/// လူကုန်ကူးမှု၊ တရားမဝင်ဖမ်းဆီးချုပ်နှောင်မှု၊ အလိုမတူဘဲညှင်းပန်းနှိပ်စက်မှုတို့ဖြင့် မိဖုရားမင်ဆောယွန်းအား ဖမ်းဆီး။
/// ကျောင်းတွင်းအနိုင်ကျင့်မှုကြောင့် သတ်သေခဲ့သူမိန်းကလေးကိုယ်စား မိသားစုမှ အတန်းဖော်များကို လူသေမှုဖြင့်တရားစွဲဆို၊ သံသယရှိသူများထဲတွင် အိမ်ရှေ့မင်းသားလည်း ပါဝင်နေ။
/// တော်ဝင်မိသားစုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲများ နေရာအနှံ့ထွက်ပေါ်။
မီဒီယာတိုင်း၊ သတင်းစာမျက်နှာတိုင်း၌ နေရာယူထားသည့်စကားလုံးများ။
ပန်ဒိုရာသေတ္တာကိုဖွင့်လိုက်မိသကဲ့သို့ အဆုံးမသတ်နိုင်သည့်နောက်ဆက်တွဲဖြစ်ရပ်ပေါင်းများစွာဖြင့် ထိန်းချုပ်မှုကင်းမဲ့နေသည့်ရက်သတ္တပတ်။ တစ်နိုင်ငံလုံးဗျောင်းဆန်နေပြီး ပြည်တွင်းပြည်ပမှ တော်ဝင်မိသားစုအပေါ် ဝေဖန်များမြင့်တက်နေ၏။ ပြစ်မှုများအားလုံးက တောင်ကိုရီးယားလူ့အဖွဲ့အစည်း၏ အတိမ်းအစောင်းမခံသောစံညွှန်းများနှင့်ငြိနေ၍ ပိုဆိုးသည်။
ဒီရက်ပိုင်း နန်းတွင်းမှမယ်တော်မိဖုရားကြီးက မကြာခဏလှမ်းခေါ်သော်လည်း အကြောင်းပြချက်မျိုးစုံပေး၍ ကျန်းဟောင့် မသွားဖြစ်။ တရားရင်ဆိုင်ရန်အတွက် အချုပ်ခန်းတွင်ရှိနေသည့် မင်ဆောယွန်းကိုတော့ တစ်ခေါက်သွားတွေ့ဖြစ်၍ ဆောင်းဟန်ဘင်းကလည်း အတူလိုက်လာသည်။ အရေးကြီးသည့်အမှုအခင်းဖြစ်၍ တော်ဝင်စည်းကမ်းထိန်းသိမ်းရေးဌာန၏ခွင့်ပြုချက်မပါလျှင် မိသားစုဝင်များပင် ဧည့်တွေ့ခွင့်မရှိပေ။
နေ့စဥ်မှီဝဲနေကျအရွယ်တင်နုပျိုစေသည့်ဆေးဝါးများနှင့် တစ်ပတ်နီးပါးကင်းကွာသွားသည့် မင်ဆောယွန်း၏ရုပ်ရည်ကျဆင်းသွားသည်က သိသိသာသာ။ ထွက်ပေါက်မရှိသည့်စိတ်ဖိစီးမှုများကလည်း အဓိကအကြောင်းအရင်းဖြစ်၍ ထိန်းသိမ်းမှုမရှိသည့်ဆံပင်များက စုတ်ဖွာစပြုနေသည်။
"မိဖုရားကို ဒီလိုမြင်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အာ ... အိမ်ရှေ့စံကလည်း နန်းတွင်းမှာ မစားမသောက်ဘဲ ဆန္ဒပြနေတယ်တဲ့။ မယ်တော်မိဖုရားကြီးအမိန့်နဲ့ အခန်းထဲမှာပဲ အကျယ်ချုပ်ထားတယ်လို့ကြားတယ်။ ဆယ်ကျော်သက်အရွယ်လေးဆိုတော့လည်း ထိန်းရကျောင်းရခက်သားပဲ"