ညဆယ်နာရီအချိန် ဝန်ကြီးချုပ်အိမ်တော်။
စကားတစ်ခွန်းမှမဆိုဘဲ မျက်နှာထားတင်းတင်းဖြင့် ဆင်ဝင်အောက်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသူကြောင့် ခြံဝန်းထဲ၌ သေနတ်ကိုင်၍စောင့်ကြပ်နေသည့်သက်တော်စောင့်များအားလုံး အသက်ပင် ပြင်းပြင်းမရှုရဲ။
မကြာမီ ခြံဝန်းထဲသို့ ကားလေးစီးအတန်းလိုက်ဝင်လာ၍ အနက်ရောင်ကားသုံးစီးပေါ်မှဆင်းလာသည့် သက်တော်စောင့်များက ညအိပ်ဝတ်စုံဖြင့်ရပ်နေသည့်ဝန်ကြီးချုပ်ကိုမြင်သည်နှင့် ချက်ချင်းသတိဆွဲအလေးပြုလိုက်ကြသည်၊ သို့သော် ကာယကံရှင်၏အာရုံက ကားတန်း၏အလယ်ရှိ ပြိုင်ကားခဲရောင်လေးပေါ်မှဆင်းလာသည့်လူနှစ်ယောက်ဆီ၌သာ။ ပုံမှန်ထက်အရောင်ရင့်နေသည့်မျက်နှာလေးက ဝတ်ထားသည့် suit ဆင်စွယ်ရောင်ဖျော့ဖျော့ကြောင့် ရေချိန်ကိုက်နေမှန်းပိုသိသာ၍ လက်မောင်းတစ်ဖက်ကိုပါထိန်းကိုင်ပေးထားရသည်ကိုတော့ ဟန်ဘင်း ဘဝင်မကျ။
"ဝန်ကြီးချုပ်ကိုယ်တိုင် ထွက်စောင့်နေတာပဲ။ ကျွန်တော်များ အမြင်မှားတာလား"
"ကျွန်တော့်မင်းသားလေးက ဒီနေ့ပွဲမှာ နည်းနည်းသောက်လာတယ်ကြားလို့ စောင့်နေတာ .. ဒါရိုက်တာမင် အိမ်ထိ တကူးတကလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်။ အိမ်ပြန်ရောက်ပြီဆိုတော့ ကျွန်တော့်လူကို ကျွန်တော်ပဲ ဂရုစိုက်လိုက်ပါ့မယ်"
စကားဆုံးသည်နှင့် ထိန်းကိုင်ပေးထားသည့်လက်တစ်ဖက်ကိုအသာဆွဲဖယ်ပြီး ခါးသွယ်သွယ်ကိုဆွဲယူလိုက်တော့ တစ်ဖက်လူမျက်နှာပျက်သွားသည်က သိသိသာသာ။ အမူးသမားကတော့ မူးနေ၍လား၊ သူ့အပြစ်သူသိသည်၍လားတော့ မပြောတတ်၊ ဖက်ထားသည့်အတိုင်းငြိမ်နေသည်။
"ဒါနဲ့ ဝန်ကြီးချုပ်က မင်းသားလေးကိုဂရုစိုက်ဖို့ တကယ်ရောအချိန်ရှိလို့လား။ နဂိုကမှ အလုပ်များတဲ့အထဲ မမလေးယွန်ဟီးကလည်း ပြန်ရောက်နေပြီဆိုတော့လေ .. ကျွန်တော် သတင်းတွေကြားပါတယ်"
"ဒါရိုက်တာမင်က အင်တာနက်ပေါ်က အဲဒီလိုအတင်းအဖျင်းကိစ္စတွေလည်း စိတ်ဝင်စားတတ်တယ်လား .. မထင်ရဘူးပဲ"