" အိုဆယ်ဟွန်းတဲ့ "
" အင်း "
ဂျုံအင် ဓာတ်ပုံကို ကောက်ယူလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ဓာတ်ပုံထဲက ယောက်ျားက အတော်လေး ခန့်ညားပါသည်။အနည်းငယ်တိုတိနေတဲ့ အနက်ရောင်ဆံပင်တွေနှင့် ပြုံးနေသည့် မျက်ဝန်းတွေကြောင့် ပိုပြီး ကြည့်ကောင်းသည်။
" ရော့ "
ဖိုင်တွဲတစ်ခုကိုပါ လှမ်းယူပြီး ထို ဖိုင်တွဲကို ကြည့်ရင်း ဂျုံအင် ကော်ဖီသောက်လည်း မပြတ်ပါ။စာရွက်တွေကို တစ်ရွက်ချင်း လှန်ကြည့်ရင်း နှုတ်ခမ်းတို့က ခပ်ပါးပါးပြုံးသည်။
" တော်တာပဲ "
" သူက အလုပ်များလို့ မင်းအတွက် နည်းလမ်းရှိပါ့မလားတော့ မသိဘူး "
" အဲ့တာက ကိစ္စမရှိပါဘူး .. နောက်မှ ပြန်တွေ့ကြတာပေါ့ ပြီးတော့ မမေ့နဲ့နော် "
လက်မနှင့်လက်ညှိုးကို သုံးကာ အဝိုင်းလေးလုပ်ပြရင်း မျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ မျက်နှာချင်းဆိုင်က လူက ပြုံးပြသည်။ထိုလူကို ကျောခိုင်းပြီး ကော်ဖီဆိုင်ထဲကနေ ဂျုံအင်ထွက်ခဲ့လိုက်သည်။နေကာမျက်မှန်ကို တပ်လိုက်သည်နှင့် အနီးအနားက လူတစ်ချို့က ဂျုံအင်ထံ အကြည့်ပို့ကြသည်။
ဝိုင်နှင့်အရောင်ဆင်သည့် သူ့ဆံပင်တွေကို အချိုးကျစွာ သပ်တင်ထားပြီး ဝတ်ဆင်ထားသည်မှာလည်း တန်ဖိုးနည်းသည့် အဝတ်အစားတို့ မဟုတ်ခဲ့ပါချေ။မဲနက်တောက်ပြောင်နေသည့် လည်သာဘောင်းဘီနှင့် အနက်ရောင် အင်္ကျီတို့ဖြင့် ဆွဲဆောင်မှုရှိနေမှာ သေချာ။
ကားပေါ်ကို တက်လိုက်ပြီးသည်နှင့် အိမ်ကိုပဲ ဦးတည်ကာ ပြန်လိုက်သည်။အလုပ်အသစ်လက်ခံရလာပြီမို့ ဂျုံအင်ခါတိုင်းလို အားမနေတော့။ဒီတစ်ခေါက်အလုပ်က ကြေးမြင့်သည်မို့ အိုဆယ်ဟွန်းဆိုသည့်လူက တစ်ခုခုတော့ တစ်ခုခုပဲ။အတော်ဆုံး ခွဲစိတ်ဆရာဝန်ဖြစ်သည့် ထိုလူက ဘာဇယားတွေကြောင့်များပါလိမ့်နော်။ခဏတော့ တွေးမိသွားပေမယ့် ဂျုံအင််အလုပ်က ဘာကြောင့်လဲ၊ဘာလို့လဲ ဟူ၍ မေးခွန်းထုတ်နေရမည့် အခြေအနေမဟုတ်ပါ။စိတ်တွေကို ပြန်ခေါက်သိမ်းလိုက်ပြီး ကားကို မြေအောက် ကားပါကင်မှာ အကျအနထိုးလိုက်သည်။