" ကိုယ် ဘာဝယ်လာလဲ ဂျုံအင်နီ ကြည့် ကြည့် "ကိုကိုက ခရီးဆောင်အိတ်ကို ဖွင့်နေရင်းမှ ရပ်ကာ ဂျုံအင်ထံ အိတ်တစ်အိတ်လှမ်းပေးသည်။ဂျုံအင်က ကုတင်ပေါ်ထိုင်နေတာ ဖြစ်ပြီး ကိုကိုက ကုတင်ဘေးမှာ အိတ်ကို ဆက်ဖွင့်နေသည်။
" ဝိုင်ပဲ "
ဂျုံအင်နှင့်ကိုကိုက ဝိုင်ကြိုက်တာချင်းတူကြသည်မို့ ကိုကိုက ခရီးသွားတိုင်း သတိတရဝယ်လာတတ်၏။ဝိုင်မှမဟုတ် အမှတ်တရ ပစ္စည်းတစ်ခုမဟုတ်တစ်ခုတော့ အမြဲပါသည်သာ။
" ကြိုက်ရဲ့လား ဂျုံအင်နီ "
" အင်း ခုတောင်သောက်ချင်သွားပြီ "
" မနက်ဖြန် သောက်ကြတာပေါ့ "
ဂျုံအင်သဘောရိုးဖြင့် ခေါင်းညိတ်မိသည်။ဂျုံအင်စိတ်ထဲမှာ ဘာအတွေးမှလည်းရှိမနေပေ။ကိုကိုကတော့ ဂျုံအင်ကို ကြည့်ပြီး ပြုံးသည်။ကိုကို့အပြုံးက အမြဲတမ်း တည်ငြိမ်အေးဆေးသည်။တစ်ဆက်တည်း အိုဆယ်ဟွန်းကိုတောင် ပြေးမြင်မိသွားသည်မို့ ဂျုံအင် ဝိုင်ပုလင်းကို ခပ်တင်းတင်းပိုက်လို့ အတွေးထဲမှ မောင်းထုတ်လိုက်ပါ၏။
" ကိုယ် မနက်ဖြန်ခွင့်ရထားတယ် .. ဂျုံအင်နီ ဘယ်သွားချင်လဲ "
" မသွားချင်ပါဘူး .. ကိုကို အိမ်မှာပဲ အေးဆေးနားလေ ခရီးပန်းလာတာ "
ဂျုံအင် အလိုက်တသိလေးပြောတော့ ကိုကိုက ဂျုံအင်အနားလာထိုင်ပြီး ပွေ့ဖက်ပါ၏။ဂျုံအင်မှာ ဝိုင်ပုလင်းပိုက်လျှက်သားလေးဖြင့် ကိုကို့လက်မောင်းတွေကြားထဲ ခပ်လျော့လျော့လေး မှီထိုင်လိုက်ရသည်။
" ကိုယ်မှာ မင်းကို ချစ်လွန်းလို့ နေစရာကိုမရှိပါလား "
" လျှော့ချစ်ပါဦး .. ကျွန်တော့်ကို အကုန်မချစ်လိုက်နဲ့ "
" အင်းပါ .. ကိုယ့်အချစ်တွေကို တစ်ခြားတစ်ယောက်အတွက် ချန်ထားလိုက်မယ် "
" အင်း ချန်ထားလိုက် အများကြီးချန်ထားနော် "
ဂျုံအင်စနောက်ပြောတော့ ကိုကိုက ရယ်သည်။တကယ်တော့ ရယ်စရာမပါပေ။ကိုကို့အပေါ်မှာ သူသိပ်လွန်နေပါပြီ။ခါတိုင်းမခံစားရတဲ့ အားနာစိတ်တွေကလည်း အိုဆယ်ဟွန်းနဲ့အတူအိပ်ပြီးကတည်းက အလုံးအရင်းဝင်လာတတ်သည်။သို့သော်လည်း ကိုကို့ရင်ခွင်ထဲကနေ ရုန်းထွက်ခြင်းမပြုဘဲ ငြိမ်နေခြင်းအားဖြင့် အလိုက်တသိနေပေးမိသည်။