ခပ်ငိုက်ငိုက်ဆောင်းထားသည့် ဦးထုပ်ကို အသာပင့်တင်ရင်း ဘေးဘီကို မသိမသာ အကဲခတ်လိုက်သည်။ အင်ချွန်းလေဆိပ်တစ်ခုလုံးသည် ပုံမှန်အတိုင်း ခရီးသည်များနှင့် ပြည့်နေပြီး အခြားမသင်္ကာစရာ အရိပ်အယောင်မတွေ့သောအခါမှ ကျန်းဟောင့် သက်ပြင်းချလိုက်နိုင်၍ တဆက်တည်းမှာပင် ခံတွင်းချဥ်သလိုလိုဖြစ်လာသည့် ကိုယ့်ကိုကိုယ် ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။
Smoking Room ၌ ချောင်ကျကျနေရာတစ်ခုကိုရှာ၍ ဆေးလိပ်ဖွာရင်း မျက်စိရှေ့တည့်တည့်၌ရှိ မှန်ထဲတွင် အရိပ်ထင်နေသည့် မိမိ၏ပုံစံကြောင့် ကျန်းဟောင့် ဆေးလိပ်ငွေ့များကို စိတ်ပျက်လက်ပျက် မှုတ်ထုတ်လိုက်၏။ ယခု သူ၏ပုံစံမှာ လည်ပိတ်ဆွယ်တာအနက်ရောင်ပေါ်၌ လောင်းကုတ်တစ်ထည်ထပ်ဝတ်၍ ဦးထုပ်အဝိုင်းတစ်လုံးအား ခပ်ငိုက်ငိုက်ဆောင်းထားသည့်အပြင် ဆေးလိပ်မသောက်ခင်က mask လည်း တပ်ထားသေးရာ တစ်ကိုယ်လုံးတွင် မျက်လုံးလေးသာပေါ်၍ တစ်ချက်ကြည့်ရုံနှင့်ပင် အတော်လေး စိတ်ရှုပ်စရာ ကောင်းလှသည်။
သို့သော် မတတ်နိုင်။ နေရာမရွေးရှိနေတတ်သည့် ဆောင်းဟန်ဘင်း၏လူများ မျက်စိအောက်မှလွတ်ရန်က ပိုအရေးကြီးသဖြင့် ဤကိုရီးယားမြေပေါ်မှ မလွတ်မချင်း စိတ်ကျဥ်းကြပ်မှုကို ခဏတဖြုတ်တော့ သည်းခံနေရဦးမည်ဖြစ်သည်။
"လန်ဒန်သို့ထွက်ခွာမည့် လေယာဥ်အမှတ် ........"
စပီကာမှထွက်ပေါ်လာသည့် ကြေညာသံကြောင့် ကျန်းဟောင့် သောက်လက်စ စီးကရက်ကို အမြန်လက်စသတ်၍ အိတ်ထဲ၌ အသင့်ဆောင်ထားသည့် mask အသစ်တစ်ခုထုတ်တပ်ကာ အပြင်ထွက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် Smoking Room ထဲသို့ လူတစ်ယောက် ပြေးဝင်လာသည်ကို တွေ့လိုက်ရ၍ ထိုသူက လက်ထဲမှ တစ်စုံတစ်ရာဖြင့် ကျန်းဟောင့်ထံသို့ တန်းတန်းမတ်မတ် ချိန်ရွယ်လာသည်။
ဒိုင်း!
မြန်ဆန်လွန်းသောဖြစ်ရပ်ကြောင့် ကြောင်အနေစဥ်မှာပင် ရုတ်တရက်ထွက်ပေါ်လာသည့်သေနတ်သံနှင့်အတူ တစ်ဖက်မှန်နံရံ၌ စွန်းထင်းသွားသည့် နီနီရဲရဲသွေးများ။