92-ချန်းသန်းနတ်ကွန်းမှ အတောမသတ်နိုင်သော အလင်းများဖြင့် တောက်ဖြာရစ်ဝဲခဲ့သော တစ်ည

1.2K 160 8
                                    

|| ချန်းသန်းနတ်ကွန်းမှ အတောမသတ်နိုင်သော အလင်းများဖြင့် တောက်ဖြာရစ်ဝဲခဲ့သော တစ်ည [ အပိုင်း ၂ ] ||

မီးပုံး အလုံး သုံးထောင် !

အားလုံး တိတ်ဆိတ်နေကြပြီး ရုတ်ခြည်းဆိုသလို ဒီလှိုင်းတွေလို အုတ်အော်သောင်းတင်းတွေ ဖြစ်ကုန်ကြတယ် ။

မည်သူမျှ မဆိုထားဘိ တောင်ကြီးတစ်လုံးလို ခိုင်မာမြဲမြံစွာနဲ့ ထိပ်ဆုံးက အမြဲ ရပ်တည်နေခဲ့တဲ့ ရှန်ဝူနန်းဆောင် တောင်မှပဲ ကျုံးချိုးပွဲတော် ညစာစားပွဲ တစ်ညမှာ မီးပုံးအလုံး သုံးထောင် ဘယ်တုန်းကမှ မရခဲ့ဖူးဘူး ။ ဘယ်သူမှ ဒီအရေအတွက်ကို မမျှော်မှန်းရဲတာ အမှန်ပဲ ။ တစ်ထောင်ဆိုရင်တောင် ပြောဖို့ ဝန်လေးစရာဖြစ်နေပြီ သုံးထောင်ဆိုတော့ ဒါက သမိုင်းတလျှောက် တစ်ခါမှ မကြားဘူးလို့ နားဝမှာ မရှိခဲ့သလို အခြား ထိပ်ပိုင်း နတ်မင်းတွေတချို့ရဲ့ အရေအတွက်တွေ ပေါင်းလိုက်တာထက်ကို များနေသေးတယ် !

အဲဒီအချိန် တဒင်္ဂမှာ အခြားသော နတ်မင်းအပေါင်းဟာ ဘယ်လောက်တောင် မယုံနိုင် ဖြစ်နေကြလဲဆိုတာ မှန်းကြည့်လို့ရနိုင်ပြီး တချို့က ထုတ်တောင်ပြောလာကြတယ် ။

" ဒါ မှားတာနဲ့တူတယ် !"

" ဒါ ရေတာ မှားတာနေမှာ ..."

ဒါပေမဲ့ အဲဒီ ကြေညာသူ နတ်မင်းဟာ ကျုံးချိုးပွဲတော်ရဲ့ မီးပုံးပြိုင်ပွဲ အတွက် နှစ်ပေါင်းများစွာ ရေတွက်လာခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှ မှားယွင်းမှုဖြစ်ခဲ့တယ် ပဲထားဦး အဲဒီ ထူးထူးကဲကဲ များပြားစွာ လှိုင်ထွက်လာတဲ့ တစုတစည်းတည်းသော အလင်းရောင်တွေကို ကြည့်တာနဲ့တင် ခြေလှမ်းတစ်သောင်းလောက် နောက်ဆုတ်ပြီး ရေရင်တောင် ဒီအရေအတွက်က မှားနိုင်စရာအကြောင်းမရှိဘူးလေ ။ တကယ်လို့ မှားခဲ့တယ်ဆိုရင်တောင် လျော့ရေမိတာပဲဖြစ်မယ် ပိုရေမိတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ဒါကြောင့် အခြားသော နတ်မင်းတစ်ပါးက ပြောတယ် ။

" ဒီမီးပုံးတွေက ကောင်းချီးဆောင်ကျဉ်း ထာဝရအလင်း မီးပုံးအစစ်တွေရော ဟုတ်ရဲ့လား ? သာမန်မီးပုံးတွေပဲနဲ့တူတယ် ?"

ထျန်းကွမ်းစစ်ဖူ (volume 3 Unicode)Where stories live. Discover now