Ting Tong ~မုန့်ပို့သည်လူမှလွဲပြီး ဘယ်သူမှမလာသည့် ဂျုံအင်တို့၏ တိုက်ခန်းမှာ လူခေါ်ဘဲလ်မြည်လာသည်မို့ ဂျုံအင်နှင့် ကိုကို တစ်လှည့်စီကြည့်လိုက်မိသည်။ခါတိုင်းလို ကိုကိုကပဲ တံခါးဖွင့်ဖို့ ထသွားဟန်ပြင်လိုက်ပေမယ့် ဂျုံအင်ကပဲ တံခါးဘက်အခြမ်းမှာ ထိုင်နေမိတာမို့ အရင်ထပြီး ဖွင့်ဖို့ကြိုးစားလိုက်တော့သည်။
" ကိုကို ကျွန်တော့်မုန့်တွေ ကုန်အောင် မစားပစ်နဲ့နော် "
လှမ်းအော်ပြောရင်း cctv မှ တဆင့်ကြည့်လိုက်တော့ တံခါးဖွင့်မည့် ဂျုံအင်၏ လက်တွေရပ်တန့်သွားရသည်။
" ဘာဖြစ်လို့လဲ ဂျုံအင် "
" အဲ့တာ .. အဲ့တာ ကိုကို့အမေမလား "
ဂျုံအင် ဒီအခြေအနေကို တစ်ခါမှတွေးမကြည့်ဖူးဘူး။ဂျုံအင် အကြာကြီးကြည့်နေမိတော့ ဘဲလ်သံက ထပ်ထွက်လာသည်။နားမခံသာနိုင်အောင် ဆက်တိုက်တီးနေသည်မှာ တစ်ခုခုကို ဒေါသထွက်နေသကဲ့သို့။
" ကိုယ် အပြင်ပထုတ်သွားလိုက်မယ် "
သူငြိုငြင်ရင် ကိုကိုက အကုန်ရှင်းထုတ်ပေးမယ်ဆိုတာ ဂျုံအင်သိသည်။သို့ပေမယ့် ဂျုံအင် အဲ့လိုမလုပ်ချင်ပါ။ရှောင်လည်းမပြေးချင်။ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုနဲ့ သူကသက်ဆိုင်သူတွေပဲ။
" ဖွင့်ပေးလိုက်ပါ .. ကျွန်တော်တို့အကြောင်း တစ်ခုခုများသိလာလို့လားမှမသိတာ "
သူတို့လျှို့ဝှက်စွာတွဲနေပေမယ့် အဖြစ်နိုင်ဆုံး ခန့်မှန်းချက်ကို ဂျုံအင် ထုတ်ဖော်ပြောရင်း ကိုကို့ကိုကြည့်လိုက်မိသည်။ကိုကိုကတော့ ဂျုံအင်ကိုပဲ စိုးရိမ်စွာကြည့်ပါ၏။ညဝတ်အင်္ကျီအညိုလေးနဲ့ ဂျုံအင်က အမြင်ရိုင်းစရာတော့ဖြစ်မနေဘူး ထင်တာပဲ။အင်္ကျီသွားလဲလိုက်ရမလား။အတွေးများနေတုန်း တံခါးက ပွင့်သွားလေသည်။
" ဦးနှောက်မရှိတဲ့ သားမိုက် "
ကိုကို့ပါးပေါ် ကျသွားတဲ့ လက်ဝါးဆီမှအသံက တော်တော်ကျယ်သည်။အရပ်ရှည်သည့်ကိုကို့ကို လက်မြောက်ကာ ရိုက်လိုက်သည်တောင် အားကတော်တော်ပါသည်။ကိုကိုက ဘာမှမပြောဘဲ ငြိမ်နေချိန် ကိုကို့မေမေက ကိုကို့ကိုတွန်းဖယ်ကာ အကြောင်သားရပ်နေတဲ့ ဂျုံအင်ဆီကို အမြန်လျှောက်လာသည်။