ဝိန္ဒနှင့် နရာခမန်းသည် အမဲလိုက်ဖို့ ပြင်ဆင်နေသော ရှင်ခွန်လောင်ကို ဘေးမှ ရပ်ကြည့်နေရလေသည်။ ဟာရာမော့နယ်စားပြန်သွားကတည်းက ၃ ရက်မြောက်နေ့အထိ ရှင်ခွန်လောင်က မနက်ဆို မြင်းစီးကာ ထွက်သွားပြီး ညနေစောင်းမှ ပြန်လာသည်။ အမဲလိုက်ထွက်သည်ဟုဆိုသော်လည်း တစ်နေ့မှ သားကောင်ပါလာတာကို မတွေ့ရချေ။
နရာခမန်းနှင့် ဝိန္ဒကသာ အလှည့်ကျ တောလိုက်ထွက်ရလေသည်။ ရှင်ခွန်လောင်က မည်သည်ကိုမှ မပြောဘဲ ပြုံးတုံ့တုံ့ဖြစ်နေလေသည်။ ထို့ကြောင့် သူတို့ ၂ယောက်ကလည်း ဆိတ်ဆိတ်နေဖို့သာ ရွေးချယ်လိုက်သည်။ တိုင်းပြည်ပလ္လင်ပေါ်မှာထိုင်နေစဉ်က သုန်မှုန်နေတဲ့ ရှင်ခွန်လောင်ထက် ယခုရှင်ခွန်လောင်က ပိုပျော်နေပုံပေါက်တာကြောင့် ဖြစ်သည်။
" ဒီနေ့လည်း ကျွန်တော်မျိုးတို့ လိုက်ဖို့မလိုတာသေချာပါရဲ့လား အရှင် "
နရာခမန်းက မေးလိုက်သည်။" ကိုယ်တော် တစ်ယောက်တည်း သွားပါရစေ။ ဒီနေ့တော့ မင်းတို့ ၂ယောက်ကို ခိုင်းစရာရှိတယ်။ ဟာရာမော့မြို့ထဲသွားပြီးတော့ ပယင်းလက်ဝတ်ရတနာတွေကို ဝယ်ခဲ့စမ်းပါ၊ အရောင်စုံပြီး တောက်ပလေလေ ပိုကောင်းလေလေပဲ "
ဝိန္ဒနှင့် နရာခမန်းက ပဟေဠိဖြစ်သွားကြလေသည်။ ရှင်ခွန်လောင်ကလည်း မြင်းစာကျွေးနေပြီး သူတို့ကို မည်သည့်စကားကိုမှ ထပ်မပြောတော့ပေ။ ထို့ကြောင့် သူတို့လည်း ဟာရာမော့မြို့ထဲသွားကာ ပယင်းလက်ဝတ်ရတနာအဝယ်ထွက်ရလေသည်။
သို့သော်လည်း သူတို့ ၂ယောက်စလုံးက စစ်ရေးမှာသာ တစ်ဖက်ကမ်းခတ်ပေလိမ့်မည်။ လက်ဝတ်ရတနာဆိုလျှင် ပြောင်ပြောင်လက်လက် ဝါဝါဝင်းဝင်းဆိုသာ နားလည်တာကြောင့် လက်ဝတ်ရတနာဆိုင်မှာ အခက်တွေ့နေလေသည်။ ထို့ကြောင့် သူတို့ ၂ယောက် ဈေးထဲမှာ လမ်းခွဲကာ လက်ဝတ်ရတနာအဝယ်ထွက်ရလေသည်။
နရာခမန်းက မိန်းမငယ်လေးတွေအများကြီးဝင်ထွက်နေတဲ့ ဆိုင်တစ်ခုကို ဝင်သွားလေသည်။ သူ့ပုံစံက တောရိုင်းကောင်ကြီးလို တောင့်တင်းကြီးမားနေတာကြောင့် မိန်းမပျိုလေးတွေက ကြောက်လန့်ကာ ထွက်ပြေးကြလေသည်။
YOU ARE READING
ယမုံနာမြစ်ကမ်းနံဘေးက ချစ်ပန်းကလေး
Romanceကရဝီပြည့်ရှင် ရှင်ခွန်လောင်က သူ၏ နလုံးသည်းပွတ်လေးအား ဤသို့ မိန့်ဆိုဖူးသည်။ " ကိုယ်တော့်အတွက် မင်း မသိလိုက်တဲ့ တစ်ခုတည်းသော နိဗ္ဗာန်က မင်းနဲ့အတူနေရခြင်း ဖြစ်တယ် ။ ကိုယ်တော်သာ ဗာဟီရဝါဒီဖြစ်ခဲ့မယ်ဆိုရင် မင်းက ကိုယ်တော်ရဲ့ နေရောင်ခြည်လေး ဖြစ်ပေလိမ့်မယ်...