီး သက်တော်စောင့်လေးဦးနှင့်အတူ ကလပ်ထဲသို့ဝင်သွားကာ ကျန်သူများကမူ အပြင်ဘက်၌ သတိအနေအထားဖြင့် ရပ်ကျန်ခဲ့ကြ၏။
မကြာမီ ထိုအမျိုးသားက မျက်နှာမပေါ်အောင် ကုတ်အင်္ကျီခြုံထားသည့် လူတစ်ယောက်အား ပွေ့ချီ၍ ကလပ်အတွင်းမှထွက်လာပြီးနောက် ကားပေါ်တက်ကာ ထိုနေရာမှ ခပ်သွက်သွက် ပြန်လည်ထွက်ခွာသွားတော့သည်။
ﮩ٨ـﮩﮩ٨ـ♡ﮩ٨ـﮩﮩ٨ـ
"ထုံးစံအတိုင်း ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဘာသတင်းမှတက်လာတာ မလိုချင်ဘူး အတွင်းရေးမှူးယူ။ ညတွင်းချင်း ဖြေရှင်းလိုက်ပါ၊ ပြီးတော့ နန်းတော်ဘက်ကိုလည်း သတင်းမရောက်စေနဲ့။"
ထိုးကိုက်နေသည့်ခေါင်းကိုဖိ၍ ထထိုင်လိုက်ရင်းက ခပ်သဲ့သဲ့ ကြားလိုက်ရသည့်စကားသံကြောင့် ကျန်းဟောင့် စိတ်ရှုပ်သွားပြီး အိပ်ထားသဖြင့် ဖရိုဖရဲဖြစ်နေပြီးသားဆံပင်များကို ခပ်ကြမ်းကြမ်း ထိုးဖွလိုက်သည်။
ထပ်ပြီးတော့ ဒီလူပဲလား။
အိပ်ယာပေါ်မှ လှုပ်ရှားမှုကို သတိထားမိဟန်ဖြင့် ဝရန်တာ၌ရပ်ကာ ဖုန်းပြောနေသူက နောက်လှည့်ကြည့်လာပြီး မှန်တံခါးကိုဖွင့်ကာ အထဲပြန်ဝင်လာသည်။
"နိုးလာပါပြီလား မင်းသားလေး။"
"မင်းက ငါ့အိမ်ကို ဘာလို့ရောက်နေတာလဲ။"
"အဲဒါ ကျွန်တော့်ဘက်က မေးရမယ့်စကားထင်တယ်နော်။ မင်းသားလေးကမှ အဲဒီလိုနေရာမျိုးကို ဘာသွားလုပ်တာပါလဲ။"
ခပ်ပြုံးပြုံးမျက်နှာထားဖြင့် မေးခွန်းထုတ်လာသူ၏ မျက်ဝန်းများက ပြုံးနေသည့်နှုတ်ခမ်းများနှင့်မှ မလိုက်၊ တင်းမာခက်ထန်မှုများ ရောယှက်လျက်။
"အဲဒါ ငါ့ကိစ္စပါ ဆောင်းဟန်ဘင်း။ တောင်ကိုရီးယားနိုင်ငံရဲ့ဝန်ကြီးချုပ်က ဒီလိုသူများကိစ္စတွေမှာ ဝင်ပါနိုင်တဲ့အထိ အားလပ်နေမယ်လို့ ထင်မထားမိဘူး။"
"သေချာပေါက် မအားဘူးပေါ့။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ကျွန်တော်ကိုယ်တိုင်က တမင်တကာ အချိန်ပေးပြီးကို ဝင်ပါချင်နေတာ။"
ﮩ٨ـﮩﮩ٨ـ♡ﮩ٨ـﮩﮩ٨ـﮩ٨ـﮩﮩ٨ـ♡ﮩ٨ـﮩﮩ٨ـﮩ٨ـﮩﮩ٨ـ♡ﮩ٨ـﮩﮩ٨ـ
W Koreaပွဲတက်တုန်းက outfitတွေကိုမြင်ပြီး စိတ်ကူးရ / တိုမလား၊ ရှည်မလား စဥ်းစားဆဲ / ဇွတ်မနေနိုင် မထိုင်နိုင်ဖြစ်နေလို့ intro ကြိုတင် //30.11.2023