"မင်းသားလေး ဟိုတစ်နေ့က ဝန်ကြီးချုပ်နဲ့ တောင်ပေါ်ဘုရားကျောင်းကို အတူတူသွားကြသေးတယ်ဆို"
နန်းတော်ထဲမှာပဲနေတဲ့သူကလည်း ဘယ်ကိုသွားတယ်ဘယ်သူနဲ့သွားတယ်ဆိုတာကအစ အသေးစိတ်သိနေလိုက်တာ ..
စိတ်ထဲမှ ခပ်ချဥ်ချဥ်တွေးမိသော်လည်း ကျန်းဟောင့်မျက်နှာကမူ ချိုချိုသာသာပြုံးထားဆဲ။ သတိမပေးဘဲ စတင်လိုက်ပြီဖြစ်သည့်တိုက်ပွဲအတွက် ဗျူဟာများကို သူ မကျွမ်းကျင်သေးသော်လည်း တီးမိခေါက်မိတော့ရှိပါသည်။ တစ်ဖက်ရန်သူအမြင်တွင် မိမိက ဘာမှမသိနားမလည်သည့်လူပေါ်ကြော့လေးပဲ ဖြစ်နေရမည်မဟုတ်လား။
"မယ်တော်မိဖုရားကြီးက အရင်မင်းကြီးရဲ့ညီမတော် အရင်းဆိုပေမယ့် အိမ်ထောင်ကျပြီးတော့ တော်ဝင်စည်းကမ်းအတိုင်း နန်းပြင်ထွက်နေခဲ့ရတာ။ နောက် ခင်ပွန်းကွယ်လွန်သွားတော့ သားလေးတစ်ယောက်နဲ့ကျန်ခဲ့တဲ့ညီမတော်ကိုသနားလို့ အရင်မင်းကြီးက နန်းတွင်းထဲပြန်ခေါ်ထားခဲ့တာ။ ပွင့်ပွင့်လင်းလင်းပြောရရင် အိမ်ရှေ့မင်းသမီးနဲ့အရင်မင်းကြီးတို့ သားအဖနှစ်ယောက်ကြားမှာ ကတောက်ကဆလေးတွေ စခဲ့တာလည်း သူပြန်ရောက်ပြီးမှဆိုတော့ အိမ်ရှေ့မင်းသမီးပြည်နှင်ဒဏ်ပေးခံရတာလည်း သူ့ရဲ့စနက်တွေမပါဘူးလို့ တပ်အပ်မပြောနိုင်တဲ့ကိစ္စပါ။ ဒါကြောင့် ရှေ့လျှောက် သူနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာ မင်းသားလေးဘက်က အထူးသတိထားပြီး ဟန်မပျက်နေတတ်ဖို့လိုပါမယ်"
ဝန်ကြီးချုပ်ဟောင်းကြိုတင်သတိပေးလိုက်သည့် စကားများကြောင့်သာ ကျန်းဟောင့် ယနေ့ မယ်တော်မိဖုရားကြီးနှင့်လာတွေ့ရန်အတွက် စိတ်ကိုပြင်ဆင်နိုင်ခဲ့သည်ဟုဆိုလျှင်လည်း မမှား။
"အာ ... အဲဒီနေ့က လုပ်ကြံမှုကြောင့် ကျွန်တော် တအားလန့်သွားလို့လေ .. စိတ်ငြိမ်အောင် တရားထိုင်ကြည့်ဖို့ဆိုပြီး ဆောင်းဟန်ဘင်းက ဘုရားကျောင်းကိုခေါ်သွားပေးတာ"
"ဟုတ်ပါရဲ့ ငါတို့မင်းသားလေးလည်း အတိုက်အခိုက်တွေ များလိုက်တာ။ တော်ဝင်မျိုးနွယ်တွေရဲ့ဘဝကတော့ ဒီလိုပါပဲ ... လူကြီးတွေတောင် တစ်ခါတစ်လေ မွန်းကြပ်လွန်းတယ်လို့ ခံစားရတာ၊ လူငယ်တွေဆိုရင် ပိုဆိုးမှာပေါ့ကွယ်"