" ဘယ်နေရာမှာ အလုပ်လုပ်နေတာဖြစ်လောက်မလဲ "
ညမိုးချုပ်နေသည့်တိုင် သက်ဝင်လှုပ်ရှားနေသည့် ဆေးရုံကို ဂျုံအင်မော့ကြည့်ကာ ရေရွတ်လိုက်သည်။နာမည်ကြီးဆေးရုံဖြစ်သည့် အလျောက် လူနာလည်းများ၏။ဂျုံအင် zip-up hoodie ကို ခေါင်းစွပ် စွပ်ကာ အိတ်ထောင်ထဲ လက်ထည့်ရင်း ခဏရပ်နေမိသေးသည်။အရေးပေါ်ဌာနမှာ လူတွေပြေးလွှားနေတာကို မြင်ရသည့်တိုင် သူကတော့ အေးဆေးနေ၏။
" ကိုယ့်ကို လာတွေ့တာလား "
အနောက်မှ ကြားလိုက်ရသည့်အသံကြောင့် ဂျုံအင် လန့်ပြီး ထတောင်ခုန်မိမတတ်။ခုနကထိ ဂျုံအင်ရပ်နေတဲ့ နေရာနားမှာ ဘယ်သူမှမရှိဘူးလေ။နောက်ကို လှည့်ကြည့်လိုက်တော့ အိုဆယ်ဟွန်းဖြစ်သည်။အလုပ်ဆင်းလာပုံရပြီး အနည်းငယ်ပင်ပန်းနွမ်းနယ်နေပေါ်သည်။
" မဟုတ်ပါဘူး .. အိမ်နဲ့နီးလို့ လမ်းလျှောက်ထွက်လာရုံပဲ ခုပြန်တော့မှာ "
" ကိုယ်ကတော့ မင်းကို တွေ့ချင်နေခဲ့တာ .. လက်ကရော သက်သာသွားပြီလား "
ဂျုံအင် သက်သာသွားပြီဖြစ်တဲ့လက်ကို အိုဆယ်ဟွန်းဆီ အရင်လှမ်းပြလိုက်သည်။ပြီးမှ စကားတစ်ခွန်းကိုပြောလိုက်တော့သည်။
" ကျွန်တော် ခင်ဗျားကို စိတ်မဝင်စားဘူး "
ဂျုံအင် ပြတ်သားစွာပြောတော့ ထိုလူက ရယ်ပြန်သည်။ဂျုံအင်အနားကို နီးကပ်အောင် လျှောက်လာသည်။တိုစိပ်စပ်ဆံပင်အနက်တွေရယ်၊လျှာဖြင့်ခပ်ဖြည်းဖြည်းသပ်လိုက်တဲ့ ပန်းနုရောင် နှုတ်ခမ်းရယ်က ဂျုံအင်ကို အကြည့်မလွဲချင်အောင်ပြုမူနေသည်။
" ပြန်တော့မယ်ဆို .. ကိုယ်နဲ့အတူ မင်းအိမ်အထိ လမ်းလျှောက်ရအောင် "
" ဘာကိစ္စလဲ "
" မင်းအနားမှာ နေရတာ အေးချမ်းတယ် "
ဒီတစ်ခါတော့ ဂျုံအင် အော်ရယ်မိတော့သည်။ဂျုံအင်က ကိုယ့်ကိုယ်ကိုယ် မီးတောက်တစ်ခုလိုပဲသတ်မှတ်သည်။အမြဲတမ်း မှန်ရှေ့မှာရပ်ပြီး ဆံပင်သပ်တင်လိုက်သည့်အခါ ခပ်တည်တည်မျက်နှာထားဖြင့် ဂျုံအင်ဟာ ဘယ်သူ့အတွက်မှ အေးချမ်းရာဖြစ်စေမှာ မဟုတ်မှန်း အချိန်တိုင်းသတိထားမိခဲ့ပါသည်။