" တီ တီ တီ တီ "ဂျုံအင် လျှို့ဝှက်နံပါတ်ကို ရိုက်ပြီး တိုက်ခန်းထဲ ဝင်ခဲ့တော့ မနက်တောင်လင်းခါနီးနေပြီဖြစ်သည်။ဂျုံအင်ကို ဆေးရုံကုတင်ပေါ် ဆွဲခေါ်ထားသည့်လူကြောင့် တစ်ရေးအိပ်ပျော်သွားခဲ့ခြင်း။
ကိုကိုမသိအောင် ခြေကိုဖွလျှောက်ရင်း အခန်းထဲဝင်ခဲ့လိုက်တော့ ကိုကိုက အေးအေးချမ်းချမ်းပဲ အိပ်ပျော်နေသည်မို့ သက်ပြင်းဖွဖွချလိုက်မိပါ၏။ကိုကိုက ဘာအပြစ်မှ ပြောမှာမဟုတ်တာတောင် သူက ဘာလို့ ကြောက်နေတာပါလိမ့်။
ဂျုံအင် ရေချိုးချင်နေပေမယ့် အသံကြားရင် ကိုကို နိုးသွားမှာ စိုးရိမ်တာကြောင့် အင်္ကျီပဲ အရင်လဲလိုက်တော့သည်။ပြီးမှ အိပ်ခန်းထဲက ပြန်ထွက်ရင်း ရေခဲသေတ္တာဆီ လျှောက်လာခဲ့လိုက်သည်။ဆယ်ဟွန်းနှင့်အတူတူ ညလယ်စာစားခဲ့ပြီမို့ ဗိုက်ဆာမနေ။တစ်ခုခုကိုပဲ သောက်ချင်စိတ်ဖြစ်နေသည်။
" အာ ဝိုင်သောက်စရာရှိတာပဲ "
ဂျုံအင် ရေရွတ်ရင်း ဝိုင်ထားသည့် ဘီရိုကိုဖွင့်လိုက်ချိန် မနေ့က စောစောပြန်လာခိုင်းသည့် ကိုကို့စကားကို သတိရလိုက်မိသည်။
" ဘာပြောစရာရှိလို့လဲမသိဘူး .. ဝိုင်တူတူသောက်ဖို့အတွက်ပဲ ပြောတာများလား "
တွေးစစပြောရင်း ကိုကိုလက်ဆောင်ဝယ်လာသည့် ဝိုင်မဟုတ်ဘဲ တခြားဝိုင်ပုလင်းကို ရွေးလိုက်သည်။ထိုဝိုင်ပုလင်းကိုတော့ ကိုကိုနဲ့ အတူသောက်ဦးမှပါ။
ဂျုံအင် ဝိုင်ခွက်လေးကို ကိုင်ပြီး ဝရံတာကို ထွက်ခဲ့လိုက်သည်။လေအေးတွေ တိုက်နေသည့် ဝရံတာကိုရောက်တော့ ဝေလီဝေလင်းအချိန်။ဝိုင်ကိုမော့သောက်မိတော့ ဆေးရုံခန်းထဲက အိုဆယ်ဟွန်း၏ နှုတ်ခမ်းတွေကို သတိရမိသည်။ဂျုံအင် ဟန်မဆောင်နိုင်စွာ ပြုံးမိပြန်၏။အိုဆယ်ဟွန်းက နမ်းတဲ့နေရာမှာလည်း ဆရာပဲ။
" သူ့ကို အသည်းခွဲရမှာ နှမြောဖို့တော့ ကောင်းသား "
ထိုင်ခုံပေါ်ခြေထောက်တင်ထိုင်ကာ ထိုခြေထောက်တွေကို လက်နဲ့ပိုက်လိုက်ရင်း ခပ်ကျုံကျုံ့ပြောင်းထိုင်လိုက်သည်။ဂျုံအင်က သေလောက်အောင် သဘောကျနေခဲ့ရင်တောင်မှ အိုဆယ်ဟွန်းကို လမ်းခွဲဖို့လိုသည်။ဒီရက်ပိုင်းအတွင်းမှာ ဂျုံအင်ဆီမှာ အိုဆယ်ဟွန်းပြိုလဲနေအောင်လုပ်ပြီးရင် လမ်းခွဲရမည်။ဒါပေမယ့် အိုဆယ်ဟွန်းက သူ့ကို တကယ်ရော ချစ်နေရဲ့လား။သူကသာ အိုဆယ်ဟွန်းဆီမှာ အလဲလဲအပြိုပြို။အိုဆယ်ဟွန်း၏ မျက်ဝန်းတွေက ယုံချင်စရာတော့ ကောင်းပါ၏။ဂျုံအင်ဆီမှာ ပျော်ဝင်နေတဲ့ အချစ်မျက်ဝန်းလှလှလေးတွေလေ။